မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ မိုင်းခွဲခံရ၍ ၃ဦးသေ ၈ ဦးဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း မတ္တရာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည့် နတ်ဆိုးအဖွဲ့၏ တာဝန်ခံ ဗိုလ်နတ်ဆိုးထံမှ သိရသည်။
မတ္တရာမြို့အရှေ့ဘက် ခုနစ်မိုင်အကွာရှိ ဇီးဖြူပင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အင်အား၂၇ဦးကို စလစ်မိုင်းအမျိုးအစားဖြင့် မိုင်းခွဲတိုက်ခိုက်ခဲဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အကုန်လုံး ခြေကျင်ကွက်ကြိုကွက်ကြား ထွက်လာကြတာ၊ ရွာတွေ အဆင့်ဆင့်ဖြတ်လာပြီး ဇီးဖြူပင်ရွာနား မရောက်ခင် မိုင်းကွင်းနားမှာ သူတို့နားနေချိန် ခွဲတာ၊ အနီးဆုံးတစ်ယောက်ကတော့ အကုန်တစ်စစီဖြစ်သွားတယ်၊ ကျန်နှစ်ယောက်လည်း သေတယ်၊ ရှစ်ဦးကတော့ ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရလို့ အော်ဟစ်သံတွေလည်းကြားရတယ်။ သူတို့(စစ်ကောင်စီတပ်သား)တွေလည်း ကြောင်ပြီးချက်ချင်းပြန်မပစ်နိုင်ဘူး” ဟု နတ်ဆိုးအဖွဲ့၏ တာဝန်ခံ ဗိုလ်နတ်ဆိုးက မဇ္ဈိမကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် လက်နက်ချင်းမမျှသဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းမျိုးမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် အဆိုပါစစ်ကောင်စီတပ်သည် ဇီးဖြူပင်ကျေးရွာနှင့် သုံးမိုင်အကွာရှိ ကင်းကျေးရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့နေ့လယ်တွင် မတ္တရာမြို့သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်သားများ မကြာခဏဆိုသလို စစ်ကြောင်းထိုးကာ ဒေသခံများကို စစ်ကြောင်းနှင့်အတူ ချောဆွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။
“လက်နက်အပြည့်အစုံကိုင်ထားပြီး ပြည်သူတွေကို ချောဆွဲတာမျိုးကို မလုပ်ဖို့ စစ်ကောင်စီတပ်ကို ပြောချင်ပါတယ်၊ လက်နက်ကိုင်အချင်း ချင်းပဲ ရင်ဆိုင်ပါ၊ သရဲဘောကြောင်တာမျိုးတွေ မလုပ်ပါနဲ့” ဟု ဗိုလ်နတ်ဆိုးက ပြောသည်။
နတ်ဆိုးအဖွဲ့အနေဖြင့် နောက်ပိုင်းတိုက်ခိုက်မှုများတွင် မိုင်းဆွဲတိုက်ခိုက်ယုံသာမကဘဲ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖော်ဆောင်မှုများပါ လုပ်ဆောင်သွားမည်ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီနှင့်ပတ်သက်သမျှကို အပြင်းအထန် တွန်းလှန်တိုက်ထုတ်နေပြီး စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အေးချမ်းစွာ ခိုလှုံကြရန် နတ်ဆိုးအဖွဲ့က သတိပေးထာသည်။ mizzima