Monthly Archives: Aug 2022

မြ၀တီမြို့နယ် ၊ သုံးထပ်ကွေ့ကို တိုက်လေ ယာဉ် ၄ စီးဖြင့် စစ်တပ်က အကြိမ်ကြိမ်ဗုံးကျဲနေပြီး တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ တပ်မဟာ ၆ နယ်မြေတွင် တိုက်လေယာဉ် ၄ စီးဖြင့် စစ်တပ်က အကြိမ်ကြိမ် ဗုံးကျဲနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်းမှစတင်၍ မြ၀တီမြို့နယ်၊ သုံးထပ်ကွေ့တွင် တိုက်ပွဲပြင်းထန်နေပြီး နံနက် ၁၀ နာရီအချိန်တွင် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ညနေ ၃ နာရီ ၃၀ အချိန်တွင် ထပ်မံ တိုက်လေယာဉ် ၄ စင်းဖြင့် ဗုံးလာကျဲချကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ ကျဆုံးမှု တချို့ရှိကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ဗုံးကျဲနေမှုကို ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ မြင်ရကြောင်း သိရှိရသည်။

“ကျနော်တို့သိထားတာ ထိခိုက်ကျဆုံးမှုတချို့ရှိတယ်။ တိုက်ပွဲက ပြင်းထန်တယ်။ BGF နဲ့ စစ်တပ်က ကုန်းကြောင်း အင်အားတွေ စစ်ကြောင်းထိုးလာတယ်။ အဲဒီလို အခြေအနေပါ” ဟု ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။ khit thit

မုန်းမြို့နယ်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံထောင်ချီထွက် ပြေး တိမ်းရှောင်

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ မုန်းမြို့နယ် ထိန်းချုပ်နယ်မြေအတွင်း ဩဂုတ် ၁၃ ရက် ဒီကနေ့မနက်အစောပိုင်းက ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်တပ်တို့အကြား တိုက်ပွဲဖြစ်ပွာပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့  မနက် ၅ နာရီကျော်အချိန် မုန်းမြို့နယ်  ကနစိုးပင်ကျေးရွာအနီး KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မနက် ၇ နာရီကျော်မှာ‌ ကနစိုးပင်ကျေးရွာအတွင်းကို ရဟတ်ယာဉ်နဲ့ လာရောက်ပတ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုကြေင့် ကနစိုးပင်ကျေးရွာရှိ ရွာသူရွာသားတွေ ၁၀၀၀ ကျော်  ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကနစိုးပင်ကျေးရွာမှာ  အိမ်ခြေပေါင်း ၂၂၀၊ လူဦးရေ ၁၁၁၇ လောက် နေထိုင်ကြပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအ သေးစိတ် မသိရသေးပါဘူး။

အဆိုပါကျေးရွာဟာ ကေအန်ယူထိန်းချုပ်ဒေသဖြစ်ပြီး စစ်ကောင်စီနဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာဖြစ်တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ DVB

ပြင်ပတွင် စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်ဈေးမြင့်တက်နေချိန် ရည် ညွှန်းဈေး ၄,၈၅၀ ကျပ် သတ်မှတ်

စားအုန်းဆီ တစ်ပိဿာလျှင် ၄,၈၅၀ ကျပ် သို့ တိုးမြှင့်သတ်မှတ်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချပါ​က အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဆိုထားသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ၄,၈၅၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပတွင် တစ်သောင်းကျော်ဖြင့် ဝယ်ယူနေရကြောင်း ရန်ကုန်မြို့ရှိ မဇ္ဈိမ​၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ ၂၂ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄,၈၅၀ ကျပ် သတ်မှတ်ထားကြောင်း အဆိုပါကော်မတီက ကြေညာထားသည်။

သို့သော် လက်လီဈေးကွက် အတွင်းရောင်းချနေသည့် စားအုန်းဆီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၉,၅၀၀ ကျပ်မှ တစ်သောင်းကျော်အထိရှိနေကြောင်း သိရသည်။

