Monthly Archives: Aug 2022

ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာ၌ စည်ပင်အရာရှိ တဦး ပစ်သတ်ခံရ

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာမှာ ဩဂုတ် ၂၂ ရက် နေ့လယ် ၃ နာရီ လောက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဦးစီးအရာရှိ တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ ရတယ်လို့ လက်ကောင်းရွာနေသူတွေက ပြောပါတယ်။

စည်ပင်အဖွဲ့ဟာ လမ်းလယ်ကျွန်း မြေဖို့လုပ်ငန်းနဲ့ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ဆိုင်ကယ်နဲ့ အမျိုးသား နှစ်ယောက် ရောက်လာကာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်းကို သေနတ်နဲ့ ပစ်သွားတာလို့ သိရပါတယ်။

လက်ကောင်းရွာနေသူ တဦးက “မနေ့က ရွာနားက ဘုန်းကြီးကျောင်းနားမှာ ရဲရော စစ်သားရော အရပ်ဝတ်တွေရော လမ်းပိတ်ပြီး စစ်နေတာ။ ဒီနေ့တော့ အစစ်အဆေး မတွေ့ဘူး”လို့  ပြော ပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့ ဦးအောင်ကျော်ဆန်းမှာ ဘယ်ဘက်ရင်အုံ ဖောက်ထွက် ဒဏ်ရာ ရခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ စည်ပင်သာယာအသိုင်းအဝိုင်း က သိရပါတယ်။

အဲဒီနေ့မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြိုနယ်က စက်မှု ၁ ဈေးမှာ ဈေးလာဝယ်သူ မြေပွဲစား ဦးစိုးနှင်းဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ DVB

စစ်တပ်နှင့်တောင်ကိုရီးယားPOSCO ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသော Lotte Hotel မှ မြန် မာဝန်ထမ်း ၈၀၀ ကျော်ကို တစ်ဒေါ်လာ ကျပ် ၁၀၀၀ နှုန်းဖြင့် လစာ ချိုးနှိမ်ပေး၊ “မလုပ်နိုင်လျှင် ထွက်ကြ” ဆိုသည့် ပုံစံမျိုး မြန်မာဝန် ထမ်းများ ဆက်ဆံခံနေရဟုဆို

ရန်ကုန်၊ အင်လျားကန်ဘေးတွင် စစ်တပ်နှင့်တောင်ကိုရီးယား POSCO ကုမ္ပဏီတို့ ပူးပေါင်း ဆောက်လုပ်ထားသော Lotte Hotel က မြန်မာဝန်ထမ်း ၈၀၀ ကျော် ကို တစ်ဒေါ်လာလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် တွက်ချက်၍ လစာပေးနေပြီး အလုပ်မလုပ်နိုင်လျှင် ထွက်ကြရန် ဟိုတယ်ဘက်က ပြောဆိုမှုများ ရှိကြောင်း သိရှိရသည်။

LOTTE ဟိုတယ်ကို စစ်တပ်ပိုင် မြေကွက်တွင် ငှားရမ်းတည်ဆောက်ထားခြင်းဖြစ်ပြီး ဟိုတယ်က စစ်ထောက် ချုပ်ရုံးထံ မြေငှားရမ်းခ နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၄ သန်းကို ပေးချေရကြောင်း၊ ထို့ပြင် တစ်ပေါင်းတည်းသွင်းရသည့် မြေနေရာအသုံးပြုမှု အာမခံကြေး အမေရိကန်‌ ဒေါ်လာ ၁၃ ဒသမ ၅၁ သန်းကိုလည်း ပေးချေခဲ့ရကြောင်း သိရှိရသည်။

LOTTE ဟိုတယ်ကို တောင်ကိုရီးယား POSCO International ကုမ္ပဏီက ရှယ် ယာ ၆၉ ဒသမ ၃ ရာခိုင်နှုန်း၊ LOTTE Corporation က စီမံကိန်း၏ ၁၅ ဒသမ ၇ ရာခိုင် နှုန်း၊ အောင်သောင်း သားဖြစ်သူ နေအောင်နှင့် ရေတပ်ဗိုလ်ချုပ် မိုးအောင်တို့ ပိုင်ဆိုင်သော Spirit Paradise Services (ယခင်နာမည် IGE-Sinphyushin) က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ၂၀၁၇ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဟိုတယ် စတင်ဖွင့်လှစ်ချိန်က မြန်မာဝန်ထမ်းများကို အလုပ်ခေါ်ယူခဲ့ရာ တွင် အလုပ်သမား စာချုပ်တွင် စျေးကွက်ပေါက်စျေးဖြင့် လစာပေးမည်ဟု သဘောတူခဲ့ကြကြောင်း၊ ထိုအချိန်က တစ်ဒေါ်လာလျှင် ငွေကျပ် ၁၀၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိခဲ့ပြီး တစ်ဒေါ်လာ ၁၀၀၀ ကျပ်အတိဖြင့် လစာပေးခဲ့ကြောင်း၊ သို့ရာတွင် ယခုအချိန် တစ်ဒေါ်လာ ၃၀၀၀ ကျပ် ဖြစ်လာချိန်တွင်လည်း အလုပ်စတင် စာချုပ်ချုပ်ခဲ့စဉ်က ပေါက်စျေး တစ်ဒေါ်လာ ၁၀၀၀ ကျပ်ဝန်းကျင်ဖြင့်သာ လစာ ဆက်လက်ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဟိုတယ်စဖွင့်တုန်းက ငွေလဲလှယ်နှုန်းထားက တစ်ဒေါ်လာကို ၁၀၀၀ ဝန်းကျင်ရှိတော့ တစ်ဒေါ်လာကို မြန်မာငွေ တစ်ထောင်နှုန်း စျေးဖြတ်ပေးပါတယ်။ အဲဒီကတည်းက တစ်ဒေါ်လာ ၁၀၀၀ ကျပ်နဲ့ စျေးဖြတ်ပေးနေခဲ့တာ အခုထက်ထိပဲ။ စျေးကွက် ပေါက်စျေးအတိုင်းလည်း မပေးဘူး။ ဦးအောင်သောင်းသား နေအောင် နဲ့ ကိုရီးယား Management အဖွဲ့က အရမ်းပနံသင့်ပါတယ်။ စစ်ခွေးခေါင်းဆောင်တွေရဲ့ တချို့ meeting တွေကို Hotel Ballroom တွေမှာ တိတ် တဆိတ်ပွဲတွေလည်းလုပ်လေ့ရှိပါတယ်။ လက်ရှိရန်ကုန်မှာရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် တွေထဲမှာ ဧည့်သည် အများဆုံးအသုံးပြုပြီး မင်္ဂလာပွဲတွေ၊ Meeting ပွဲတွေ အများဆုံးလက်ခံလုပ်ဆောင်နေပြီး မြန်မာလူမျိုးဝန်ထမ်းတွေအပေါ်မှာတော့ လစာကို ခေါင်းပုံဖြတ် ပါတယ်” ဟု Lotte Hotel ဝန်ထမ်း တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဝန်ထမ်းများကို လစာပေးရာတွင် လက်ရှိ ဗဟိုဘဏ်၏ သတ်မှတ်စျေး တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့်ပင် မပေးဘဲ တစ်ဒေါ်လာလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်သာ တွက်ချက် ပေးချေနေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် Lotte Hotel တွင် မြန်မာဝန်ထမ်း စုစုပေါင်း ၈၀၀ မှ ၉၀၀ ကြား ရှိနေပြီး အလုပ် အကိုင်ရှားပါးနေချိန်ဖြစ်သည့်အတွက် မလုပ်နိုင်လျှင်ထွက် ဟူသည့် ပုံစံမျိုးနှင့် ဟိုတယ်ဘက်က တုံ့ပြန်လာကြောင်း ၊ ရန်ကုန်တွင် ဟိုတယ်အများစု ပိတ်ထားသည့် အခြေအနေဖြစ်သည့်အတွက် Lotte Hotel တွင် လုပ်ကိုင်နေရသော ဝန်ထမ်းများ ရသင့်ရထိုက်သော လုပ်ခနှုန်းထား မရကြကြောင်း ဟိုတယ်ဝန်ထမ်း များကဆိုကြသည်။

“တစ်ဒေါ်လာကို မြန်မာငွေ ၁၀၀၀ ကျပ်ကျော် တဲ့အချိန်တုန်းကလည်း ၁ ဒေါ် လာကို မြန်မာငွေ တစ်ထောင်နှုန်းနဲ့ပဲပေးတယ်။ အခုထက်ထိလည်း ၁ ဒေါ်လာ ၁၀၀၀ ပဲ။ မြန်မာဝန်ထမ်းစုစုပေါင်း ၈၀၀ နဲ့ ၉၀၀ အကြား ကြားထဲမှာရှိပါတယ်။ လက်ရှိကာလမှာဖြစ်ပေါ်နေတာက ပေးတာယူကျွေးတာစား မလုပ်နိုင်ရင် ထွက်ဆိုတဲ့ ပုံစံမျိုးနဲ့အုပ်ချုပ်နေတာပါ။ အကျပ်ကိုင်တာပေါ့။ လက်ရှိကာလမှာအလုပ်အကိုင်ရှားပါးတော့ ငါတို့ပေးသလောက်နဲ့ မင်းတို့ မလုပ်နိုင်ရင် ထွက်သွားဆိုတဲ့ပုံစံမျိုး။ နောက်လူလာမှာပဲဆိုတဲ့ပုံစံမျိုးပါ” ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက LOTTE ဟိုတယ်ထံသို့ ရန်ကုန်ခေတ်သစ်သတင်း ဌာနက အဆိုပါကိစ္စဖြင့် ပတ်သက်ပြီး တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ HR ဌာနမှ တာဝန်ရှိသူတစ်ဦးက ” HR ဌာန ခေါင်းဆောင်က အစည်း အဝေးသွားနေလို့ပါ။ သူပြန်လာရင်တော့ ပြန်ပြီးအကြောင်းပေးပါ့မယ်” ဟု တုံ့ပြန်ပြောဆိုသည်။

LOTTE ဟိုတယ် Room Reservation ဌာနကမူ ဟိုတယ်တွင် လာရောက် တည်းခိုသူများကို တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် ငွေလဲနှုန်း သတ်မှတ်၍ မြန်မာငွေပေးနိုင်သော်လည်း ဝန်ထမ်းများကို တစ်ဒေါ်လာ ၁၀၀၀ ကျပ် ဖြင့် လစာပေးသည့်ကိစ္စကို ဖြေကြားရန် တာဝန်မရှိကြောင်း၊ HR ဌာနကိုသာ ဆက်သွယ်ရန် ပြောဆိုသည်။ khit thit

မကွေးတိုင်းအတွင်း ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးသေ ဟုဆို

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်တောင်ပိုင်းသို့ စစ်ချီလာသော စစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) CDF – KKG မှ ယမန်နေ့ ဩဂုတ်လ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၈နာရီကျော်တွင် အင်အား ၆၀ကျော်ဖြင့် ချီတက်လာသော စစ်ကြောင်းအား ရှောက်ပင်(အောင်မြင်) ရွာနှင့် လုံခြုံရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်းဆိုသည်။

အဆိုပါတိုက်ပွဲအား CDF – KKG တပ်ရင်း (၆) ၊ CDF – Zotong ၊ နဂါးညီနောင် ၊ YPDF ၊ YDF ၊ နပတ ၊ PDF – Gangaw တောင်ပိုင်း တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်မှ ရဲဘော်နှစ်ဦးလက်တွင် ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူပိုင် နွားလေးကောင်ကို ပစ်သတ်သွားခဲ့ပြီး ရှောက်ပင်ရွာမှ လူနေအိမ်သုံးလုံးအား မီးတင်ရှို့ခဲ့ရာ ကာ ကွယ်ရေးရဲဘော်များမှ အချိန်မီ ငြိမ်းသတ်နိုင်သော်လည်း ဆုံးရှုံးမှုအချို့ရှိခဲ့ကြောင်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ရှောက်ပင်ရွာမှ မိန်းကလေးများအား ဖမ်းဆီးခေါ် ဆောင်ကာ ရှောက်ပင်ရွာနှင့် ပျားရွာ အကြားရှိ တံတားကို ဖြတ်သန်းချိန်တွင် လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၂ရက် နံနက် ၇နာရီ ၃၀မိနစ်အချိန်က ဂန့်ဂေါ-လောင်ထောင် တံတားထိပ်တွင် စစ်ကောင်စီတပ်က အင်အား ၅၀ခန့် ချထားပြီး ပျားရွာ ၊ အောင်မြင်ရွာ ဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် မိဘပြည်သူများ ဘေးလွတ်ရာသို့ အမြန်ရွှေ့ပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါတောင်ပိုင်း)မှ သတိပေးချက် ထုတ်ပြန်ထားသည်။ mizzima

