Monthly Archives: Aug 2022

စစ်ကောင်စီနှင့်ပူးပေါင်း၍ သတ္တုတူးဖော်နေသည့် သြစတေးလျကုမ္ပဏီနုတ်ထွက်ရန် ရှမ်းလူမှုအဖွဲ့အစည်းများ တောင်းဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ မိုင်းလင်းဒေသတွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ ရွှေနှင့်အခြားသတ္တုတူးဖော်မှုများပြုလုပ်နေသော သြစတေးလျနိုင်ငံသားများ ဦးစီးနေသည့် Locrian Percious ကုမ္ပဏီအား သတ္တုတူးဖော်မှုလုပ်ငန်းများမှနုတ်ထွက်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းမှုကို ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။

ယနေ့ သြဂုတ်လ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)နှင့် သျှမ်းကျောင်းသားသမဂ္ဂ (TSU) တို့၏ သတင်းထုတ်ပြန်ချက်တွင် ထိုကဲ့သို့ ထည့်သွင်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊တာလေမြို့နယ်ခွဲရှိ နားဟိုင်းလုံဒေသတွင် ရွှေအလွန်အကျွံတူးဖော်မှုများကြောင့် ဒေသခံများ၏နေအိမ်များ ရွှံ့နွံရေလွှမ်းမိုးမှုများကို ကြုံတွေ့နေရကာ လူမှုစီးပွားဆုံးရှုံးနေရကြောင်း၊ ရွှေတူးဖော်သည့် ကုမ္ပဏီအများစုမှာ စစ်ကောင်စီနှင့်ပတ်သက်နေပြီး​ တြိဂံတိုင်းစစ်ဌာနချုပ်မှ စစ်ဗိုလ်ချုပ်များပိုင်ဆိုင်သည့် ကုမ္ပဏီများလည်း ရွှေတူးဖော်မှုတွင် ပါဝင်နေကြောင်း ရေးသားဖော်ပြထားသည်။

ထို့အပြင် သြစတေးလျနိုင်ငံသားများ ဦးဆောင်သည့် နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်သည့် Locrian Precious Metals ကုမ္ပဏီသည် အာဏာသိမ်းအပြီးတွင် ၎င်းတို့၏ အဓိကရှယ်ယာရှင်ဖြစ်သည့် Myanmar metals မှနုတ်ထွက်သွားသော်လည်း ၎င်းတို့မှာမူ လူသတ်စစ်အစိုးရနှင့် ဆက် လက်တွဲကာ ရွှေတူးဖော်စမ်းသပ်မှုများကို ဆက်လက်လုပ်ကိုင်နေသဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်ကောင်စီနှင့်လက်တွဲမှုများကို ရပ် တန့် ရန်လည်းတောင်းဆိုထားသည်။

တာလေမြို့နယ်အတွင်းတွင် လက်ရှိရွှေတူးဖော်မှု လုပ်ကွက် ၅၀ ထက်မနည်းရှိနေပြီး နှစ်စဥ်မိုးရာသီတွင် ဒေသခံများသည် ရွှေတူးဖော်မှုနောက် ဆက်တွဲအဖြစ် ရေကြီးရေလျှံမှုများကို ကြုံတွေ့နေရသည်။mizzima

ကန့်ဘလူ-ကောလင်း-ကျွန်းလှ မြို့နယ် ၃ ခု အစပ်တိုက်ပွဲတွင် ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦး သေဆုံး၊ လက် နက် ၂၂ လက်နှင့်ကျည် ခဲယမ်းမျိုးစုံ သိမ်း ဆည်း ရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် ၃ ခု အစပ်တွင် မဟာ မိတ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စစ်ကောင်စီတပ်ကို ယမန်​နေ့ တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၂၂ လက်နှင့် ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရောင်နီက ပြောကြားသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များကို အထိ နာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၄၀ ထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး ဖမ်းမိကြောင်း၊ လက်နက် သိမ်းဆည်းမှု အနေဖြင့် MA1 ၇ လက်၊ MA2 ၂လက်၊ MA3 ၇လက်၊ MA4 ၁လက်၊ ၆၀ မမ ပြောင်းတို နှစ်လက်၊ RPG ၁လက်၊ RPG ကျည် ၂လုံး၊ MA ကျည်ဘောက် ၅၅ ဘောက်၊ ၆၀မမကျည် ၁၈ လုံး၊ 5.56 ကျည် ၁၈၆၇ ၊ ၄၀ မမ ကျည် ၆ လုံး၊ အီနာဝါ ၄ လုံး၊ ဦးထုပ် ၆ လုံး ၊နင်းမိုင်း ၅လုံး၊ Icon ၅ လုံး ၊လက်လုပ်တူမီး ၁လက်၊ လက်လုပ်တစ်ထောင့်ထိုး ၁ လက်၊ မီးကျည် ၂ ထောင့်၊ Jumper ၁ ခု၊ မပတ ၂ ခု ၊ 84 mm ပြောင်း ၁ လက် ၊84 mm ၂ ခု ၊ MA Pistol ၁လက်၊ ဘောက် ၂ ခု သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နံနက် ၁၀ နာရီတွင် စစ်တပ်က လေ ကြောင်း မှ ဗုံးကျဲတိုက်ခိုက်ကြောင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ ချပ် သင်း မှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းကို မဟာမိတ် ပြည်သူ့ကာကွယ် ရေးတပ်များက မှကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 လက်နက်များသိမ်း ဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အကြမ်းဖက် စစ်တပ်က Mi 17 ၁ စီးဖြင့် ထောက်ပို့ ပေးပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး ၊ဂျက်တိုက်လေယာဥ် ၁ စီးဖြင့် လေ ကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

” မနေ့က ညောင်ကုန်းရွာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနောက်ဘက်ကို ထွက်သွားတယ်။ ကန့်ဘလူမြို့နယ် လက္ခုပင်ရွာနှင့် ကောလင်းမြို့နယ် အောင်ချန်းသာရွာ အကြားမှာ တိုက်ပွဲဖြစ်နေတာ မနေ့က ညောင်ကုန်းကို မီးရှို့တဲ့ စစ်ကြောင်းနဲ့ ကန့်ဘလူခရိုင် PDF တပ်တွေ တိုက်ပွဲဖြစ်တာ စကစ ဘက်က အသေများလို့ လေကြောင်းကနေ စစ်ကူလာတာ အသေအပျောက်က တော်တော်များတယ်။ စကစ ဘက်က သေတာ။ အခု Mi 35 ၁ စီး၊ ၂ ကြိမ် ပစ်တယ်။ ဂျက်ဖိုက်တာ ၁ စီးနဲ့ပါ ထပ်လာပစ်တယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ် ပြေးနေရတာပေါ့။ ပြည်သူတွေ ထိခိုက်မှု အခြေ အနေတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို ထောင် ၃ နှစ်ချ

ဖမ်းဆီးခံထားရတဲ့ ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို ဩဂုတ် ၂၄ ရက်က အိုးဘိုထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ကျခံဖို့ အမိန့်ချခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ဟာ ဧပြီ ၁၀ ရက်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ – က နဲ့ တရားစွဲဆိုခံထားရတာပါ။

“ဒီနေ့ ဧရာဝတီသတင်းထောက်ဟောင်း ဇော်ဇော်ကို အမိန့်ချတယ်။ ထောင်ဒဏ် ၃ နှစ် ချတယ်လို့ ကြားတယ်” တရားရေးအသိုင်းအဝိုင်းမှ အ မည်မဖော်လိုသူတဦးက ပြောပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို နန်းတွင်းစစ်ကြောရေးမှာ တလကျော်ကြာ စစ်ဆေးပြီး အိုးဘိုအကျဉ်းထောင်ကိုပို့ခဲ့ကာ မေလ ၆ ရက်နေ့က တရားရုံးစွဲတင် စစ်ဆေးတာလို့ သိရပါတယ်။ DVB

ကျိုက်လတ်မြို့ ရှိ မြန်မာ့စီးပွါးရေးဘဏ်ဓား ပြတိုက်ခံရ၊ ငွေကျပ် သိန်းရာချီပါသွားဟုဆို

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန်က ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အမည်မသိ လူ ခုနစ်ဦးက ကားတစ်စီးဖြင့်ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” ဓါးပြတိုက်ခံရတာတော့ ဟုတ်တယ်၊ သိန်း ၅၀၀ လောက်ပါသွားတယ်လို့လည်းကြားတယ်၊ တချို့တွေပြောနေတာလည်း သိန်း ၁၅၀ လောက်ပါသွားတယ်လို့ပြောတယ်၊ သေတော့ မသေချာသေးဘူး “ဟု ဒေသခံက ဆိုသည်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ကျိုက်လတ်မြို့ပေါ်နှင့် မြို့အဝင်၊ အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများမှဆိုသည်။

ဘဏ်ဓားပြတိုက်မှုဖြစ်စဥ်နှင့်ပတ်သတ်၍ ဓားပြတိုက်ခံရသည်မှာ မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်များနှင့် ဘဏ်ဝန်ထမ်းများ စကားများရန်ဖြစ်ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက သတင်းလွှင့်နေသည်ဟု ဒေသခံများက ပြောသည်။

ယခုဖြစ်စဥ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ဘဏ်ဓားပြတိုက်မှုဟုလည်း သိရသည်။

ဓားပြတိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဇ္စျိမက ဆက် လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima

ကိုစည်သူကိုကိုနှင့် ဇနီး မနှင်းဝေလှိုင်ကို မှား ယွင်းပစ်ခတ်လိုက်၍ ကွယ်လွန်မှု ပြည်သူများနှင့် နစ်နာသူ မိသားစုကို မြို့ပြ ပျောက်ကျားအဖွဲ့က ဝန်ချတောင်း ပန်၊ နောင်တစ်ချိန် အ ပြစ်အတွက် ခံယူမည်ဟု အတိအလင်း အသိ ပေး

မန္တလေးမြို့ လမ်း ၃၀ နှင့် ၅၇ လမ်းထောင့်တွင် ယမန်နေ့ နံနက်ပိုင်း ကိုစည်သူကိုကိုနှင့် ဇနီး မနှင်းဝေလှိုင်ကို မှား ယွင်းပစ်ခတ်မှုကြောင့် ကွယ် လွန်သွားရမှုအပေါ် Tiger Force Mandalay အဖွဲ့က ပြည်သူများနှင့် နစ်နာသူ မိသားစုကို ဝန်ချတောင်းပန်လိုက်သည်။

Tiger Force Mandalay အဖွဲ့မှ တာဝန်ခံ ဗိုလ်လရောင်က တောင်းပန်စာကို ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယင်းစာတွင် CID ရဲမှူးစိုးကိုကို လျှို့ ဝှက်တာဝန်ထမ်းဆောင်နေကြောင်း ဖရဲသီး သတင်းပေးချက်အရ စုံစမ်းထောက် လှမ်းခဲ့ရာ အချက်အလက်များ ကိုက်ညီသဖြင့် မစ်ရှင်ဆောင် ရွက်ခဲ့ကြောင်း၊ သို့ရာတွင် မြေပြင် ထောက်လှမ်းရေး၏ အားနည်းချက်အမှားကြောင့် လူမှားပစ်ခဲ့မိ၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

လက်ရှိ CID ရဲမှူး စိုးကိုကိုမှာလည်း ပျောက်ဆုံးနေပြီး မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်နေသည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် အ သေး စိတ်အချက် အလက်များ ဆက်လက် စိစစ်လျက်ရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

မြို့ပြပျောက်ကျားတပ်ဖွဲ့အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ရှိပြီး အားနည်းချက် အမှားများကြောင့် မရည်ရွယ်ဘဲ မှားယွင်းပစ်ခတ်လိုက်၍ ကွယ်လွန်ခဲ့သူ ၂ ဦးအတွက် မိဘပြည်သူများနှင့် နစ်နာသူမိသားစုကို ဝန်ချ တောင်းပန်ပါကြောင်း၊ နောင်တစ်ချိန်တွင် အပြစ် အတွက် ခံယူသွားမည်ဖြစ် ကြောင်း တာဝန်ခံ ဗိုလ်လရောင်က ကြေညာချက် ထုတ်ပြန်ပြောဆိုထားသည်။ khit thit

စက်သုံးဆီ ၁ လီတာ ၃၀၀၀ ကျော်အထိ မြင့်တက်လာ

စစ်ကောင်စီက ရုရှားကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းမယ်လို့ ပြောပြီးနောက် စက်သုံးဆီတလီတာကို သုံးထောင်ကျော်အထိ မြင့်တက်လာတယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က ဒုတိယဗိုလ်ချုပ်ကြီးညိုစောပါဝင်တဲ့ ၁၀ ဦးကို ရုရှားနိုင်ငံထံမှ စက်သုံးဆီ ဝယ်ယူတင်သွင်းဖြန့်ဖြူနိုင်ဖို့ ကော်မတီဖွဲ့ပေးပြီး တပတ်အကြာ အခုလိုစက်သုံးဆီစျေးနှုန်း မြင့်တက်လာတာဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ချက်အရ ရန်ကုန်မှာ ရိုးရိုးဒီဇယ်တလီတာစျေးနှုန်း ၃၀၀၀ ကျပ်ဖြစ်ပြီး နေပြည်တော်နဲ့ မန္တလေးမှာ ၃၀၄၅ နဲ့ ၃၀၄၀ ဖြစ်ပါတယ်။