” အပြင်မှာတော့ စားအုန်းဆီ တစ်ပိဿ ၁၀,၈၀၀ ကျပ်ပေးဝယ်နေရတယ်။ ဒါတောင်တချို့ဆိုင်တွေ စာအုန်းဆီဈေးအရမ်းကြီးလို့ မရောင်းကြတာရှိတယ်။ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ရပ်ကွက်ထဲမှာ သူတို့သတ်မှတ်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတာတွေရှိတယ်။ ဒါပေမယ့် တန်းစီပြီး ခွဲတမ်းနဲ့ပဲရောင်းပေးတာ။ ဆီကလည်း အလေးချိန်မပြည့်တဲ့အပြင် အရည်အသွေးညံ့တယ်” ဟု လှိုင်သာယာမြို့နယ်မှ ပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကုန်သည်များနှင့်စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ပူးပေါင်းကာ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များနှင့် နယ်ဒေသများတွင် ရပ်ကွက်များအထိ ဩဂုတ်လ ၂၃ရက်တွင် စာအုန်းဆီ တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

စားအုန်းဆီအပြင် ပဲဆီ၊ နေကြာဆီ နှင့် ဟင်းသီးဟင်းရွက်ဆီတို့မှာလည်း ဈေးနှုန်းများမြင့်တက်နေပြီး တချို့သောဒေသများတွင် စားသုံးဆီ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး လိုအပ်သည့်အရေအတွက်အလိုက် ဝယ်မရကြောင်း မဇ္ဈိမ​၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။ mizzima

ကန့်ဘလူတွင် ညောင်ကုန်းကျေးရွာ မီးရှို့ခဲ့ သော စစ်ကြောင်းကို PDF တပ်များက တိုက် ခိုက်မှု စစ်သား ၄၀ ထက်မနည်းသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ တိုက်ပွဲပြင်း ထန်နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကျဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ညောင်ကုန်းကျေးရွာကို မီးရှို့လာသော အကြမ်း ဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရမိကြောင်း ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှ ပြန်ကြားရေး က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နံနက် ၁၀ နာရီတွင် စစ်တပ်က လေ ကြောင်း မှ ဗုံးကျဲတိုက်ခိုက်ကြောင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ ချပ် သင်း မှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 လက်နက်များသိမ်း ဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ဒီမနက် ၈နာရီကနေ စတင်ပြီး တိုက်ပွဲဖြစ်ပါတယ်။ မနက် ၁၀နာရီ ကျော်မှာ လေကြောင်းပစ်ကူလာတယ်။ လက် နက်က သိမ်းဆည်းရမိတဲ့အရေအတွက်က တိုက်ပွဲ မပြီးသေးလို့ မပြောနိုင်သေးပါဘူး။ စစ်ခွေးတွေ အထိနာနေတယ်” ဟု ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အကြမ်းဖက် စစ်တပ်က Mi 17 ၁ စီးဖြင့် ထောက်ပို့ ပေးပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး ၊ဂျက်တိုက်လေယာဥ် ၁ စီးဖြင့် လေ ကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

” မနေ့က ညောင်ကုန်းရွာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနောက်ဘက်ကို ထွက်သွားတယ်။ ကန့်ဘလူမြို့နယ် လက္ခုပင်ရွာနှင့် ကောလင်းမြို့နယ် အောင်ချန်းသာရွာ အကြားမှာ တိုက်ပွဲဖြစ်နေတာ မနေ့က ညောင်ကုန်းကို မီးရှို့တဲ့ စစ်ကြောင်းနဲ့ ကန့်ဘလူခရိုင် PDF တပ်တွေ တိုက်ပွဲဖြစ်တာ စကစ ဘက်က အသေများလို့ လေကြောင်းကနေ စစ်ကူလာတာ အသေအပျောက်က တော်တော်များတယ်။ စကစ ဘက်က သေတာ။ အခု Mi 35 ၁ စီး၊ ၂ ကြိမ် ပစ်တယ်။ ဂျက်ဖိုက်တာ ၁ စီးနဲ့ပါ ထပ်လာပစ်တယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ် ပြေးနေရတာပေါ့။ ပြည်သူတွေ ထိခိုက်မှု အခြေ အနေတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

မမများနဲ့ ပွဲကမယ်-စစ်ကိုင်းအောင်ပွဲအတွက် DVB အပါအဝင် မီဒီယာများကို NUG ဂုဏ်ပြု

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ပရောဂျက်အောင်ပွဲအတွက် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ဘက်တော်သားမီဒီယာတွေကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ပြည်သူ့ဘက်တော်သားမီဒီယာတွေထဲမှာတော့ DVB သတင်းဌာနအပါအဝင် ခေတ်သစ်မီဒီယာ၊ PVTV၊ မဇ္ဈိမမီဒီယာ၊ D Day Channel တို့လည်း ပါဝင်နေပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးရည်ရွယ်ကာ မြန်မာတနိုင်ငံလုံးမှာ အဘက်ဘက်က တိုက်ပွဲဝင်နေကြတဲ့ အမှန်တရားဘက်တော် သားတွေအတွက် မမများနဲ့ ပွဲကမယ်(စစ်ကိုင်းဒေသ)ပရောဂျက်မှာ ဉာဏအားနဲ့ ပါဝင်ကူညီအားဖြည့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