စစ်ခေါင်းဆောင်၏ ၆ မိုင်ခွဲ Inya View နေ ရာရောင်းချမှု ကန်ဒေါ်လာ ၂ သန်း ရထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်သူထံမှ ခိုးယူထားတဲ့ ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကို NUG အစိုးရက ဩဂုတ် ၅ ရက်က စတင်ရောင်းချနေရာမှာ သီတင်း ၂ ပတ်ကျော်အတွင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းချထားရပြီလို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မတရားယူထားတဲ့ ရန်ကုန်မြို့ရှိ အင်းယားလမ်းနေအိမ်ကို NUG က အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ တန်ဖိုး ဖြတ်ရှယ်တွေအားလုံးရောင်းချခဲ့အပြီးမှာ  အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယ အစီအစဉ်အဖြစ်  လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့  နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိတဲ့ Inya View နေရာကို NUG က ထပ်မံ ရောင်းချနေတာပါ။

“ဒေါ်လာ ၂ သန်းဖိုး ရောင်းခဲ့ပြီးပါပြီ… Inya View @6.5mile project ကြီးက သတ်မှတ်ရှယ်ယာတန်ဖိုး ဒေါ်လာ ၇ သန်းမှာ ၂ သန်းထိခရီးပေါက်ခဲ့ပြီဆိုတော့ ၂၈ ရာခိုင်နှုန်းလောက် အောင်မြင်ခဲ့ပြီ ဆိုရပါမယ်။ ၂ ပတ်စွန်းစွန်းမှာတင် ဒေါ်လာ ၂ သန်းဖိုးရောင်းရတယ်ဆိုတာ တွေးကြည့်ရင်အားရှိစရာကြီးပါ။  EOD share တွေဝယ်ကြတယ်ဆိုတာ – ဂုဏ်သိက္ခာအရလည်း တန်ဖိုးရှိတယ်။ ငွေကြေးအရလည်း မြတ်ဦးမယ်။ ဆွေစဉ်မျိုးဆက် လိပ်ပြာလုံ၊ သိက္ခာရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ကိုယ် တပင်တပန်းရှာထားတဲ့ ပိုက်ဆံကို အဘက်ဘက်က သေချာပေါက်မြတ်မယ့် project တွေမှာ ရင်းနှီးမြှုပ်နှံပါ။ သွားရမယ့် ခရီးကြီးကရှည်ရင် ရှေ့တလှမ်းချင်းစီကို အာရုံစိုက်ပြီးသွားကြရပါမယ်။ Project တခုချင်းစီ အောင်မြင်အောင် ဆောင်ရွက်ကြရင်း တော်လှန်ရေးကြီး အဆုံးသတ်အောင်မြင်မယ့်နေ့ကို မလွဲမသွေ ရောက်လာတော့မှာပါ။ ပွဲပြီးတဲ့နေ့ လက်မထောင်နိုင်ဖို့ EOD share ဝယ်ကြပါဦးလို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်” လို့  EOD project စီစဉ်သူတွေက တိုက်တွန်းထားပါတယ်။

အခုရောင်းချမှုမှာတော့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရှယ်ရာပေါင်း ၅၀၀ (ဒေါ်လာ ငါးသောင်းဖိုး) ကို တယောက်တည်းက ဝယ်ယူအားဖြည့်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာလည်း ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ၈၈ တုန်းက အမြစ်မပြတ်ခဲ့လို့ ၂၀၂၁ မှာ တခါ ခေါင်းထောင်လာတဲ့ အာဏာရှင်စနစ်ကို၊ သူတို့ခေတ်မှာ အမြစ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ကာပူနိုင်ငံကနေ 8888 အမည်နဲ့ ရှယ်ယာ ၈၈ စောင် ဝယ်ယူသူ တဦးလည်း ပေါ်ထွက်လာခဲ့တယ်လို့ EOD က ဆိုပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။ DVB

အင်းတော်-ကျောင်းကုန်းလမ်းပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်

စစ်ကိုင်းတိုင်း ကသာခရိုင် ၊ အင်းတော်မြို့နယ် အင်းတော်-ကျောင်းကုန်းလမ်းပိုင်း တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပကဖပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်း ရရှိသည်။

ထီးချိုင့်မြို့နယ်မှ တက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များအကြား လက်နက်ကြီး၊ လက် နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှခြောက်ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း လေးဦးကျဆုံးခဲ့ကြောင်း အင်းတော် PDF မှ ရဲဘော်တစ်ဦးကပြောသည်။

“ထီးချိုင့်ကနေတက်လာတဲ့ စစ်ခွေးတွေနဲ့ တိုက်ပွဲဖြစ်တာ‌ဗျ။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာဖြစ်တာပါ။ စစ်သား‌ ခြောက်ယောက်သေတယ်၊ ရဲ‌ဘော်လေးဦးတော့ ကျဆုံးခဲ့တယ်ဗျ။ ကျနော်တို့ဘက်က ဗျူဟာလို သွားလို့ပါ။ စစ်တိုက်ရင် စစ်ဗျူဟာက အရေးကြီးဆုံးပဲလေ” ဟု ၎င်းက ပြောကြားသည်။

ယမန်နေ့ သြဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ပထမအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ကာ အချိန်တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်သည် အင်းတော်မြို့နယ် ကျောင်းကုန်းရွာတွင် တပ်စွဲလျက်ရှိပြီး ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း မြင့်မြတ်စွာကျဆုံးသွားသည့် ရဲဘော်များကို ကောင်းမွန်စွာသင်္ဂြိုလ်ပြီးစီးဖြစ်ကြောင်း သိရ ပြီး ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)မှ အသက် ၂၇ နှစ်အရွယ် ရဲဘော်တစ်ဦး၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ထီးချိုင့်)မှ အသက် ၁၈ နှစ်နှင့် ၂၃ နှစ်အရွယ် ရဲဘော်နှစ်ဦး၊ ဒေသကာကွယ်ရေး တပ်ဖွဲ့မှ အသက် ၃၅ နှစ်အရွယ် ရဲဘော်တစ်ဦးတို့ ပါဝင်သည်။

အင်းတော်မြို့နယ်တွင် သြဂုတ်လ ၁၉ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စစ်ကောင်စီတပ် အထိနာပြီး ထီးချိုင့်မြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကာ သြဂုတ်လ ၂၀ ရက်နေ့တွင် ပြန်တက်လာခြင်းဖြစ် သည်။

ယနေ့သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် မော်လူး-အင်းတော်လမ်းအား နံနက် ၉ နာရီမှစ၍ အကန့်အသတ် မရှိ ယာယီပိတ်ကြောင်း Indaw Revolution-IR က အသိပေးသည်။ ထုတ်ပြန်ချက်တွင် ကား၊ ဆိုင်ကယ်၊ သုံးဘီး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန်တောင်းဆိုထားပြီး လမ်းဖွင့်သည့်ခါ ပြန် လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်းပါရှိသည်။mizzima

မီးဘေးသင့်ပြည်သူများအတွက် “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ် လျာထားချက် မပြည့်သေး

အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသတွေက မီးဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည် ဆောက်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်ကို ပြုလုပ်နေရာမှာ လတ်တလောမှာတော့ Final Call ခေါ်ယူထားပြီးတော့ လျာထားလက်မှတ် ရောင်းချရမှု ပြည့် မီဖို့ ခက်ခဲနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကိုတော့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ OFP , Global Fundraiser Group (GFG)တို့က ပူးပေါင်းဆောက်ရွက်တာဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကနေ လက်မှတ်တွေ စတင်ရောင်းချနေတာ ဖြစ်ပါတယ်။

“Final Call!!!!! မနက်ဖြန်ဆိုရင် ကျွန်တော်တို့ လက်မှတ်အရောင်းပိတ်တော့မှာဖြစ်ပါတယ်။ ယနေ့အထိ လက်မှတ်စောင်ရေ နှစ်သောင်းငါးထောင်ကျော်သာ ရောင်းရသေးတဲ့အတွက် သတ်မှတ်ချိန်မှာ သတ်မှတ်ချက် ပြည့်မီဖို့  အတော်ခက်ခဲနေဆဲပါဗျာ။ ကျွန်တော်တို့ ရံပုံငွေရှာ ဖွေရေးအဖွဲ့တွေအားလုံး Day-1 မှသည် ယနေ့အထိ အကောင်းဆုံးကြိုးစား ရောင်းချနေဆဲပါဗျာ။ နောက်ဆုံးကျန်တဲ့ နှစ်ရက်အတွင်းမှာ မီးရှို့ခံဒေသကပြည်သူတွေကို စာနာစိတ်နဲ့ ဆက်လက် ဖေးမကူညီကြပါဦးစို့။ အမေ့လက်ဆောင် လက်မှတ်တွေ ဒီထက်ပိုပြီး ရောင်းချနိုင်ဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။”

လတ်တလော မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေအပြင် လေကြောင်းက ဗုံးကြဲ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီး ရှို့ဖျက်ဆီးတာတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆, ၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူပြီးကတည်းက လူ ၄၁,၉၀၀ ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

“အမေမှာကြားခဲ့တဲ့ ဆုံးမစကားဖြစ်တဲ့ အခက်အခဲတွေ ကြုံရတဲ့ အချိန်မှာ အချင်းချင်း စောင့်ရှောက်ကြပါ၊ ကူညီကြပါ ဆိုတဲ့ စကားလေးကို လိုက်နာသောအားဖြင့် ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်း ကူညီကြရပါမယ်။”

လတ်တလောမှာတော့ အမေ့လက်ဆောင် အမေ့ယပ်တောင် အစီအစဉ်မှာ အားလုံးတတပ်တအား ပါဝင်နိုင်ဖို့ နှိုးဆော်ထားပြီး ယပ်တောင်လေးရဲ့ ကံထူးရှင်ကိုတော့ လာမယ့် ဩဂုတ် ၂၆ ရက်မှာ ကြေညာဖို့ အစီအစဉ်ရှိပါတယ်။ DVB

ရေဖြူ – ထားဝယ် ကားလမ်းပိုင်းတွင် စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရှိ ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်သားများ စီးနင်း လိုက်ပါလာသည့် ယာဉ် နှစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများ စီးနင်းလိုက်ပါလာသည့် ကား နှစ်စီး သည် ရေဖြူဖက်မှ ထားဝယ်သို့ ဦးတည် မောင်းနှင် လာစဉ် နံနက် ၆ နာရီ အချိန်တွင် ကြားဖြတ် မိုင်းဆွဲခံရခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှုများ ရှိနိုင် သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရေဖြူမြို့ခံ တစ်ဦးက”မိုင်း ပေါက်ကွဲသံက ကြမ်းလို့ အိမ်ပါ တုန်လှုပ် သွားတယ်။ စစ်သားတွေ ကားပေါ်ကနေ သေနတ်နဲ့ ရမ်းပစ်ခတ်ပြီး ထား ဝယ် တိုက်နယ် ဆေးရုံသို့ အရှိန်ပြင်း မောင်းပြေး သွားတယ်”ဟု ပြောသည်။

လက်ရှိတွင် ယင်း စစ်ကောင်စီယာဉ် နှစ်စီးသည် မိုင်းဆွဲခံရမှုကြောင့် ထိခိုက်သေဆုံးမှုကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ မည်သည့် အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကိုလည်း ထုတ်ပြန်ခြင်း မရှိသေးပေ။ mizzima

ဂန့်ဂေါနှင့်ထီးလင်းကို စစ်ကောင်စီက စစ် ကြောင်း ၄ ကြောင်းဖြင့် ထိုးစစ်ဆင်၊ ရွာ ၇ ရွာက ပြည်သူများ ထွက်ပြေးနေရ

မကွေးတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျေး ရွာ ၇ ရွာလောက်က ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး အမျိုးသားတယောက် စစ်ဘေးရှောင်ရင်း သေဆုံးခဲ့တယ်လို့ ယောဒေကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် လုံခြုံရွာနားမှာ သြဂုတ် ၂၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ မိနစ် ၄၀ လောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ယောက်လက်မှာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကိုတော့ မသိရသေးဘူးလို့ ယောဒေသကာကွယ် ရေးတပ်ဖွဲ့ YDF ရဲ့ ဒုတိယစစ်ဦးစီးချုပ် ကိုဖြိုးက ဒီဗွီဘီကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ လုံခြုံရွာဘက်မှာ စစ်ကြောင်းတကြောင်း၊ မြစ်သာ ဆည်ဘက်ကနေစစ်ကြောင်းတကြောင်း၊ နှမ်းခါးကျေးရွာဘက်ကနေ စစ်ကြောင်းတကြောင်းနဲ့ ထီးလင်းမြို့နယ် ကျောက်ထုဘက်က စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

နှမ်းခါးရွာဘက်ထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သြဂုတ် ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ဘေးရှောင်စခန်းတခု၊ နာရေးကူညီမှုကားတစီးနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုပေးတဲ့ ဆေးခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