ပရီမီယံဒီဇယ်တစ်လီတာဈေးနှုန်းက ရန်ကုန်မှာ  ၃ဝ၈ဝ ကျပ်ဖြစ်ပြီး နေပြည်တော်နဲ့မန္တလေးမှာ တလီတာကို ၃၁၂၅ ကျပ်ဖြစ်ပါတယ်။

ဒီဇယ်စျေးမြင့်တက်လာလို့ ကုန်တင်ယာဥ်မောင်းတွေမှာ အရင်ကထက် တွက်ခြေမကိုက်တာကြောင့် အခက်အခဲဖြစ်ရပြီး အချို့မှာ လုပ်ငန်းနားထားရတယ်လို့ ကုန်တင်ယာဥ်မောင်းတဦးက  ပြောပါတယ်။

“အခုဆို ခေတ်ကလည်းမကောင်းဘူး။ လမ်းကြေး၊ တံတားကြေး၊ စစ်ဆေးရေးဂိတ် စစ်တပ်ကို ပေးရ၊ ရဲကိုပေးရနဲ့ အခုဆီစျေးကတက်တော့ ပိုဆိုးတယ်။ ဒီဇယ်စျေးကတက်နေ၊ ကုန်ကမရ အချို့ပိုင်ရှင်တွေဆို ကားတွေနားထားကြတယ်။” 

အလားတူ ဓာတ်ဆီ 92 တလီတာကို ရန်ကုန်မြို့မှာ ၂၄၄ဝ ကျပ်အထိဖြစ်လာပြီး  ဓာတ်ဆီ 95 တလီတာဈေးနှုန်းမှာ၂၅၂၅ ကျပ်အထိ ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ဆီက စက်သုံးဆီဆိုင်တွေမှာသာ ၂၄၄၀ ဖြစ်ပေမယ့် ပြင်ပလမ်းဘေးဆီဆိုင်တွေမှာတော့ တလီတ‌ေကို ၂၈၀၀ နီးပါးရှိတယ်လို့ ဆိုင်ကယ်ကယ်ရီသမားတဦးက ပြောပါတယ်။

“ဆီဆိုင်တွေက ဆိုင်ကယ်တွေမရောင်းတော့ လမ်းဘေးဆီဆိုင်မှာ ဝယ်ရတယ်၊ တလီတာ ၂၈၀၀ ဖြစ်နေပြီ။ ကယ်ရီတွေကလည်း ပိုတောင်းလို့ သိပ်မစီးကြတော့ဘူး။ ဆီစျေးကတက်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။” 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း စက်သုံးဆီစျေးနှုန်း တက်လာတဲ့အပေါ် ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ စစ်ကောင်စီက ဝန်ခံပြောဆိုထားပါတယ်။ DVB

ပြောက်ကျားစစ်မှ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် လိုအပ်ချက်များကို မဟာမိတ်များနှင့်အတူ ဖြည့်ဆည်းနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဆို

ပြောက်ကျားစစ်မှ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် လိုအပ်ချက်များကို မဟာမိတ်များနှင့်အတူ ဖြည့်ဆည်းနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားသည်။

” မဟာဗျူဟာခံစစ်(​ပြောက်ကျားစစ်)က​နေ ​တန်ပြန်ထိုးစစ်ဆင်နိုင်​ရေး လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ NUGနဲ့ မဟာမိတ်​တွေ အတူတကွ ကြိုးစား​နေကြတယ်” ဟု ကာကွယ်ရေးဝန်ကြီးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

လေ့ကျင့်မှု စုဖွဲ့မှု ကောင်းသည့်တပ်များမှာ မြေပြင်တွင် ထိထိရောက်ရောက်လုပ်ကိုင်နိုင်သည်ကို တွေ့ရကြောင်း၊ စနစ်တကျ လေ့ကျင့်ကွပ်ကဲတပ်ဆင်ထားသည့် တပ်ရင်းတပ်ဖွဲ့ PDF များမှာ ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ပုံပေါ်လာပြီဟု NUG ဝန်ကြီးက ဆိုသည်။

“ဒီရက် အညာ​ဒေသ ကသာ၊​ ကောလင်း၊ ကန့်ဘလူနဲ့ ​တောင်ပိုင်း ​မြဝတီ၊​ကော့ကရိတ်တို့က တိုက်ပွဲတွေကို ကြည့်ရင် ဒီအချက်ကို သိနိုင်တယ်။ PDFနဲ့ မဟာမိတ်​တွေဟာ ရန်သူစစ်​ကြောင်း​တွေကို အထိနာ​အောင် ​ချေမှုန်းနိုင်ရုံသာမက အရာရှိ​တွေပါဝင်တဲ့ သုံ့ပန်း​တွေ လက်ရဖမ်းနိုင်တာ၊စစ်လက်နက်ပစ္စည်း​တွေ သိမ်းပိုက်နိုင်တာကိုပါ တွေ့လာရတယ်” ဟု ဦးရည်မွန်က ပြောသည်။

ဒေသကာကွယ်ရေးတပ်များအပြင် တော်လှန်ရေးအင်အားစုများအား ဒေသအလိုက် စုစည်းမှု၊ ကွပ်ကဲမှု ပိုအား​ကောင်း​ရန် အားစိုက်လုပ် ဆောင်နေသည်ဟု ဦးရည်မွန်ကပြောသည်။

“ကိုယ့်နယ်​​မြေထဲ ဝင်လာတဲ့ စစ်​ကောင်စီစစ်​ကြောင်း​တွေကို ဗျူဟာ​မြောက် ​ချေမှုန်းနိုင်​ဖို့အတွက်လည်း စနစ်တကျ ပြင်ဆင်လုပ်​ဆောင်​နေကြတယ်။ ရွာစဥ်လှည့် မီးတိုက်၊ လူသတ်​နေတဲ့ အကြမ်းဖက်ငနဲ​တွေ ဘယ်နှစ်လခံမလဲ ​စောင့်ကြည့်ကြတာ​ပေါ့” ဟု ဦးရည်မွန်က ရေးသားထားသည်။ mizzima

သုံးဆယ်မြို့တွင် အသက် ၁၉ နှစ်အရွယ် အိမ်အကူ မကြူကြူလွင် ဦးခေါင်းချိုင့်ဝင်ဒဏ်ရာ၊ တစ်ကိုယ်လုံး အရှိုးဒဏ်ရာများဖြင့် နှိပ်စက်ခံရပြီး သေဆုံးမှု အိမ်ရှင်နှင့်စစ်အာဏာပိုင်များပေါင်း၍ အမှုဖျောက်ဖျက်

ပဲခူးတိုင်း၊ သုံးဆယ်မြို့တွင် အသက် ၁၉ နှစ်အရွယ် အိမ်အကူ မကြူကြူလွင် နှိပ်စက်ခံရပြီး သေဆုံးမှု ကို အိမ်ရှင်နှင့်စစ်တပ်အာဏာပိုင်များပေါင်း၍ အမှုဖျောက်ဖျက်လိုက်သဖြင့် အမှုမှန်ပေါ်ပေါက်ရေး ခက်ခဲနေကြောင်း ဒေသခံများနှင့်အမှုမှန်ပေါ်ရေး လိုက်ပါဆောင်ရွက်သူများထံမှ သိရှိရသည်။

ပဲခူးတိုင်း ၊ သုံးဆယ်မြို့ ၊ ဘုရားကြီးရပ်ကွက်ရှိ ဦးသိန်းစိုးနှင့် ဒေါ်ကြူကြူမြင့်တို့၏ အိမ်တွင် အိမ်အကူအဖြစ် လုပ်နေသည့် အသက် ၁၉ နှစ် မကြူကြူလွင်(ခ) အငယ်မ သည် ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ အိမ်အကူ သေဆုံးမှုသည် ဦးခေါင်းတွင်ပြည်တည်အနာဖြင့် သေဆုံးသည်ဟု အိမ်ရှင်က ပြောဆိုပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် နေ့ချင်း မီးသဂြိုလ်ရန် အာဏာပိုင်များနှင့် လုပ်ဆောင်ကြကြောင်း၊ ရပ်ကွက်နေပြည်သူများက ယခင်ရက်များတွင် မကြူကြူလွင် ရိုက်နှက်ခံရသည့်အသံများ ကြားရသဖြင့် စစ်ဆေးပေးရန် တိုင်ကြားကြကြောင်း၊ ယင်းနောက် ရဲစခန်းမှူးက လာရောက်စစ်ဆေးပြီး သဂြိုလ်ခွင့်ပေးလိုက်ကြောင်း၊ အမှုတစ်စုံတစ်ရာ ဖွင့်လှစ်ခြင်း မရှိကြောင်း သိရှိရသည်။

အိမ်ရှင်ဖြစ်သူက အိမ်ကူ၏ အလောင်းကို လူမြင်မခံချင်သည့်အတွက် Dead Body သယ်သည့် အိတ်ထဲသာ တစ်ချိန်လုံး ထည့်ထားပြီး နာရေးကူညီမှုအသင်း‌ ရောက်လာချိန်တွင်လည်း အိတ်လိုက်သာ အခေါင်းထဲသို့ ထည့်ကြောင်း ၊ ရဲစခန်းမှူး လာစစ်ဆေးချိန်တွင် အိမ်အကူ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် အရှိုးဒဏ်ရာများ၊ ရိုက်နှက်ခံရသည့်ဒဏ်ရာများ၊ ဦးခေါင်းချိုင့်ဝင်သည့် ဒဏ်ရာများ တွေ့ရှိရကြောင်း ရပ်ကွက်ပြည်သူများက ပြောသည်။

ပြည်သူများက ရဲတပ်ဖွဲ့ကို တိုင်ကြားသဖြင့် မသဂြိုလ်မီ ရင်ခွဲစစ်ဆေးခဲ့ပြီး အလောင်း ဆေးစစ်ချက်တွင် ဦးခေါင်း ပြည်တည် ၊ ကိုယ်လုံး အရှိုးဒဏ်ရာများရှိဟူသည့် အဖြေများ မှတ်ချက်ပေးရေးသားထားကြောင်း၊ ဆေးစစ်ချက်ကို လျှော့ပေါ့ရေးသားစေရန် အိမ်ရှင်က မှုခင်းဆရာဝန်ထံ လာဘ်ထိုးခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

“ ကျနော်တို့ ဓာတ်ပုံတွေပြပြီး နားလည်တဲ့သူတွေကို မေးကြည့်တော့ အ လောင်း မှာ ဦးခေါင်း ချိုင့်ဝင် ဒဏ်ရာရကြောင့် ပြည်တည်ပြီး သေတာ။ အချိန် မီ ဆေးကုသခွင့်မရလို့။ ဦးခေါင်းအကြိတ်နဲ့သေတာ မဖြစ်နိုင်ဘူးလို့နားလည်သူက ပြောတယ်။ အကြိတ်နဲ့သေတာဆို ခန္ဓာကိုယ် ဒဏ်ရာဒဏ်ချက်တွေက ဘာလို့ရှိနေရတာလဲ။ ဒါက တစ်ချက် ၊ သူတကယ် ဦးခေါင်းမှ အကြိတ်ရောဂါရှိတယ်ဆို ဆရာဝန်နဲ့ဆေးကုသထားရှိမှု ရှိရမယ်ပေါ့ ။ သောက်ရတဲ့ဆေးပမာဏ ရှိရမယ်ပေါ့။ ချက်ချင်းတန်းမသေဘူး ပြောပါတယ်။ ဒါကြောင့် ဒါက လူသတ်မှုလို့ ပြောလို့ရတယ်” ဟု လိုက်ပါကူညီဆောင်ရွက်ပေးနေသူက ရှင်းပြသည်။

အိမ်ရှင်ဖြစ်သူ ဦးသိန်းစိုးမှာ သုံးဆယ်မြို့မျက်နှာဖုံးတစ်ဦးဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် ရင်းနှီးသူဖြစ်ကြောင်း၊ မကြူကြူ လွင် သေဆုံးမှုသည် သွေးရိုးသားရိုး သေဆုံးမှု မဟုတ်မှန်း သိလျက်နှင့် အဆင့်ဆင့် လာဘ်စားကာ မီးသင်္ဂြိုဟ်ခဲ့သည့်အတွက် ရပ်ကွက်နေ ပြည်သူအများ စိတ်ဆိုးဒေါသထွက်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက သုံးဆယ်မြို့ ရဲစခန်းထံသို့ အိမ်အကူ မကြူကြူလွင် သတ်ဖြတ်ခံရပြီး သေဆုံးမှု အတွက် မည်သို့ အရေးယူဆောင်ရွက်ထားပါသနည်းဟု မေးမြန်းရန် အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း လက်ခံ ဖြေဆိုခြင်းမရှိပေ။ khit thit

တောင်သူဘဝမြှင့်တင်ရေး စစ်ခေါင်းဆောင် မျှော်မှန်းချက် အသိဉာဏ်နည်းသည့်လုပ်ရပ်ဟု လေ့လာသူများ သုံးသပ်

ငွေကြေးပံ့ပိုးပြီး တောင်သူတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်မည်လို့ ယုံကြည်နေတဲ့ စစ်ကောင်စီခေါင်းဆောင်၏ မျှော်လင့်ချက်က အသိဉာဏ်နည်းတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ မူဝါဒရေးရာ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့လက်အောက်ခံ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးကဏ္ဍ မြှင့်တင်ရေးအတွက် ကျပ်ငွေဘီလီယံ ၄၀၀ ကျော်ကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ သုံးစွဲမယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒါတွေက တောင်သူတွေရဲ့ တကယ့်ဘဝ မြှင့်တင်ရေးကို အများကြီး အထောက်အကူ ပေးမယ်။ ကျနော်ကတော့ အောင်မြင်အောင် လုပ်ပေး လိုက်တာ။ အမှန်ကတော့ ဒါ Force တခုထည့်ပေးလိုက်တာ။ အားဆေးပေါ့ဗျာ။ ဆေးစကား ပြောရင်တော့ Booster ထိုးပေးလိုက်တာ။” 

ဒါပေမဲ့ စစ်ကောင်စီ မျှော်လင့်ထားသလို ဖြစ်လာဖို့က ငွေကြေး တခုတည်းနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ဘူးလို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

မူဝါဒရေးရာ သုတေသီတဦးက “ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက နိုင်ငံတည်ငြိမ်ဖို့က အဓိကလို့ ဆိုကြတာလေ။ ဒီအဖြေက ငြင်းစရာ မလိုတဲ့ အဖြေနော်။ အခုဟာက နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် ပြောရရင် ဘာစီမံကိန်းပဲလုပ်လုပ် ဘာပရောဂျက်ပဲလုပ်လုပ် မလွယ်ဘူး။ ဆိုတော့ နိုင်ငံရေး ပြဿနာကို အရင်ဆုံး မဖြေရှင်းဘဲနဲ့ ဘာမျှလုပ်လို့ မအောင်မြင်ဘူး။ ဒီတော့ ငွေကြေး ထောက်ပံ့ပေးတာ၊ ပိုက်ဆံချေးပေးတာလောက်နဲ့ မရနိုင်ဘူး။ အောင်မြင်ဖို့ဆိုတာက အဲ့ဒေသဟာ တည်ငြိမ်ရမယ်။  ပရောဂျက်တွေ လုပ်ဖို့ ဆိုတာကလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိဖို့လိုတယ်။ ပြီးတော့ တကယ့်ကို သုသေတနလုပ်ထားတဲ့ဟာလည်း ဖြစ်ဖို့ လိုတယ်။ တချို့ဟာတွေဆိုရင် ကိုယ့်ပြည်တွင်းမှာ သုတေသနလုပ်တာ မဟုတ်ပဲ နိုင်ငံခြားကဟာကို ပုံတူကူးချပြီးလုပ်ထားတဲ့ သုတေသနတွေ တွေ့နေရတယ်။ ဒီတော့ အဖွဲ့အစည်းကြီး တခုလုံးမှာရှိတဲ့ လူတွေအားလုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တဲ့ ပေါ်လစီ ပါမလာတာ တွေ့ရတယ်။ အဲ့ဒါတွေကြောင့် မအောင်မြင်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်ကတော့ နိုင်ငံတော်မှ စိုက်ထုတ်ပေးတဲ့ငွေကို အကျိုးအမြတ်ရှိအောင် လုပ်ဖို့နဲ့ ချေးငွေ ပြန်ဆပ်ရမယ့်ပုံစံကို အခုလို ရှင်းလင်းခဲ့ပါတယ်။

“ကျနော်တို့က ဒီအပေါ်မှာ နိုင်ငံတော်က ငွေစိုက်ထုတ်ပေးလိုက်တာ။ ဒီငွေစိုက်ပေးပြီး ဒီငွေကိုပဲ အကျိုးအမြတ် ရှိအောင် လုပ်ပြီးရင် ဒါကို ပြန်ဆပ်။ ပြီးရင် ချေးငွေယူထားတဲ့သူက အဲ့ထဲက ၂၅ ရာခိုင်နှုန်း ပြန်ဆပ်၊ ကျန်  ၇၅ ရာခိုင်နှုန်းကို ယူထား။ သူကတော့ အကျိုးအမြတ် စားပေါ့။ ပြီးရင် နောက် တသီး ကျလို့ ရှိရင် သူက ၂၅ ရာခိုင်နှုန်း ပြန်ဆပ်။ ၇၅ ရာခိုင်နှုန်း သူစား။ အဲ့ဒီ့တော့ ၄ သီးစားပြီးလို့ ရှိရင် သူရဲ့ အကြွေးတွေ အကုန် ကြေသွားမယ်။ ဒီလို ကျနော် မျှော်မှန်းပြီး လုပ်ပေးတာပါ။ ဒါကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနများရော ပြည်နယ် နဲ့ တိုင်းဝန်ကြီးချုပ်များရော ပြည်နယ်ဦးစီးအဖွဲ့များရော ဒါတွေကို မှန်မှန်ကန်ကန်နဲ့ အောင်မြင်မှု ရှိအောင် လုပ်ပေးကြဖို့ ကျနော်ပြောလိုပါတယ်။” 

လယ်ယာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့နေရာမှာ လယ်ယာကဏ္ဍ တခုတည်းကိုသာ ကွက်ပြီး ဆောင်ရွက်လို့မရတဲ့အကြောင်း စိုက်ပျိုးရေးသုတေသီတဦးက မှတ်ချက်ပေးပါတယ်။

“လယ်ယာမြေ ဆိုရင်လည်း လယ်ယာမြေတခုတည်း ကြည့်နေလို့ မရဘူးဗျ။ ကွင်းဆက်တွေ အကုန်လုံးပါဖို့ လိုတယ်။ အဲဒီကွင်းဆက်တွေ အ ကုန်လုံးကလည်း မျှတဖို့ လိုတယ်နော်။ ပြီးတော့ မြန်မာပြည်က လယ်သမားတွေ မဖွံ့ဖြိုးရတဲ့ အချက်တချက်က လယ်သမားက ၁၀ နဲ့ ရောင်းလိုက်တယ်။ ဒါပေမဲ့ နိုင်ငံခြားရောက်တော့ ၁၀၀ ဖြစ်သွားတယ်။ မြတ်တဲ့ဟာက ကြားထဲကသူတွေက မြတ်နေတာလေ။ ဆိုတော့ ဒါဟာ ဒီထဲက ကွင်းဆက် (Food Chain) တွေကို နည်းသွားအောင် ဥပမာ- ၂ ခု၊  ၃ ခု လောက်နဲ့ ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပေါ်လစီပါ ထည့် ဆွဲဖို့ လိုတယ်။ အဲဒါတွေလုပ်နိုင်ရင်တော့ အောင်မြင်မှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်က အာဆီယံမှာ မြန်မာ အပါအဝင် ထိုင်းနဲ့ ဗီယက်နမ်တို့က ဆန် အဓိကတင်ပို့တဲ့ နိုင်ငံတွေဖြစ်ပြီး FAO အစီရင်ခံစာအရ မြန်မာက စပါးစိုက်ဧက ဟက်တာ ၆ ဒသမ ၆၅ သန်း၊ ထိုင်းက ၁၀ ဒသမ ၄ သန်း နဲ့ ဗီယက်နမ်က ၇ ဒသမ ၂ သန်း ရှိတဲ့အ နက် အထွက်နှုန်းအရ မြန်မာက တင်းပေါင်း ၂၅ သန်း၊ ထိုင်းက သန်း ၃၀ နဲ့ ဗီယက်နမ် က ၄၂ ဒသမ ၇၅ သန်း ထွက်ရှိတာကြောင့် မိမိတို့နိုင်ငံအနေဖြင့် နွေစပါးကို ၁ ဧက တင်း ၁၀၀ နှုန်း နဲ့အတူ မိုးစပါးကိုလည်း ၁ ဧက တင်း ၈၀ နှုန်း ထွက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာသို့ ပိုမိုတင်ပို့ရောင်း ချနိုင်မည် ဖြစ်ကာ တိုင်းပြည် ဝင်ငွေ တိုးလာပြီး တောင်သူတွေလည်း များစွာ အကျိုးရှိမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာပြည်အလယ်ပိုင်း နဲ့ အထက်ပိုင်းဒေသတွေမှာ နယ်မြေ မအေးချမ်းတဲ့အတွက် တောင်သူတွေဟာ လယ်ယာစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါကြောင့်ပဲ လာမည့်နှစ်မှာ စိုက်ပျိုးထုတ်လုပ်မှု က ကျဆင်းမှုနဲ့အတူ စားနပ်ရိက္ခာမဖူလုံတဲ့ ပြ ဿ နာတွေကို ပြည်သူတွေဟာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ DVB

« Older Entries