“နွေဦးတော်လှန်ရေးအတွက် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ထိအရေးပါ၊ အရာရောက်တယ်ဆိုတာ ပြည်သူအားလုံးသိပြီးဖြစ်မှာပါ။ ပြည်သူတွေကို သတင်းအမှန်ပြန်ကြားရေး၊ အချိန်နဲ့ တပြေးညီ သတင်းပို့ဆောင်နိုင်ရေးတွေမှာ အန္တရာယ်အခက်ခဲတွေကြားက ကြိုးစားထမ်းဆောင်ရင်း၊ တာဝန်ပေးနေခဲ့ကြတဲ့ ပြည်သူ့ဘက်တော်သား မီဒီယာများ… “ပြည်သူ့အောင်ပွဲ – မိုင်တိုင်အမှတ်(၂)”အတွက် မမပရောဂျက် (စစ်ကိုင်း) အောင်မြင်ရေးအတွက် ပံ့ပိုးပေးကြသူတွေများစွာထဲက ဒုတိယတဖြတ်အဖြစ် ပြည်သူ့မီဒီယာများကို လေးစားစွာမှတ် တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။….. မမရဲ့ ပထမပရောဂျက်ကတည်း က ဒီသတင်းမီဒီယာတွေရဲ့ ခွန်အားနဲ့ ပံ့ပိုးပေးမှူတွေဟာလည်း မမပရောဂျက်အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ ပြောရရင် ပြည်သူကြား မမရယ်လို့ အလျင်မြန်ရောက်ရှိပြီး အားလုံးရဲ့ ခွန်အားတွေ လျင်လျင်မြန်မြန်စုပေါင်းမိစေဖို့ဆိုတာ ဒီလိုပြည်သူ့ဘက်ကရပ်တည်ထားတဲ့ မီဒီယာတွေနဲ့ Celebrities တွေအားက တကယ်သက် ရောက်မှုပြင်းထန်ခဲ့ပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဒီပရောဂျက်မှာ ပါဝင်ပံ့ပိုးပေးခဲ့တဲ့ မင်းမော်ကွန်း၊ ချစ်သုဝေ တို့ အပါအဝင် အနုပညာရှင်တွေနဲ့ Social Influencer တွေကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားခဲ့တာပါ။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင် အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေတာပါ။

ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို  ပြီးခဲ့တဲ့ ဇွန် ၂၆ မှာ စတင်လိုက်ပြီး ရက် ၃၀ ကာလအတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာဖြစ်ကာ ကမ်ပိန်းပြီးဆုံး ချိန်မှာတော့ ကျပ်သိန်းပေါင်း ၂၇,၇၀၀ ထိ စံချိန်တင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေအနှံ့ ပြင်းထန်နေပါတယ်။ DVB

တောင်ဒဂုံတွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်တွင် ယနေ့ (ဩဂုတ်၂၃) နံနက်ပိုင်းက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရပြီး နေရာမှာပင် သေဆုံးသွားသည်ဟု သိရသည်။ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ရာအိမ်မှူးဦးတင်အောင်မှာ နံနက် ၁၀ နာရီခန့်က အိမ်သို့လမ်းလျှောက်ပြန်လာစဉ် လူသုံးဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

အသက် ၆၇ နှစ်အရွယ် ဦးတင်အောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦး ဖြစ်ပြီး စစ်တပ်သတင်းအဖြစ် လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ကြောင်း တောင်ဒဂုံ ၁၈ ရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီဝင် ဟုတ်မဟုတ်ကို သီးခြားအတည် မပြုနိုင်ပေ။

ယခုပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုလည်း မသိရသေးပေ။ ပစ်ခတ်မှု ဖြစ်ပြီးနောက် အခင်းဖြစ်ပွားရာ ရပ်ကွက်တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် အစစ်အ ဆေးကြမ်းနေသည်ဟုလည်း သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူမှုများ ရှိနေသော်လည်း ရန်ကုန်မြို့တွင် စစ်တပ်သတင်းပေးဆိုသူ များ၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။ လွန်ခဲ့ သည့် စနေ၊ တနင်္ဂနွေနေ့များတွင်လည်း ရာအိမ်မှူးနှစ်ဦးနှင့် ဒလန်ဆိုသူတစ်ဦးက ပစ်သတ်ခံရသည်။

ယမန်နေ့ကလည်း တွံတေးမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေးတက်ပြီး ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ သေနတ်ဖြင့်လုပ်ကြံခံရပြီး ၆ ဦးအထိ သေဆုံးခဲ့သည်။myanmar now

ကျိုက်လက်မြို့အထွက် စစ်ကောင်စီ၏ စစ် ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့အထွက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ယနေ့သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ကျိုက်လတ်မြို့အထွက်ရှိ လှည်းဆိပ်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်များနှင့် ရဲများသည် ခရီးသွားပြည်သူများအား မတရားငွေကြေးတောင်း ယူခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းများပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် အဖွဲ့ထံက သိရသည်။

“အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာပါ။ အထိအခိုက်ရှိ မရှိတော့ အတိအကျ မသိရသေးဘူး။ စိစစ်ပြီးမှ အတိအကျပြောလို့ရမယ်။ ကျွန်တော်တို့အဖွဲ့ဝင်တွေအားလုံး ဘေးကင်းပါတယ်” ဟု ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် အမည်မဖော်လိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် လက်ရှိတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ကျိုက်လတ်မြို့ အဝင်အထွက်လမ်းများအား ပိတ်ဆို့စစ် ဆေးမှုများ ပြုလုပ်ကြောင်း ဒေသခံများထံက သိရသည်။

လှည်းဆိပ်စစ်ဆေးရေးဂိတ်သည် ကျိုက်လတ်မြို့မှ မအူပင်မြို့သို့ သွားသည့် လမ်းပေါ်တွင်ရှိပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ဖြစ်သည်။mizzima

ကလေးမြို့နယ်တိုက်ပွဲ စစ်တပ်က ၃ ဦးသေ ဆုံး၊ ဒေသခံများ ထွက်ပြေးရ

စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်မှာ ဩဂုတ် ၂၂ ရက်က ရန်ကြီးအောင် စစ်ဆေးရေးဂိတ်မှာ တပ်စွဲ ထားတဲ့ စစ်သား ၁၃ ယောက်ဟာ တိုက်ကင်းထွက်လာချိန် သံဖိုကျေးရွာနားအရောက် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ CDF-KKG ထံက သိရပါတယ်။

၂ နာရီလောက်ကြာတဲ့ အဲဒီတိုက်ပွဲမှာ စစ်တပ်က ၂ ဦး သေဆုံးခဲ့ပြီး သူတို့ရဲ့တပ်စခန်းဘက်ကို ပြန်ဆုတ်သွားကြတယ်လို့ CDF-KKGက ရဲဘော် တဦးက ပြောပါတယ်။

ဆုတ်ခွာသွားတဲ့ စစ်တပ်ဟာ ရန်ကြီးအောင်စစ်ဆေးရေးဂိတ်ကနေ နောက်ထပ်တစ်ကြိမ် ရောက်လာတာကြောင့် CDF-KKG ပူးပေါင်းတပ်ဖွဲ့နဲ့ ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး တပ်သား ၁ ယောက် ထပ်သေခဲ့တယ်လို့  အဆိုပါရဲဘော်က ပြောပါတယ်။

မနေ့ကတိုက်ပွဲမှာ စစ်တပ်က ၃ ယောက် သေခဲ့ပေမဲ့ ပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးတာ မရှိဘူးလို့ CDF-KKG ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ပွဲအပြီး စစ်တပ်က သံဖိုကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် သံဖိုကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။ DVB

NCA ထိုးပြီးပါက တိုင်းရင်းသား လက်နက်အဖွဲ့များ လက်နက် ဆက်ကိုင်လိုလျှင် စစ်တပ် နှင့်နယ်ခြားစောင့်တပ်ထဲ ဝင်နိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၀၈ အခြေခံဥပဒေတွင် အခြေခံရမည်ဟု မင်းအောင်လှိုင်ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ အနေဖြင့် NCA တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးပါက လက်နက်ဆက်ကိုင်လိုလျှင် စစ်တပ်နှင့် နယ် ခြား စောင့်တပ် ထဲဝင်နိုင်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးချိန်တွင် လက်နက်ဆက်ကိုင်လိုပါက စစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း မင်းအောင်လှိုင်က ပြော သည်။

EAO များအနေဖြင့် NCA ရေးထိုးပြီးပါက စီးပွားရေးလုပ်ငန်းလုပ်ဆောင်လိုလျှင်လည်း ကူညီပေးမည်ဖြစ်ပြီး တိုင်ရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးများအတွက်လည်း လွှတ်တော်တွင်ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုထားသည်။

သို့ရာတွင် ပြည်သူများအားထိခိုက်နစ်နာမှုရှိအောင် လုပ်ဆောင်ခဲ့မှုများ ရှိပါက နစ်နာသူက တိုင်တန်းလာလျှင် ဥပဒေနှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းက ပြောသည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးကာ ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ထောင်ရန် ဦးတည် ဆောက်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကိုလည်း ၂၀၀၈နှင့် NCA အပေါ်အခြေခံပြီး လုပ်ဆောက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် NCA ရေထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိနေပြီး NCA မရေးထိုး ရသေးသည့် EAO များကိုလည်း ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆို သည်။ khit thit

ကသာမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ၍ လေကြောင်းပစ်ကူပါ ခေါ်ရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အသေအဆုံးများ၍ လေကြောင်းပစ်ကူပါခေါ်၍ ပြန်လည်တိုက်ခိုက်ရကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ကသာမြို့ အရှေ့ဘက်ကမ်း ခုနစ်မိုင်အကွာ ဧရာဝတီမြစ်အနီးရှိ ဘန့်ဘွေးကုန်းကျေးရွာအတွင်း ရွာလည်နှင့်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား ၅၀ခန့်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဩဂုတ်လ ၂၂ ရက် မနက်အစောပိုင်းမှစတင်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အထိနာ၍ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ လေယာဉ်နှစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့က တစ်ခါတည်း ဝင်စီးဖို့သွားကြတာ၊ မြေပြင်သတင်းပို့တာက အဲ့ရွာမှာ တပ်စွဲထားတာ ၄၈ ယောက်လောက်ပဲ ရှိတယ်၊ ၃၀ကျော်လောက်သေတယ်၊ လေယာဉ်ပစ်ကူလာလို့ ပြန်ဆုတ်လိုက်ကြတာ၊ လေယာဉ်ရောက်လာတဲ့အချိန် ပစ်တဲ့အခါမှ ကျွန်တော်တို့ အဖွဲ့တွေက ပြန်ဆုတ်ပြီးနေပြီ၊ စစ်ခွေးတွေကိုတောင် ပြန်ထိနိုင်တယ် ” ဟု ကသာ ပကဖ၏ စစ်ရေးနှင့်အင်အား စုဆောင်းရေးတာဝန်ခံ ဗိုလ်ဂဠုန်က မဇ္ဈိမသို့ ပြောသည်။

ဂျက်ဖိုက်တာ လေယာဉ်များ မရောက်လာခင်အချိန်တွင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကာသာမြို့ပေါ်ရှိ ခမရ(၃၀၉) တပ်ရင်းမှ ၁၂၀ မမ လက် နက်ကြီးများ ပစ်ကူပေးခဲ့ပြီး စက်လှေဖြင့် စစ်ကူများပါ ရောက်ရှိလာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲဲ့ရသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ကသာမြို့နယ် ပကဖနှင့် ဒေသခံ ကာကွယ်ရေးတပ်ပေါင်းစုတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

” ဘန့်ဘွေးကုန်းက ရွာပျက်လိုဖြစ်နေတာ၊ ဧရာဝတီမြစ်ရေတိုးရင် ရေမြုပ်လို့ ရွာသားတော်တော်များများက တစ်ခြားကို ပြောင်းရွှေ့နေတာများတယ်၊ အရင်ကတော့ အိမ်ခြေ ၅၀လောက်ရှိတယ်၊ အခုတော့ နေတဲ့သူ မရှိသလောက်ပဲ” ဟု ဗိုလ်ဂဠုန်က ပြောသည်။

ဘန့်ဘွေးကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ရောက်ရှိလာကာ လက်ရှိအချိန်ထိ တပ်စွဲထားခြင်းဖြစ်သည်။

သြဂုတ်လ ၁၈ ရက်ကလည်း ကသာမြို့ကသာမြို့၏မြောက်ဘက် ခြောက်မိုင်အကွာရှိ နကူးရွာ အနီး ဧရာဝတီမြစ်အတွင်း၌ စစ်ကောင်စီတပ်မှ ရိက္ခာတင်သင်္ဘောနှင့် သံခွန်ခြောက်စီးကို လျှော့တိုက်ဒုံး များ၊ လျှော့တိုက်ပြောင်းများဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ mizzima

« Older Entries