ကျိုက်လတ်မြို့ ရှိ မြန်မာ့စီးပွါးရေးဘဏ်ဓား ပြတိုက်ခံရ၊ ငွေကျပ် သိန်းရာချီပါသွားဟုဆို

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန်က ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အမည်မသိ လူ ခုနစ်ဦးက ကားတစ်စီးဖြင့်ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
” ဓါးပြတိုက်ခံရတာတော့ ဟုတ်တယ်၊ သိန်း ၅၀၀ လောက်ပါသွားတယ်လို့လည်းကြားတယ်၊ တချို့တွေပြောနေတာလည်း သိန်း ၁၅၀ လောက်ပါသွားတယ်လို့ပြောတယ်၊ သေတော့ မသေချာသေးဘူး “ဟု ဒေသခံက ဆိုသည်။
ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ကျိုက်လတ်မြို့ပေါ်နှင့် မြို့အဝင်၊ အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများမှဆိုသည်။
ဘဏ်ဓားပြတိုက်မှုဖြစ်စဥ်နှင့်ပတ်သတ်၍ ဓားပြတိုက်ခံရသည်မှာ မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်များနှင့် ဘဏ်ဝန်ထမ်းများ စကားများရန်ဖြစ်ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက သတင်းလွှင့်နေသည်ဟု ဒေသခံများက ပြောသည်။
ယခုဖြစ်စဥ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ဘဏ်ဓားပြတိုက်မှုဟုလည်း သိရသည်။
ဓားပြတိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဇ္စျိမက ဆက် လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima