Monthly Archives: Aug 2022

တနင်္သာရီမြို့ ကော့မပြင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက ဒေသခံ ရွာသားတွေကို ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကော့မပြင်းကျေးရွာတွင် ဖြစ်ပွားနေသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဒေသခံများကိုဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် စတင်ခဲ့သော တိုက်ပွဲသည် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ အထိ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံထံက သိရသည်။

“ တိုက်ပွဲက နှစ်ဖက် ပြင်းထန်နေတဲ့ အခြေအနေ ရှိနေသေးပါတယ်။ စစ်တပ်က ရွာကို ခြေကုပ်ယူထားတော့ ရွာသားတွေ ထွက်ပြေးနေရသလို သူတို့ဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာမျိုးတွေ ဆက်တိုက်လုပ်နေတယ်” ၎င်းက ပြော သည်။

လက်ရှိတွင် တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုများရှိနေသည့်အပြင် ဒေသခံရွာသား နှစ်ဦးကိုပါ စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ဦး ခေါင်းဖြတ် သတ်ဖြတ်ထားကြောင်း ဆိုသည်။

ရွာသား တချို့သည်လည်း ဖမ်းဆီးခံထားရပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် ပြုလုပ်ခံထားရကြောင်း ဘက်မလိုက်ပြောက်ကျား တပ် ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ဘက်မလိုက်ပြောက်ကျား၊ တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေး အင်အားစု (SWDF) တို့ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကာ စကစ ဘက်မှ နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဆိုသည်။

တိုက်ပွဲကြောင့် ကော့မပြင်း၊ ရေပူ၊ သဘောနံ၊ သိန္ဓေနှင့် ဘန်းပြည့်ရွာတို့ရှိ ဒေသခံ ပြည်သူ ၅၀၀ နီးပါးသည်လည်း ဘေးလွတ်ရာဥယျာဉ်ခြံနှင့် အနီးနားရှိ ရွာတချို့သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ mizzima

ကသာ၊ ဘန့်ဘွေးကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ဦးသေဆုံး၊ တိုက်လေ ယာဉ်ဖြင့် ဗုံးလာကျဲစဉ် ကိုယ့်လူကိုယ်ပေါ် ကျပြီး စစ်သား ၈ ဦးထပ်သေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ(ရွာဟောင်း) တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၄ ဦးသေဆုံးပြီး တိုက်လေယာဉ်များဖြင့် ဗုံးလာကျဲစဉ် ကိုယ့်လူကိုယ်ပေါ် ပြန်ကျပြီး စစ်သား ၈ ဦး ထပ်မံ သေဆုံးကာ စုစုပေါင်း ၄၂ ဦးသေဆုံးသွားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ကသာ ပကဖ ပြန်ကြားရေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ကသာမြို့နယ် အရှေ့ဘက်ကမ်း၊ ဘန့်ဘွေးကုန်း ကျေးရွာတွင် တပ်စွဲထားသော ငါးအိုး ၁၂၁ တပ်ကို မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသည့် KIAရင်း-၁၂ လက်အောက်ခံ KachinPDF ၊ ကသာမြို့နယ် ပကဖ၊ တိုက်နယ်၊ရပ်ကျေး ပကဖများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ကြာချိန် (၂)နာရီကျော်ကြာမြင့် ခဲ့ပြီး စစ်ကောင်စီတပ်များ ရွာတွင်း ပိတ်မိနေသောကြောင့် ကသာမြို့ စစ်တပ် ၃၀၉ တပ်က ၁၂၀ မမ ဖြင့် ဧရာဝတီမြစ်ကို ကျော်၍ ပစ်ကူပေးခဲ့ကြောင်း၊ ယင်းနောက် မြစ်ကြီးနားမှ ဂျက်ဖိုက်တာ(၂)စီးဖြင့် ဘန့်ဘွေးကုန်း ရွာကို နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးလာကျဲချကြောင်း၊ သိရှိရသည်။

မြေပြင်မှ ပြည်သူများနှင့် ရှေ့တန်းရဲဘော်များ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးကြောင်း၊ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကျဲစဉ် သူ့တပ်ပေါ် သူပြန်ကျပြီး ၈ ဦးသေဆုံးကြောင်း၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘန့်ဘွေးကုန်း ဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့် အလောင်းများ သယ်ယူနေပြီး လှေပေါ်တွင် ပုံထပ်နေကြောင်း သိရှိရသည်။

“အဲဒီရွာ ဘန့်ဘွေးကုန်း က ရွာဟောင်းဗျ။ ပြည်သူတွေ က အရင်ကတည်းက အဲဒီမှာ သိပ်မနေဘူး။ မနက်၅ နာရီ ၃၀ မိနစ်မှာ ကိုယ့်ဘက်က စပြီးလက်နက်ကြီးနဲ့ထုတာ။ တိုက်ပွဲ ကြာချိန်က ၃ နာရီ ၃၀ မိနစ်ကြတယ်။ သူတို့လူတွေ ပိတ်မိနေတော့ ကသာ ၃၀၉ တပ်ကလည်း ၁၂၀ မမနဲ့လှမ်းထုတယ်။ သူတို့လေယာဉ်နဲ့မှားပစ်တာက ရွာပြင်မှာ PDF တွေ ပြန်လာမယ်အထင်နဲ့ ကင်းပုန်းဝပ်နေတဲ့ သူတို့လူတွေကို သူတို့ ဗုံးပြန်ကျဲတယ်။ အဲဒီ စစ်ကြောင်းက စုစုပေါင်း ၄၈ ကောင် အဲ့ရွာထဲဝင်သွားတာ။ အခု စက်လှေပေါ်ပါသွားတာ အရှင် ၆ ကောင်ပဲပါသွားတယ်လို့ မြေပြင်ကအတည် ပြုတယ်။ ၄၂ ကောင်သေတာပေါ့။ ကျွန်တော်တို့တပ်ပေါင်းစုကလည်း အတော်ဗျင်းထားတာကောပါတယ်။ ဒီနေ့ လက်လုပ် Mytel လျှော့ပြောင်းတွေကော ခွေးစာကျွေးကြတယ်” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ကသာ ပကဖမှ ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။khit thit

မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ မိုင်းခွဲခံရ၍ ၃ဦးသေ ၈ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း မတ္တရာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည့် နတ်ဆိုးအဖွဲ့၏ တာဝန်ခံ ဗိုလ်နတ်ဆိုးထံမှ သိရသည်။

