မန္တလေးတွင် အမျိုးသားတစ်ဦး ဈေးအနီး ပစ်သတ်ခံရ

ယနေ့ (ဩဂုတ် ၂၂) နံနက် ၇ နာရီခန့်က မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု မြို့ခံများထံမှ သိရသည်။
၁၃၄ လမ်း (၆၁ လမ်းနှင့် ၆၂လမ်းကြား) တွင် အသက် ၅၀ ဝန်းကျင်လူတစ်ဦး သွေးအိုင်ထဲ လဲကျ သေဆုံးနေကြောင်း၊ သေဆုံးသူသည် (ည) ရပ်ကွက်နေ မြေပွဲစား ဦးစိုးနှင်းဖြစ်သည်ကို နောက်ပိုင်းတွင် သိရကြောင်း၊ စက်မှုဈေးတွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းထိမှန်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဘာလို့သတ်တယ်တော့ မသိဘူး။ နောက်ကနေ ပစ်သတ်သွားတာလို့ ပြောတယ်။ အခု အလောင်းကို လူမှုရေးကားနဲ့ တင်သွားပါပြီ” ဟု ထိုအမျိုးသမီးက ဆိုသည်။
ဒေသခံနောက်တစ်ဦးကလည်း အလားတူ ပြောသည်။
“ပွဲချင်းပြီး ဆုံးတာ။ သူ့ဇနီးကို ဈေးလိုက်ပို့ပြီး သူက ဆိုင်ကယ်ပေါ် စောင့်နေချိန် ပစ်ခတ်ခံရတာ။ ဘာအကြောင်းကြောင့် သတ်ခံရတယ်တော့ မသိရသေးပါဘူး” ဟု ဆိုသည်။
ယင်းဖြစ်စဉ်အပြီး စစ်ကောင်စီတပ်က အဆိုပါမြို့နယ်အတွင်း ကင်းပုန်းများချကာ စစ်ဆေးရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းထံ Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ထိုသူမှာ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသဖြင့် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း မြို့ခံနှစ်ဦးက ယူဆသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီနှင့် ပူးပေါင်းသူများကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များက ရှင်းလင်းနေသလို စစ်ကောင်စီကလည်း မန္တလေးတွင် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ပိုက်စိပ်တိုက် စစ်ဆေး ရှာဖွေပြီး သံသယဖြစ်သူများကို ဖမ်းဆီးနေသည်။
ယခုလအတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင်ဟု ယူဆရသူ ၄၀ ကျော် ဖမ်းဆီးခံရသည်ဟု သိရသည်။
အစစ်အဆေး ထူနေသော်လည်း ယမန်နေ့ ဩဂုတ် ၂၁ တွင် အမရပူရမြို့နယ် အိုးတော်တိုက်နယ် အုပ်ချုပ်ရေးမှူး ဗုံးဖြင့်ပစ်ကာ တိုက်ခိုက်ခံရကြောင်း၊ ဒဏ်ရာ မရကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။
ယင်းလုပ်ဆောင်မှုကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်သော အမရပူရ ဒေသခံကာကွယ်ရေးအဖွဲ့ (Ama-PDF) က ၎င်းတို့အနေဖြင့် သတိပေးခြင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အလားတူ ဩဂုတ် ၂၀ တွင်လည်း ဒလန်ဟု အမည်ထွက်သူ ဦးသောင်းတင်ကို ၆၁ လမ်း ( ၁၂၇ လမ်းနှင့် ၁၂၈ လမ်းကြား) နေအိမ်ရှေ့တွင် ဓားနှင့် ခုတ်ခဲ့ကြောင်း မန္တလေး ဒေသအခြေစိုက် Eagle Warrior အဖွဲ့က ထုတ်ပြန်ထားသည်။
အာဏာသိမ်းမှု ဆန့်ကျင်သူများ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရမှုတွင် သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများအဖြစ် ပူးပေါင်းပါဝင်နေသော စစ် ကောင်စီ ထောက်တိုင်များကို သတိပေး၊ ရှင်းလင်းနေကြောင်း တော်လှန်ရေးအဖွဲ့များက ကြေညာထားသည်။
စစ်ကောင်စီက ထိုရှင်းလင်းမှုများမှာ အကြမ်းဖက်လုပ်ရပ်ဟု ပြောသည်။ myanmar now