“စစ်ကြောင်းတစ်ကြောင်းကို စစ်(…)အင်အား ၁၀၀ ကနေ ၂၀၀ အထိ ပါဝင်ပြီး နှစ်ဖက်စစ်ရေးတင်းမာမှုတွေ မြင့်မားကာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်။ သူတို့တွေ စစ်ကြောင်းထိုးနေလို့ နှမ်းခါး၊ မွှေ့လယ်၊ ရေရှင်မ၊ (နှမ်းခါး)ရေရှင်၊ ပနန်း၊ စင်ပုံ၊ စံပယ်နဲ့ ကင်းပန်းရွာတွေက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ YDF ဒုတိယစစ်ဦးစီးချုပ် ကိုဖြိုးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်း ဒေသခံစစ်ရှောင်ပြည်သူတယောက်က “ရွာသူရွာသားတွေကတော့ ကြောက်ရတာတမျိုး၊ ပြေးဖို့အထုပ်ပိုးတွေ ပြင်ရတာတမျိုးနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်းတွေပြတ်တော့ အခက်ခဲတွေအများကြီးရှိတာပေါ့။ နှမ်းတွေသိမ်းတဲ့ အချိန်ဖြစ်လို့ စစ်ကြောင်းလာလို့ ပစ်ထားခဲ့ပြီး ထွက်ပြေးကြရတော့ သီးနှံတွေဆုံးရှုံးရတယ်။ လယ်သမားတွေလည်း ကောက်စိုက်နေရင်း တန်းလန်းနဲ့ ထပြေးခဲ့ကြရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို သြဂုတ်လ ၂၁ ရက်နေ့မှာ စစ်ကြောင်းထိုးလာလို့ မိုးတွေအရမ်းရွာတဲ့အချိန်မှာ ထွက်ပြေးခဲ့ရပြီး  ပြေးရင်းလွှားရင်းနဲ့ အသက် ၅၀ အရွယ် ဦးအောင်တင်ဟာ လမ်းမှာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်(…)တွေဟာ ရွာတရွာကို ဝင်ပြီဆိုတာနဲ့ အိမ်တွေအကုန်ဝင်၊ သော့တွေအကုန်ရိုက်ဖျက်၊ ဗီ ဒိုတွေ အကုန်ရိုက်ခွဲပြီး အကုန်မွှေထားခဲ့တာ။ ရာသီသီးနှံတွေဖြစ်တဲ့ နှမ်းတွေကိုလည်း နင်းခြေဖျက်ဆီးထားခဲ့ကာ ကြက်တွေ နွားတွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်တောက်ပိုင်းမှာ ပြီးခဲ့တဲ့ တလလောက်က စတင် စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းနဲ့ ငွေကြေးတွေ၊ ဘုရားငွေ၊ ဘုန်းကြီးငွေတွေကိုပါ သိန်း ၁၀၀၀ ဖိုးလောက် ဓားပြတိုက်သွားကြတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးရင်းအသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ DVB

ကလေးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဉီး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြိုနယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဉီး သေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ်) CDF – KKG မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်တပ်စခန်းမှ နယ်လှည့်ကင်းသွားလာနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် သံဖိုကျေးရွာအထွက်တွင် ထိတွေ့မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဉီးသေဆုံးကာ ရန်ကြီးအောင်တပ်စခန်းဘက် သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

“ရန်ကြီးအောင်တပ်စခန်းက သိထားရသလောက်တော့ စစ်ခွေးအင်အား ၃၀ ဝန်းကျင်လောက်ရှိပြီး ပျူစောထီးတွေအပါအဝင် အားလုံးပေါင်းဆိုရင်တော့ ၆၀ ဝန်းကျင် ရှိမယ်လို့ သိရပါတယ်” ဟု CDF – KKG တာဝန်ရှိသူတစ်ဉီးမှ မဇ္စျိမကိုပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် ရန်ကြီးအောင်တပ်စခန်းမှတဆင့် နောက်ထပ်တစ်ကြိမ် လာရောက်တိုက်ခိုက်ရာ ထိတွေ့မှုထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတစ်ဉီး သေဆုံးသွားကြောင်း ဆိုသည်။

ယင်းတိုက်ပွဲအား CDF – KKG နှင့်အတူ CNDF (Vakok), CNDF(NA), PDF – Kalay, RKDF, ပကဖ များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်အကျအဆုံး မရှိကြောင်းသိရသည်။

ထိတွေ့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့များက သံဖိုကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

« Older Entries Recent Entries »