မတ္တရာမြို့အရှေ့ဘက် ခုနစ်မိုင်အကွာရှိ ဇီးဖြူပင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အင်အား၂၇ဦးကို စလစ်မိုင်းအမျိုးအစားဖြင့် မိုင်းခွဲတိုက်ခိုက်ခဲဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အကုန်လုံး ခြေကျင်ကွက်ကြိုကွက်ကြား ထွက်လာကြတာ၊ ရွာတွေ အဆင့်ဆင့်ဖြတ်လာပြီး ဇီးဖြူပင်ရွာနား မရောက်ခင် မိုင်းကွင်းနားမှာ သူတို့နားနေချိန် ခွဲတာ၊ အနီးဆုံးတစ်ယောက်ကတော့ အကုန်တစ်စစီဖြစ်သွားတယ်၊ ကျန်နှစ်ယောက်လည်း သေတယ်၊ ရှစ်ဦးကတော့ ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရလို့ အော်ဟစ်သံတွေလည်းကြားရတယ်။ သူတို့(စစ်ကောင်စီတပ်သား)တွေလည်း ကြောင်ပြီးချက်ချင်းပြန်မပစ်နိုင်ဘူး” ဟု နတ်ဆိုးအဖွဲ့၏ တာဝန်ခံ ဗိုလ်နတ်ဆိုးက မဇ္ဈိမကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် လက်နက်ချင်းမမျှသဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းမျိုးမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါစစ်ကောင်စီတပ်သည် ဇီးဖြူပင်ကျေးရွာနှင့် သုံးမိုင်အကွာရှိ ကင်းကျေးရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့နေ့လယ်တွင် မတ္တရာမြို့သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်သားများ မကြာခဏဆိုသလို စစ်ကြောင်းထိုးကာ ဒေသခံများကို စစ်ကြောင်းနှင့်အတူ ချောဆွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။

“လက်နက်အပြည့်အစုံကိုင်ထားပြီး ပြည်သူတွေကို ချောဆွဲတာမျိုးကို မလုပ်ဖို့ စစ်ကောင်စီတပ်ကို ပြောချင်ပါတယ်၊ လက်နက်ကိုင်အချင်း ချင်းပဲ ရင်ဆိုင်ပါ၊ သရဲဘောကြောင်တာမျိုးတွေ မလုပ်ပါနဲ့” ဟု ဗိုလ်နတ်ဆိုးက ပြောသည်။

နတ်ဆိုးအဖွဲ့အနေဖြင့် နောက်ပိုင်းတိုက်ခိုက်မှုများတွင် မိုင်းဆွဲတိုက်ခိုက်ယုံသာမကဘဲ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖော်ဆောင်မှုများပါ လုပ်ဆောင်သွားမည်ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့်ပတ်သက်သမျှကို အပြင်းအထန် တွန်းလှန်တိုက်ထုတ်နေပြီး စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အေးချမ်းစွာ ခိုလှုံကြရန် နတ်ဆိုးအဖွဲ့က သတိပေးထာသည်။ mizzima

ပုလဲနှင့်မြိုင်မြို့နယ် အစပ်တွင် စစ်တပ် စစ် ကြောင်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့ နှင့် မကွေးတိုင်း မြိုင်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် PRA (ပြည်သူ့တော်လှန်ရေး တပ်မတော်) က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း PRA တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလဲနှင့် မြိုင်အစပ်ကို လေယာဉ် ၄ စီးဖြင့် လာချသွားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး PRA တပ်ဖွဲ့က ယင်းစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁ ဦးသေဆုံး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ပုလဲမြို့ နှင့် မြိုင်မြို့ နယ် အစပ်ရှိ ကျေးရွာ ၈ ရွာကျော်ခန့်မှ စစ်ဘေးရှောင် ပြည်သူ ၄၀၀၀ ခန့်အတွက် အစားအသောက်နှင့် ရိက္ခာပစ္စည်းများ လိုအပ်လျက်ရှိ​ပြီး PRA တပ်ဖွဲ့မှလည်း ဆေး နှင့် စားစရာများ ကူညီ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ khit thit

စမတ်ဖုန်းဈေးကွက်တွင် ဒေါ်လာပေါက်ဈေးပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်းခန့် ဈေးတက်

နေပြည်တော်အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ စမတ်ဖုန်းဈေးကွက်မှာ ဒေါ်လာပေါက်ဈေးပေါ် မူတည်ပြီး ၂၀ ရာခိုင်နှုန်းလောက် ဈေးတက်နေတယ်လို့ သိရပါတယ်။

အခု ဩဂုတ်လဆန်းပိုင်းလောက်က စတင်ပြီး စမတ်ဖုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ဈေးတွေ မြင့်တက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်အတွင်းက ၁ သိန်းကျော်ကျော်သာရှိခဲ့တဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေကို အခုအချိန်မှာ ၁ သိန်း ၆ သောင်း၊ ၇ သောင်းလောက် အထိ ဈေးပေးပြီး ဝယ် ယူနေရတာလည်းဖြစ်ပါတယ်။

“ဖုန်းဈေးတွေက အခုတော့ ပြန်ငြိမ်သွားပါပြီ။ ငြိမ်သွားတယ်ဆိုတာ အမြင့်ဈေးမှာ ငြိမ်နေတာကို ပြောတာ။ အမတို့ဆိုင်မှာ ပြီးခဲ့တဲ့လတုန်းက ‌Redmi 9A ကို ၂ သိန်းကျော်နဲ့ ရောင်းတာ၊ အခု ၂ သိန်း ၆ သောင်း ၉ ထောင်နဲ့ ရောင်းနေတယ်” လို့ နေပြည်တော်ပျဉ်းမနားက မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ ဆမ်ဆောင်း၊ Techno၊ Oppo၊ Vivo အစရှိတဲ့ ဖုန်းတွေကို အမေရိကန်တဒေါ် လာ ကျပ်ငွေ ၃၅၀၀ နီးပါး မရောက်မချင်း  လက်ရှိပေါက်ဈေးအတိုင်း ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

“ဒေါ်လာဈေးပေါ် မူတည်ပြီးတော့ ဈေးတွေက ပြောင်းနေတာပေါ။ Authorized တင်သွင်းလာတဲ့ Brand တွေကတော့ လတ်တလောမှာ တည် ငြိမ်သွားပြီ။ ဒေါ်လာဈေး ၃၅၀၀ လောက်ရောက်ရင်တော့ တမျိုးပေါ့” လို့ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်သူက ပြောပါတယ်။

အခုလို စမတ်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ဈေးမြင့်တက်လာရခြင်းဟာ အခြားကုန်ပစ္စည်းတွေလို ဈေးကစားတာတွေကြောင့် မဟုတ်ဘဲ ကျပ်ငွေတန်ဖိုး အလွန်အမင်း ကျဆင်းလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ DVB

ကြံခင်းမြို့နယ် ရိုးမပေါ်စစ်ကြောင်းထိုးရင်း စစ်ကောင်စီတပ်သား အမောဆို့သေဆုံး

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အနောက်ဘက် ရခိုင်ရိုးမပေါ်စစ်ကြောင်းထိုးရင်း စစ်ကောင်စီတပ်သားတစ်ဦး သြဂုတ်လ ၁၇ ရက်နေ့က အမောဆို့ကာ သေဆုံးခဲ့သည်ဟု ဒေသခံများထံကသိရသည်။

ကြံခင်းမြို့နယ်၊ပေါက်နွယ်စမ်းအုပ်စုနှင့် ပိုးစုကြီးအုပ်စု အနောက်ဘက် တောင်ခြေနေရာများအား စစ်ကောင်စီတပ်သား ၁၀၀ကျော်ခန့်ဖြင့် စစ်​ကြောင်းထိုးရှာဖွေနေစဥ် အမောဆို့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“PDF တွေရှိတယ်ထင်ပြီး စစ်ကြောင်းထိုးရှာတာကနေ အမောဆို့သေတာပါ၊ သေတဲ့ စစ်သားက နေမကောင်းဖြစ်နေတဲ့ကြားထဲက လိုက်လာရတော့ အမောဆို့သွားတာလို့ကြားတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းအား ပေါက်နွယ်စမ်းအုပ်စု ၊စပါးအိုးအနောက်ရွာသို့ စစ်ကောင်စီတပ်များက ပြန်လည်သယ် ဆောင်လာပြီး နာရေးကူညီမှုကားတစ်စီးဖြင့် တင်ဆောင်သွားသည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကြံခင်းမြို့နယ် အနောက်ဘက် ရခိုင်ရိုးမပေါ်တွင်စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်များပြန်လည်ထွက်ခွာသွားကြပြီ ဖြစ် ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ mizzima

မန္တလေးတွင် အမျိုးသားတစ်ဦး ဈေးအနီး ပစ်သတ်ခံရ

ယနေ့ (ဩဂုတ် ၂၂) နံနက် ၇ နာရီခန့်က မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု မြို့ခံများထံမှ သိရသည်။

၁၃၄ လမ်း (၆၁ လမ်းနှင့် ၆၂လမ်းကြား) တွင် အသက် ၅၀ ဝန်းကျင်လူတစ်ဦး သွေးအိုင်ထဲ လဲကျ သေဆုံးနေကြောင်း၊ သေဆုံးသူသည် (ည) ရပ်ကွက်နေ မြေပွဲစား ဦးစိုးနှင်းဖြစ်သည်ကို နောက်ပိုင်းတွင် သိရကြောင်း၊ စက်မှုဈေးတွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းထိမှန်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘာလို့သတ်တယ်တော့ မသိဘူး။ နောက်ကနေ ပစ်သတ်သွားတာလို့ ပြောတယ်။ အခု အလောင်းကို လူမှုရေးကားနဲ့ တင်သွားပါပြီ” ဟု ထိုအမျိုးသမီးက ဆိုသည်။

ဒေသခံနောက်တစ်ဦးကလည်း အလားတူ ပြောသည်။

“ပွဲချင်းပြီး ဆုံးတာ။ သူ့ဇနီးကို ဈေးလိုက်ပို့ပြီး သူက ဆိုင်ကယ်ပေါ် စောင့်နေချိန် ပစ်ခတ်ခံရတာ။ ဘာအကြောင်းကြောင့် သတ်ခံရတယ်တော့ မသိရသေးပါဘူး” ဟု ဆိုသည်။

ယင်းဖြစ်စဉ်အပြီး စစ်ကောင်စီတပ်က  အဆိုပါမြို့နယ်အတွင်း ကင်းပုန်းများချကာ စစ်ဆေးရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းထံ Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ 

ထိုသူမှာ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသဖြင့် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း မြို့ခံနှစ်ဦးက ယူဆသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီနှင့် ပူးပေါင်းသူများကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များက ရှင်းလင်းနေသလို စစ်ကောင်စီကလည်း မန္တလေးတွင် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ပိုက်စိပ်တိုက် စစ်ဆေး ရှာဖွေပြီး သံသယဖြစ်သူများကို ဖမ်းဆီးနေသည်။

ယခုလအတွင်း  မြို့ပြပြောက်ကျားအဖွဲ့ဝင်ဟု ယူဆရသူ ၄၀ ကျော် ဖမ်းဆီးခံရသည်ဟု သိရသည်။ 

အစစ်အဆေး ထူနေသော်လည်း ယမန်နေ့ ဩဂုတ် ၂၁ တွင် အမရပူရမြို့နယ် အိုးတော်တိုက်နယ် အုပ်ချုပ်ရေးမှူး ဗုံးဖြင့်ပစ်ကာ တိုက်ခိုက်ခံရကြောင်း၊ ဒဏ်ရာ မရကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

ယင်းလုပ်ဆောင်မှုကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်သော အမရပူရ ဒေသခံကာကွယ်ရေးအဖွဲ့ (Ama-PDF) က ၎င်းတို့အနေဖြင့် သတိပေးခြင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အလားတူ ဩဂုတ် ၂၀ တွင်လည်း ဒလန်ဟု အမည်ထွက်သူ ဦးသောင်းတင်ကို  ၆၁ လမ်း ( ၁၂၇ လမ်းနှင့် ၁၂၈ လမ်းကြား) နေအိမ်ရှေ့တွင် ဓားနှင့် ခုတ်ခဲ့ကြောင်း မန္တလေး ဒေသအခြေစိုက် Eagle Warrior အဖွဲ့က ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းမှု ဆန့်ကျင်သူများ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရမှုတွင် သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများအဖြစ် ပူးပေါင်းပါဝင်နေသော စစ် ကောင်စီ ထောက်တိုင်များကို သတိပေး၊ ရှင်းလင်းနေကြောင်း တော်လှန်ရေးအဖွဲ့များက ကြေညာထားသည်။

စစ်ကောင်စီက ထိုရှင်းလင်းမှုများမှာ အကြမ်းဖက်လုပ်ရပ်ဟု ပြောသည်။ myanmar now

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံသော ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ကန့်ကွက်ရှုတ်ချပြီး လုပ်ပိုင်ခွင့် အာဏာရုပ် သိမ်းရန်နှင့် အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာ့အရေး ကိုင်တွယ်ရန် အရပ်ဘက်အဖွဲ့ ၈၆၄ ဖွဲ့ တောင်းဆို

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရန် အရပ်ဘက်အဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂအထူးသံတမန်က စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကို အရပ်ဘက်လူထု အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချလိုက်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရုပ်သိမ်းရန် အရပ်ဘက် အဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုလိုက်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (UN Secretary-General) အနေဖြင့် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု တာဝန်ယူပြီး တိကျပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ ကတိကဝတ်ကို ပြသရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုကြသည်။

ဩဂုတ်လ ၁၆ မှ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော လက်ရှိကုလသမဂ္ဂ အထူးသံတမန် (UN Special Envoy – UNSE) ဖြစ်သည့် နိုလင်‌‌ဟေဇာ၏ ပထမဦးဆုံးခရီးစဉ်သည် ကုလသမဂ္ဂမှ ဆယ်စုနှစ်များစွာတိုင် ခန့်အပ်ထားရှိလာခဲ့သော ဤရာထူးလုပ်ပိုင်ခွင့်၏ ထိရောက်မှုမရှိသည့် ချဥ်းကပ်မှု သမိုင်းအစဉ်အလာနှင့် ဆက်လက်ကျရှုံးနေမှုကို ဖော်ပြသည့် နောက်ဆုံးသာဓကတစ်ခုပင် ဖြစ်ကြောင်း၊ ကုလ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအရေးအပေါ် ၎င်း၏သမားရိုးကျ ချဉ်းကပ်ပုံကို အဆုံးသတ် ရမည်ဖြစ်ကြောင်း၊ ရှည်လျားလှသော သမိုင်းအစဉ် အလာအရ ကုလသမဂ္ဂ၏ အထူးသံတမန်များမှတစ်ဆင့် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ရန် ကြိုးပမ်းမှုများသည် အဓိ ပ္ပါယ်ရှိသောရလဒ်များ မည်သည့်အခါမျှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတကာရာဇဝတ်မှုများအား ချိုးဖောက် ကျူးလွန်နေသူများကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းများကို ပို၍ပင် ဆိုးရွားနေစေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။

စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ယင်း “ခရီးစဉ်များ” နှင့် “တွေ့ဆုံဆွေးနွေးမှုများ” သည် စစ်တပ်ကို ပိုမိုအတင့်ရဲလာစေသည့်အပြင် လက်ရှိတရားမဝင်စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် တိုးမြှင့်လုပ်ဆောင်လာနေသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်၍ပင် ကျူးလွန်စေလိမ့်မည် ဖြစ်ကြောင်း၊ ယင်းမှာ လက်ရှိမြန်မာပြည်သူများ၏ ညီညွတ်သော ရုန်းကန်တိုက်ပွဲဝင်မှုကို ထိခိုက်ပျက်ပြားစေသဖြင့် ကုလသမဂ္ဂသည် ၎င်း၏ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရ” ဟူသော မူကို ဖောက်ဖျက်ရာလည်း မြောက်ကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ (UN General Assembly – UNGA) အစည်းအဝေးတွင် UNGA နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရပ်တန့်ရန်၊ UNGA အနေဖြင့် တာဝန်ယူမှု တာ ဝန်ခံမှု ရှိလာစေရေးကို အဓိကထားသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် တောင်းဆိုချက်များကို ထင်ဟပ်သည့် တိကျခိုင်မာသော အရေးယူဆောင်ရွက်မှုများ စီစဥ်လုပ်ဆောင်ရမည်ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ထောက်ပြ တောင်းဆိုသည်။

စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် မျှော်မှန်းချက်များအား ထင်ဟပ်သော အဓိကကျသည့် အကြံ ပြုတိုက်တွန်းချက်များကို ကုလသမဂ္ဂအထူးသံတမန်အနေဖြင့် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့မှုအပေါ် အံ့ဩတုန်လှုပ်မိကြောင်း၊ ကုလ သမဂ္ဂအထူးသံတမန်၏ လက်ရှိလုပ်ပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် တိကျပြတ်သားမှု မရှိခြင်းနှင့် လုံလောက်မှု မရှိကြောင်း၊ လက်ရှိကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာသည် ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရန် UNGA ၏ ၂၀၁၇ ခုနှစ် ၇၂ ကြိမ်မြောက်အစည်းအဝေးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်းသည် လက်ရှိအကြပ်အတည်း၏ အတိုင်းအဆနှင့် ခက်ခဲရှုပ်ထွေးမှုကို ထင်ဟပ်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည်ဟု ထောက်ပြထားသည်။

စစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တရားဝင်မှုရရှိရေး ကြိုးပမ်းရာတွင် စစ်အုပ်စုနှင့် တွေ့ဆုံရန် အဆိုပြုခဲ့သည့် ကုလသမဂ္ဂအထူးသံတမန်၏ နေပြည်တော်ခရီးစဉ်များသည် အသုံးချခြယ်လှယ်ခံ ဖြစ်လာနိုင်သကဲ့သို့ စစ်အုပ်စုကိုလည်း ပိုမို၍ပင် အတင့်ရဲလာစေမည်ဖြစ် ကြောင်း အရပ်ဘက်လူထု အဖွဲ့အစည်းများက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အလေးပေးဆွေးနွေးထားခဲ့ပြီးလည်း ဖြစ်ကြောင်း၊ ယင်းသွားရောက်တွေ့ဆုံမှုများက စစ်အုပ်စုကို ကုလသမဂ္ဂမှစ၍ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ် ပြုလက်ခံသည့် အသွင်သဏ္ဍာန်ကို ပေးလိမ့်မည် ဖြစ်သဖြင့် လတ်တလော သွားရောက်ခဲ့သည့် ကုလသမဂ္ဂ အထူးသံတမန်၏ ခရီးစဉ်မတိုင်မီ မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှု လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ထောက်ပြကြသည်။

စစ်အုပ်စုက ကုလသမဂ္ဂ အထူးသံတမန်နှင့် ၎င်းတို့တွေ့ဆုံခဲ့မှုကို “လက်ရှိမြန်မာနိုင်ငံအစိုးရ” နှင့် တရားဝင်တွေ့ဆုံမှု ဖြစ်သည့်အလား စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အထူးသံတမန်တို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံများကို သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ဖော်ပြသပုံဖော်ခဲ့ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် အထူးသံတမန်အား စစ်အုပ်စုမှ ၎င်း၏ ဝါဒဖြန့်ချိရေး အတွက် အသုံးချခွင့် ပြုခဲ့မှုအပေါ် ဖြစ်ပေါ်လာနိုင်သော ကုလသမဂ္ဂ၏ ပုံရိပ်ဆိုင်ရာ ပျက်စီးယိုယွင်းမှု ပြန်လည်ပြင်ဆင်ရေးကို လုပ်ဆောင်ရမည် ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုကြသည်။

ကုလသမဂ္ဂအထူးသံတမန်က ကတိကဝတ်ပြုထားသော်လည်း ၎င်း၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုး သားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကို ထည့်သွင်းဖော်ပြခြင်း မရှိသည်ကို သတိပြုမိရာ အလွန်ပင် စိတ်ပျက်မိကြောင်း၊ ဇူလိုင်လအတွင်း နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ခဲ့ပြီး ၎င်းမှ မြန်မာနိုင်ငံသို့ မလာရောက်မီ နှစ်ရက်အလိုတွင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ပြီးသည့်အချိန်မှာပင် စစ်အုပ်စုနှင့် ရည်ရွယ်ချက်ရှိရှိ လာရောက်တွေ့ဆုံခဲ့သည့်အပေါ် စိုးရိမ်ပူပန်မိသည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။

ကုလသမဂ္ဂအထူးသံတမန်၏ ခရီးစဥ်သည် အဆိုပါရာဇဝတ်မှုများ လျော့နည်းပပျောက် သွားစေခြင်းနှင့် အပြစ်ပေးအရေးယူခံရခြင်း တို့မရှိစေရုံသာမက ၎င်း၏ “အချိန်ပေး-စောင့်ကြည့်” မည့် ချဥ်းကပ်မှုကို ဆက်လက်ထိန်းထားခြင်းသည် စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် သက်ညှာမှုမရှိဘဲ လုပ်ဆောင်နေသည့် အကြမ်းဖက်ရေးလှုပ်ရှားမှုများနှင့် ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုများကို ဆက်လက်ကျူး လွန်လုပ်ဆောင်နိုင်စေရန် ကုလသမဂ္ဂမှ လိုလိုလားလား လုပ်ဆောင်ခွင့် ပြုထားခြင်းသာ ဖြစ်ကြောင်း၊ ထို့အပြင် ကုလသမဂ္ဂအထူးသံတမန်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်တင်မြှောက်ခံထားရသော အကျဉ်းကျခံနေရသည့် အခြား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထားသည်။

ကုလသမဂ္ဂအထူးသံတမန်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်၍ NUG ကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်ကိုလည်း သတိပြုမိကြောင်း၊ ကုလသမဂ္ဂအထူးသံတမန်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဖိုရမ်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (Ethnic Revolutionary Organization) အချို့နှင့်အတူ NUG တို့က အဆိုပြုခဲ့သည်ဖြစ်ရာ ဤကဲ့သို့ ဖယ်ထုတ်ချန်လှပ်ထားခြင်းမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခြင်း ဖြစ်သည်ဟု မိမိတို့မှ သတ်မှတ်သည်။ ယခုကဲ့သို့ ဖယ်ထုတ် ချန်လှပ်ထားခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူဖြစ်သော ဘက်မလိုက်ရေးမူကို ချိုးဖောက်ခြင်းပင်ဖြစ်ပြီး ကျင့်ဝတ်သိက္ခာမဲ့ခြင်းနှင့် စစ်အုပ်စုကျေနပ်စေရန် ချွေးသိပ်အလိုလိုက်နေခြင်းသာ ဖြစ်သည်ဟု ထောက်ပြ ဝေဖန်ထားသည်။

စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများကို တိုက်ခိုက်ခြင်း၊ နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား လက်နက်သဖွယ် အသုံးချနေခြင်း တို့ကို ဆက်လက်လုပ် ဆောင်နေသည်။ ထို လုပ်ဆောင်မှုများက စစ်ရာဇ၀တ်မှုများနှင့် ဂျီနီဗာကွန်ဗင်းရှင်းများကို ချိုးဖောက်မှု မြောက်နိုင်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်အုပ်စုမှတစ်ဆင့် စီးဆင်းစေခြင်းသည် စစ်အုပ်စု၏ အကျင့်ပျက်ခြစားမှုရှိသော အစီအစဉ်ကို ပံ့ပိုးပေးခြင်း၊ စစ်အုပ်စုမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် ပို၍အသုံးပြုနိုင်စေခြင်း၊ နှင့် မြန်မာပြည်သူလူထုအ ပေါ် ကုစား၍ မရနိုင်သော ဆိုးကျိုးဒုက္ခများ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ဝေဖန်ထားသည်။

စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုပင် ဖြစ် ကြောင်း ကုလသမဂ္ဂသည် ပဋိညာဉ်စာတမ်းက ပေးအပ်ထားသော ၎င်း၏လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စစ်အုပ်စုက ကျူးလွန်နေသည့် အ ကြမ်းဖက်မှုများမှ မြန်မာပြည်သူလူထုကို အကာအကွယ်ပေးရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ ကြီးမားသောအကျပ်အတည်းကို အဓိပ္ပါယ်ရှိရှိနှင့် နှောင့်နှေးမှုမရှိ ကိုင်တွယ်ဖြေရှင်းနိုင်ရန် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု ရပ်ဆိုင်းကာ တရားဝင်အစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအ တိုင် ပင်ခံကောင်စီ၊ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူထု အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ ကုလသမဂ္ဂ အထူးသံတမန်၏ ခရီးစဉ်အတွင်းတွင် “ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လူသေအ လောင်း ဘယ်နှလောင်း လိုနေသေးသလဲ” ဟူသောစာတမ်းဖြင့် မြန်မာပြည်သူများက ဆန္ဒထုတ်ဖော် မေးခွန်းထုတ် ခဲ့ကြပြီး ဖြစ်ကြောင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးအတွက် အရပ်ဘက်အဖွဲ့များက ထပ်မံတောင်းဆိုသည်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် တာဝန် ရှိသော စစ်အုပ်စုကို အသိ အမှတ်ပြုမှု သို့မဟုတ် ထိတွေ့ဆက်ဆံမှုများ မလုပ်ဆောင်ဘဲ ရာဇ၀တ်မှုဖြင့် ပြစ်ဒဏ်ပေးအရေးယူရမည် ဖြစ်ကြောင်း၊ UNGA မှ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရမည်ဖြစ်ကြောင်း၊ ယင်းအစား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာပြည်သူလူထု၏ အကျိုးမျှော်ကိုးပြီး ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုကို ပြန်လည်ပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ခေါင်းဆောင်မှုနေရာယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊တစ်ချိန်တည်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ၏ အခြေ အနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် အထူးခုံရုံးတစ်ခုဖွဲ့စည်းပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ် ဆောင်ရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုကြသည်။khit thit

လူသတ်လက်ကို သွားကိုင်ခဲ့ရာ … သွေးစွန်းရုံမှတပါး အခြားမရှိပြီ

နိုင်ငံတကာအသိုက်အဝန်း၏ ဖယ်ကြဉ်ခြင်းခံထားရသော မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရွှေရောင်အနားကွပ် အစိမ်းရောင်ထဘီ ဝတ်ဆင်ထားသော စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာတို့ လက်ဆွဲ နှုတ်ဆက်ရင်း လှိုက်လှိုက်လှဲလှဲ ပြုံးနေသည့် ပုံရိပ်တစ်ခုကို ကမ္ဘာကြီးက မြင်တွေ့ခွင့်ရခဲ့သည်။ 

သို့သော် တဒင်္ဂအပြုံးများ နောက်ကွယ်တွင် ဂယက်လှိုင်းများ ထ၍ ကျန်ရစ်ခဲ့သည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ကို စတင်ရယူချိန် ကစပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခွင့်ရရှိရေး ဟေဇာ ကြိုးပမ်းနေခဲ့ပြီး၊ ဩဂုတ် ၁၆ ရက်နေ့တွင် နေပြည်တော်ကို ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိသွားခဲ့သည်။ 

စစ်တပ်၏ အာဏာသိမ်းမှုကို “အစိမ်း” နှင့် “အနီ” တို့၏ အာဏာပဋိပက္ခအဖြစ် ပုံဖော်မှုများဖြင့် ပြည်သူတို့၏ ဆန္ဒအမှန်ကို ဖုံးကွယ်ရန် ကြိုး စားနေသော နိုင်ငံ၏ အရေးကို ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းသူ၏ ဝတ်စားဆင်ယင်မှုက အရောင်နိုင်ငံရေး (Color Politics) ကို ဂရုမထားခြင်းလား၊ တမင် အရောင်တိမ်းညွှတ်မှုဖြင့် ဆွဲဆောင်ခြင်းလား မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့သည်။ 

နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိပါ။

ယခုနှစ် ဇန်နဝါရီလကုန်ပိုင်း စင်္ကာပူအခြေစိုက် Channel News Asia နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဟေဇာ ပြောခဲ့ဖူးသည့် စစ်တပ်အပေါ် သူ၏အမြင်သဘောထားကို မေ့ကြဦးမည်မဟုတ်ပေ။ 

“မြန်မာ့အကြပ်အတည်းကို ဖြေရှင်းမယ့် ဆွေးနွေးပြောဆိုမှု အားလုံးတိုင်းမှာ စစ်တပ် ပါကို ပါရမယ်။ လက်ရှိအချိန်မှာ စစ်တပ်က ထိန်းချုပ်ထားတာပါ၊ ရေရှည်မှာ အာဏာခွဲဝေရေး ဘယ်လို ပုံသဏ္ဌာန် ဖြစ်သင့်သလဲဆိုတာ ညှိနှိုင်းဖို့ လိုအပ်ပါတယ်” ဟု ပြောဖူးသော နိုလင်ဟေဇာကို သရုပ်ခွဲဆန်းစစ် လေ့လာခဲ့ဖူးသည်။

ဟေဇာသည် သူ၏ မဆင်မခြင်ပြောဆိုမှုအတွက် မြန်မာပြည်သူများ၏ အမျက်ဒေါသကို တပွေ့ တပိုက်ကြီး ရရှိခဲ့သူ ဖြစ်သည်။ ထို့စဥ်က တည်းက ဟေဇာ၏ ခြေလှမ်းများကို မြန်မာပြည်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံရေးကို အလေးထားသူတိုင်း မျက်ခြေမပျက် စောင့်ကြည့်နေခဲ့ကြသည်။

အချိန်ရွေးချယ်မှု မှားသော ဟေဇာ၏ နေပြည်တော်ခရီးစဉ်

ဟေဇာသည် နေပြည်တော်ခရီးစဉ်ကို ကြိုတင်ကြေညာခြင်း မပြုဘဲ ခရီးစဥ်စတင်သည့် ဩဂုတ်   ၁၆ ရက်နေ့မှ ၎င်း၏အထူးကိုယ်စားလှယ်ရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဥ်မျိုးက နှစ်ဖက် အချိန်ယူ ပြင်ဆင်ရခြင်းမျိုး ဖြစ်သည်။

၎င်း၏ခရီးစဥ်များကို ကြိုတင်ကြေညာလေ့ရှိသော အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn ကဲ့သို့ အနိမ့်ဆုံး ပွင့်လင်းမြင်သာမှုမျိုးပင် ဟေဇာတွင် မရှိကြောင်း တွေ့ရသည်။    

နေပြည်တော်ကို ဟေဇာ မရောက်မီ တစ်ရက်အလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ကောင်စီက နောက်ထပ် ထောင် ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး၊ သူ ရောက်သည့်နေမှာပင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ရွာအပါအဝင် ကျေးရွာများကို စစ်တပ်က လှည့်ပတ်မီးရှို့လျက်ရှိသည်။ ၎င်းဖြစ်ရပ်များသည် တိုက်ဆိုင်မှု မဟုတ်ပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ဖိတ်ခေါ်ပြီး မင်းအောင်လှိုင်က အကြမ်းဖက်မှုများနှင့် အရသာခံ ဧည့်ဝတ်ပြုခဲ့ခြင်း ဖြစ်သည်။  

ဟေဇာ၏ ခရီးစဉ်အပေါ် NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက် ချက်ချင်း ထုတ်ပြန်ပြီး အထူးကိုယ်စားလှယ်အနေဖြင့် စစ်ရာဇဝတ်ကောင်ကို မျက်နှာချိုသွေးသော အပြုအမူမျိုး မလုပ်ဖို့ သတိပေးခဲ့သည်။   

သွေးစွန်းလက်ကို ဆွဲကိုင်ခဲ့သော ဟေဇာ        

မင်းအောင်လှိုင်နှင့် တွေ့ဆုံပွဲရလဒ်အပေါ် ဟေဇာ၏ ထုတ်ပြန်ချက်ကို မြန်မာအရေး စိတ်ဝင်စားသူ အားလုံးက စောင့်မျှော်နေခဲ့ကြသည်။  မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်ချိန် ဟေဇာ၏ စိတ်ခံစားမှု မည်သို့ရှိနေမလဲဟု မှန်းဆသူများပင် ရှိခဲ့သည်။ 

“လူသတ်မှူးချုပ် [Murder-in-Chief] မင်းအောင်လှိုင်ကို တွေ့ဆုံပြီး သူ့ရဲ့ သွေးစွန်းလက်ကို ကိုင်ပြီးနှုတ်ဆက်ရတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အတွက် ဘယ်လောက် အော်ဂလီဆန်ပြီး ရွံရှာစရာ ကောင်းလိမ့်မလဲ တွေးကြည့်လို့ ရနိုင်ပါတယ်” ဟု ပြောလာသူက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (Special Advisory Council – Myanmar) ကို တည်ထောင်ရာတွင် ပါဝင်သည့် Chris Sitodi ဖြစ်သည်။ 

“မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့က အထူးကိုယ်စားလှယ်တာဝန်အရ မဖြစ်မနေဆောင်ရွက်ရပေမယ့် အဲ့ဒီ တွေ့ဆုံမှုကနေ ဘာရလဒ်မှ ထွက်မလာဘူးဆိုတာ ရှင်းပါတယ်” ဟု ဟေဇာ၏ ရလဒ်ကောင်း ကင်းမဲ့သော တွေ့ဆုံမှုကို Chris Sitodi က SAC-M ၏ ဩဂုတ်လ ၁၉ ရက်နေ့ ကြေညာချက်တွင် ထောက်ပြဝေဖန် ထားပါသည်။   

ဩစတေးလျနိုင်ငံသား Chris Sitodi သည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းရှိမရှိ အချက်အလက်ရှာဖွေရန် ဖွဲ့စည်းခဲ့သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် (UN Independent International Fact-Finding Mission) အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ 

ဟေဇာလှည့်ကွက် နှင့် မင်းအောင်လှိုင်အမျက်

မင်းအောင်လှိုင်ကို တွေ့ဆုံသူတိုင်း မဖြစ်မနေ ရင်ဆိုင်ရမည့်အချက်က ၎င်းကို မြန်မာနိုင်ငံ၏ တရား ဝင် အစိုးရအကြီးအကဲအဖြစ် အသိအမှတ်ပြု တွေ့ဆုံခြင်း ဟုတ်၊ မဟုတ် ပြဿနာကို ဖြေရှင်းရခြင်း ဖြစ်သည်။ 

ထို့ကြောင့် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးအပြီး အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ ဩဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် “ကုသလမဂ္ဂ၏ ထိတွေ့ဆက်ဆံမှုသည် မည်သည့်နည်းနှင့်မျှ တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း” ဖော်ပြခဲ့သည်။

တရားဝင်မှုကို အာသာငမ်းငမ်း လိုအပ်နေသော မင်းအောင်လှိုင်က ကုလသမဂ္ဂထက် တစ်ကွက်ကြိုမြင် ပုံရသည်။  နိုလင်းဟေဇာနှင့်တွေ့ဆုံရန် နာရီပိုင်းအလိုတွင်  ဟေဇာ၏တွေ့ဆုံမှုသည် တရားဝင်အစိုးရကို တွေ့ဆုံခြင်းဖြစ်သည် ဟု ၎င်း၏ ဝါဒဖြန့်ချိရေးမှူး ဇော်မင်းထွန်းက ကြေညာသည်။

“ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာ နိုင်ငံရဲ့ အစိုးရနဲ့ တရားဝင်တွေ့ဆုံမှု ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိနိုင်လိမ့်မယ် လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ 

ဟေဇာနှင့် ဆွေးနွေးသည့်အခါတွင် မင်းအောင်လှိုင်က “မိမိအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူနေပါသည်” ဟု အစချီပြီး ၎င်းသည် တရားဝင်မှု အနေအထား (Legitimacy Position) အမိအရ အထိုင်ချပြီးမှ ဆွေးနွေးခဲ့သည်။ 

ထိုအချက်ကို လက်ခံသောအပြုအမူ လုပ်ဆောင်ခဲ့ခြင်းရှိမရှိ ဟေဇာကိုယ်တိုင်သာ သိနိုင်ပေလိမ့်မည်။

မင်းအောင်လှိုင်ကို တွေ့ဆုံမှုသည် စစ်ကောင်စီအစိုးရကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း ကုလက ကြိုတင်ကြေညာခဲ့ပါက ထိုခရီးစဥ် ဖြစ်လာမည်မဟုတ်ပါ။ ဤနေရာတွင် ဟေဇာနှင့် ကုလသမဂ္ဂ၏ သံတမန်လှည့်ကွက်အဖြစ် မြင်နိုင်ပြီး၊ ထိုကဲ့သို့ လှည့်ပတ်ခံခဲ့ရခြင်းအပေါ် မင်းအောင်လှိုင် အမျက် ထွက်နိုင်ပါသည်။ 

ကျော့ကွင်းမှ ခုန်ထွက်သွားသော ဟေဇာ

စစ်ကောင်စီသည် တရားဝင်မှုကျော့ကွင်း (Legitimacy Trap) ထဲ ဟေဇာ တိုးဝင်လာရန်သာလိုပြီး၊ ၎င်းတို့ကို တရားဝင်အသိအမှတ်ပြုမှ တွေ့ဆုံမည်ဟု  တွေ့ဆုံရေး ညှိနှိုင်းစဥ် ဈေးဆစ်ခဲ့ပုံ မရပါ။ ထိုသို့တွေ့ဆုံမှုများကတဆင့် နိုင်ငံတကာအမြင်တွင် တဖြည်းဖြည်း တရားဝင်မှု မြင့်တက်လာ လျှင်လည်း အကျိုးမယုတ်ဟု နည်းဗျူဟာကျကျ စဥ်းစားခဲ့နိုင်ပါသည်။ 

တွေ့တွေ့ချင်း ဟေဇာ၏ ပထမဆုံး တောင်းဆိုချက်က သူနှင့် မင်းအောင်လှိုင်အကြား စဉ်ဆက်မပြတ် တွေ့ဆုံလိုပါကြောင်း ဖြစ်ပြီး၊ တရားဝင်မှုကို ဆာလောင်မွတ်သိပ်နေသော မင်းအောင်လှိုင် အတွက် အခွင့်အရေးပင် ဖြစ်သည်။ 

ထိုအချက်ကို မင်းအောင်လှိုင်က အမိအရဆုပ်ကိုင်ပြီး ကုသလမဂ္ဂတွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် ထားရှိရေးကို အဆုံးအဖြတ်ပေးသည့် Credential Committee နှင့်ပတ်သက်၍ စဥ်းစားသုံးသပ်ရေး သည် ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ရေးတွင် ပထမဆုံး ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း တုန့်ပြန် ခဲ့သည်ကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် လေ့လာတွေ့ရှိရသည်။ 

ထို့အပြင် ယခုခရီးစဉ်ကအပြန် “သက်ဆိုင်ရာသို့” ဟေဇာ၏ အစီရင်ခံမှုနှင့် တုံ့ပြန်မှု အခြေအနေအပေါ် မူတည်ပါသည်ဟု တံခါး ‘ဟ’ ထားပေးပြီး၊ “မြန်မာနှင့် ကုလသမဂ္ဂတို့အကြား ရေရှည်လက်တွဲ ဆောင်ရွက်နိုင်ရန်အတွက် သတင်းများနှင့် ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ဆောင်ရွက်ရန်” နှစ်ဖက်သဘောတူညီခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့သဘောတူထားပါလျက် အထူးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်ဖြင့် ဟေဇာက စစ်ကောင်စီ ထောင်ထားသော တရားဝင်မှု ကျော့ကွင်းကနေ ခုန်ထွက်သွားခြင်းကို မင်းအောင်လှိုင် အမျက်ထွက်ခဲ့ သည်။ 

ဟေဇာ၏ တောင်းဆိုချက်အားလုံး ငြင်းဆိုခံခဲ့ရခြင်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မှာကြားချက်အတိုင်း “လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန် နှင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမပြုရန်” ဟေဇာ၏ တောင်း ဆိုချက်ကို မင်းအောင်လှိုင် ငြင်းပယ်ခဲ့သည်။ 

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းက စစ်တပ်တစ်ခုတည်းသာ ပြုလုပ်နိုင်သောအရာဖြစ်ရာ ထိုသို့ မလုပ်ပါဘူးဟု မင်းအောင်လှိုင် လိမ့်၍မရပေ။ ထို့ကြောင့် သောင်းကျန်းသူများတည်ရှိရာနေရာသို့ ပစ် မှတ်ထား တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု တုန့်ပြန်ခဲ့ပြီး၊ ဗုံးကြဲခြင်းကို ဆက်လက်လုပ်ဆောင်မည့် သဘော ပြောဆိုခဲ့သည်။

ရွာများမီးရှို့ခြင်းကိစ္စကိုမူ မင်းအောင်လှိုင် လုံးလုံးလျားလျား ငြင်းဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ရခိုင် ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာလူမျိုးများ နေထိုင်သည့်နေရာများ မီးရှို့ခဲ့ခြင်း ဖြစ်ရပ်ကိုလည်း ၎င်းတို့ ရှို့ခြင်း မဟုတ်ကြောင်း ငြင်းဆန်သည့် နည်းအတိုင်းပင် ဖြစ်သည်။

ဟေဇာသည် ရိုဟင်ဂျာများ ၎င်းတို့၏နေရပ်ရင်း ပြန်နိုင်ရေးကိုလည်း မင်းအောင်လှိုင်နှင့် ဆွေးနွေး ခဲ့ပြီး စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဟေဇာသည် “ဘင်္ဂါလီ” ဟုသာ သုံးနှုန်းသွားပြီး၊ ရိုဟင်ဂျာဟု မသုံးနှုန်းခဲ့ကြောင်း အထူးပြုဖော်ပြခဲ့သည်။

