အင်းတော်-ကျောင်းကုန်းလမ်းပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်

စစ်ကိုင်းတိုင်း ကသာခရိုင် ၊ အင်းတော်မြို့နယ် အင်းတော်-ကျောင်းကုန်းလမ်းပိုင်း တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပကဖပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်း ရရှိသည်။
ထီးချိုင့်မြို့နယ်မှ တက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များအကြား လက်နက်ကြီး၊ လက် နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှခြောက်ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း လေးဦးကျဆုံးခဲ့ကြောင်း အင်းတော် PDF မှ ရဲဘော်တစ်ဦးကပြောသည်။
“ထီးချိုင့်ကနေတက်လာတဲ့ စစ်ခွေးတွေနဲ့ တိုက်ပွဲဖြစ်တာဗျ။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာဖြစ်တာပါ။ စစ်သား ခြောက်ယောက်သေတယ်၊ ရဲဘော်လေးဦးတော့ ကျဆုံးခဲ့တယ်ဗျ။ ကျနော်တို့ဘက်က ဗျူဟာလို သွားလို့ပါ။ စစ်တိုက်ရင် စစ်ဗျူဟာက အရေးကြီးဆုံးပဲလေ” ဟု ၎င်းက ပြောကြားသည်။
ယမန်နေ့ သြဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ပထမအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ကာ အချိန်တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်သည် အင်းတော်မြို့နယ် ကျောင်းကုန်းရွာတွင် တပ်စွဲလျက်ရှိပြီး ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ရကြောင်း သိရသည်။
တိုက်ပွဲအတွင်း မြင့်မြတ်စွာကျဆုံးသွားသည့် ရဲဘော်များကို ကောင်းမွန်စွာသင်္ဂြိုလ်ပြီးစီးဖြစ်ကြောင်း သိရ ပြီး ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)မှ အသက် ၂၇ နှစ်အရွယ် ရဲဘော်တစ်ဦး၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ထီးချိုင့်)မှ အသက် ၁၈ နှစ်နှင့် ၂၃ နှစ်အရွယ် ရဲဘော်နှစ်ဦး၊ ဒေသကာကွယ်ရေး တပ်ဖွဲ့မှ အသက် ၃၅ နှစ်အရွယ် ရဲဘော်တစ်ဦးတို့ ပါဝင်သည်။
အင်းတော်မြို့နယ်တွင် သြဂုတ်လ ၁၉ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စစ်ကောင်စီတပ် အထိနာပြီး ထီးချိုင့်မြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကာ သြဂုတ်လ ၂၀ ရက်နေ့တွင် ပြန်တက်လာခြင်းဖြစ် သည်။
ယနေ့သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် မော်လူး-အင်းတော်လမ်းအား နံနက် ၉ နာရီမှစ၍ အကန့်အသတ် မရှိ ယာယီပိတ်ကြောင်း Indaw Revolution-IR က အသိပေးသည်။ ထုတ်ပြန်ချက်တွင် ကား၊ ဆိုင်ကယ်၊ သုံးဘီး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန်တောင်းဆိုထားပြီး လမ်းဖွင့်သည့်ခါ ပြန် လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်းပါရှိသည်။mizzima