ရိုဟင်ဂျာဟု သုံးနှုန်းလိုက်ပါက မင်းအောင်လှိုင် စိတ်အနှောက်အယှက်ဖြစ်ပြီး ဆွေးနွေးမှု ပျက်မည်ကို စိုးရိမ်ပြီး၊ ၎င်းလက်မခံသော အသုံးအ နှုန်းကို ဟေဇာ ရှောင်ရှားခဲ့ဟန်တူသည်။  

ထိုအချက်အမှန်ဖြစ်လျှင် အထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်တစ်ယောက်၏ ကျင့်ဝတ် နှင့် မူဝါဒရပ်တည်ချက်က အချိန်အခါလိုက် ပြောင်းလဲတတ်သလား မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ မြန်မာခရီးစဥ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများဆီ သွား ရောက်ရန် စီစဥ်ထားသော ဟေဇာကို အခက်ကြုံနိုင်ပါသည်။ 

ကုလသမဂ္ဂက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသော လုပ်ရပ်ဖြစ်သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကြိုးပေး ကွပ်မျက်မှုနှင့်စပ်လျဥ်းပြီး နောက်ထပ်ဆောင်ရွက်ခြင်းမပြုဘဲ ရွှေ့ဆိုင်းပေးရန် ဟေဇာ၏ တောင်းဆို ချက်ကိုလည်း မင်းအောင်လှိုင် ငြင်းပယ်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ကံကြမ္မာနှင့် ထပ်တူပြုထားသော မင်းအောင်လှိုင်   

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဟေဇာ၏ တောင်းဆိုမှုကို နေပြည်တော်ထောင်ထဲ “ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထား ရှိကာ ဆောင်ရွက်ပေးထားပါသည်” ဟု မင်းအောင်လှိုင်၏ တုန့်ပြန်မှုက ၎င်း၏ကြမ်းကြုတ်သောစိတ် နေစိတ်ထားကို အပေါ်လွင်ဆုံး ဖြစ်ခဲ့သည်။ 

တရားစီရင်မှုများပြီးဆုံးပြီးနောက် “မိမိ (မင်းအောင်လှိုင်) ၏လုပ်ဆောင်ချက်များအပေါ် တုံ့ပြန်လာ မှုများကိုမူတည်၍ ၎င်း (ဒေါ်အောင်ဆန်း စုကြည်) အပေါ် စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ၎င်း၏သဘောထားကို ပြောခဲ့ပုံက ၎င်း၏ ကံကြမ္မာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ချိတ်ဆက်ထားပုံ ပေါ်လွင်ပါသည်။  

ထိုအချက်က ဖော်ပြနေသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်သန်ခွင့်သည် မင်းအောင်လှိုင် လက်ထဲ လုံးလုံးလျားလျား ရှိနေပြီး၊ ၎င်းအပေါ် နိုင်ငံတကာက တုံ့ပြန်မှု ပြင်ထန်းသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်လည်း အသက်ရှင်လျက် ထောင်တွင်းက လွတ်မြောက်လမ်းမရှိဟု ဆိုလို ရင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တရားစွဲခံထားရသော ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell ကိစ္စ ဆွေးနွေးသည့်အခါ မင်းအောင်လှိုင်၏ ပြန်ပေးဆွဲတတ်သော ဗီဇစိတ် ရုပ်လုံးပေါ် လာသည်။ 

“ဩစတေးလျအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်မည်ဆို လျှင် မိမိအနေဖြင့် အဆိုပါကိစ္စ (Sean Turnell အမှုကိစ္စ) နှင့်ပတ်သက်၍ တင်းမာစွာ ဆောင်ရွက်မည့် အခြေအနေမျိုးမရှိပါ” ဟု ပြောဆိုချက်သည် ပြန်ပေးဆွဲသမားတစ်ဦး၏ အပေးအယူသဘောဆန်ဆန် ပြုမူပြောဆိုမှု ဖြစ်သည်။

သွေးစွန်လက်ကို ဆွဲကိုင်နှုတ်ဆက်ပြီး ပြန်ခဲ့ရသော ဟေဇာ

ဟေဇာသည် မင်းအောင်လှိုင်ကို သူပြောရမည့် အချက်များကို သေချာပြင်ဆင်လာခဲ့သည်။ ထိုအချက် အားလုံးကို မင်းအောင်လှိုင်က ငြင်းဆန်ခဲ့သည်။ 

နေပြည်တော်ခရီးစဉ်ကအပြန် ဟေဇာ ရရှိခဲ့သော ရလဒ်မှာ သွေးစွန်လက်ကို ကိုင်ဆွဲနှုတ်ဆက်ခဲ့ရခြင်းသာ ရှိပြီး၊ သူ၏လက်လည်း သွေးညှီနံ့   စွန်းထင်းခဲ့ချေပြီ။  myanmar now

ဂန့်ဂေါမြို့နယ်က PDF စခန်း ၁ ခု ဖျက်ဆီးခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အခြေစိုက် ဂန့်ဂေါ PDF  တပ်ရင်းရဲ့ တပ်ခွဲဖြစ်တဲ့ PDF  တပ်ခွဲ ၁၂ ရဲ့ စခန်းကို ဩဂုတ် ၂၂ ရက် မနက် ၁၀နာရီမှာ စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် မင်းရွာဘက်ကနေ စစ်တပ်က စခန်းရှိရာကို လက်နက်ကြီးနဲ တရစပ် ပစ်ခတ်ထိုး စစ်ဆင်လာတာကြောင့် စခန်းကို စွန့်လွှတ်လိုက်ရတယ်လို့  သူက ဆက်ပြောပါတယ်။

“စခန်းမှာက အစောင့် တပ်သား တချို့ပဲ ကျန်ခဲ့တာ။ သူတို့လည်း ထွက်ပြေးရတယ်။ တချို့ လက်နက်ပစ္စည်းတွေကိုတော့ နေရာ ရွှေ့လိုက်နိုင်တယ်။ စခန်းအတွက် စု‌ထားတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်။ ပျက်စီး ဆုံးရှုံးမှု တန်ဖိုးတော့ မသိရသေးဘူး။ စခန်းနားက ယာစောင့်တဲတွေကိုလည်းမီးရှို့ဖျက်ဆီး သွားတယ်”

မီးရှို့ပြီး ပြန်လာတဲ့ အဲဒီစစ်တပ်နဲ့ အောင်မြင်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေး ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်ခဲ့ဘူး လို့ သူက ပြောပါတယ်။

တိုက်ပွဲအပြီး စစ်တပ်က အောင်မြင်ရွာက နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးသွားပြီး ရွာသား ၂၀၀ ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဂန့်ဂေါ PDF တောင်ပိုင်းရဲ့ တာဝန်ခံက ပြောပါတယ်။ DVB

« Older Entries