သုံးဆယ်မြို့တွင် အသက် ၁၉ နှစ်အရွယ် အိမ်အကူ မကြူကြူလွင် ဦးခေါင်းချိုင့်ဝင်ဒဏ်ရာ၊ တစ်ကိုယ်လုံး အရှိုးဒဏ်ရာများဖြင့် နှိပ်စက်ခံရပြီး သေဆုံးမှု အိမ်ရှင်နှင့်စစ်အာဏာပိုင်များပေါင်း၍ အမှုဖျောက်ဖျက်

ပဲခူးတိုင်း၊ သုံးဆယ်မြို့တွင် အသက် ၁၉ နှစ်အရွယ် အိမ်အကူ မကြူကြူလွင် နှိပ်စက်ခံရပြီး သေဆုံးမှု ကို အိမ်ရှင်နှင့်စစ်တပ်အာဏာပိုင်များပေါင်း၍ အမှုဖျောက်ဖျက်လိုက်သဖြင့် အမှုမှန်ပေါ်ပေါက်ရေး ခက်ခဲနေကြောင်း ဒေသခံများနှင့်အမှုမှန်ပေါ်ရေး လိုက်ပါဆောင်ရွက်သူများထံမှ သိရှိရသည်။

ပဲခူးတိုင်း ၊ သုံးဆယ်မြို့ ၊ ဘုရားကြီးရပ်ကွက်ရှိ ဦးသိန်းစိုးနှင့် ဒေါ်ကြူကြူမြင့်တို့၏ အိမ်တွင် အိမ်အကူအဖြစ် လုပ်နေသည့် အသက် ၁၉ နှစ် မကြူကြူလွင်(ခ) အငယ်မ သည် ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ အိမ်အကူ သေဆုံးမှုသည် ဦးခေါင်းတွင်ပြည်တည်အနာဖြင့် သေဆုံးသည်ဟု အိမ်ရှင်က ပြောဆိုပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် နေ့ချင်း မီးသဂြိုလ်ရန် အာဏာပိုင်များနှင့် လုပ်ဆောင်ကြကြောင်း၊ ရပ်ကွက်နေပြည်သူများက ယခင်ရက်များတွင် မကြူကြူလွင် ရိုက်နှက်ခံရသည့်အသံများ ကြားရသဖြင့် စစ်ဆေးပေးရန် တိုင်ကြားကြကြောင်း၊ ယင်းနောက် ရဲစခန်းမှူးက လာရောက်စစ်ဆေးပြီး သဂြိုလ်ခွင့်ပေးလိုက်ကြောင်း၊ အမှုတစ်စုံတစ်ရာ ဖွင့်လှစ်ခြင်း မရှိကြောင်း သိရှိရသည်။

အိမ်ရှင်ဖြစ်သူက အိမ်ကူ၏ အလောင်းကို လူမြင်မခံချင်သည့်အတွက် Dead Body သယ်သည့် အိတ်ထဲသာ တစ်ချိန်လုံး ထည့်ထားပြီး နာရေးကူညီမှုအသင်း‌ ရောက်လာချိန်တွင်လည်း အိတ်လိုက်သာ အခေါင်းထဲသို့ ထည့်ကြောင်း ၊ ရဲစခန်းမှူး လာစစ်ဆေးချိန်တွင် အိမ်အကူ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် အရှိုးဒဏ်ရာများ၊ ရိုက်နှက်ခံရသည့်ဒဏ်ရာများ၊ ဦးခေါင်းချိုင့်ဝင်သည့် ဒဏ်ရာများ တွေ့ရှိရကြောင်း ရပ်ကွက်ပြည်သူများက ပြောသည်။

ပြည်သူများက ရဲတပ်ဖွဲ့ကို တိုင်ကြားသဖြင့် မသဂြိုလ်မီ ရင်ခွဲစစ်ဆေးခဲ့ပြီး အလောင်း ဆေးစစ်ချက်တွင် ဦးခေါင်း ပြည်တည် ၊ ကိုယ်လုံး အရှိုးဒဏ်ရာများရှိဟူသည့် အဖြေများ မှတ်ချက်ပေးရေးသားထားကြောင်း၊ ဆေးစစ်ချက်ကို လျှော့ပေါ့ရေးသားစေရန် အိမ်ရှင်က မှုခင်းဆရာဝန်ထံ လာဘ်ထိုးခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

“ ကျနော်တို့ ဓာတ်ပုံတွေပြပြီး နားလည်တဲ့သူတွေကို မေးကြည့်တော့ အ လောင်း မှာ ဦးခေါင်း ချိုင့်ဝင် ဒဏ်ရာရကြောင့် ပြည်တည်ပြီး သေတာ။ အချိန် မီ ဆေးကုသခွင့်မရလို့။ ဦးခေါင်းအကြိတ်နဲ့သေတာ မဖြစ်နိုင်ဘူးလို့နားလည်သူက ပြောတယ်။ အကြိတ်နဲ့သေတာဆို ခန္ဓာကိုယ် ဒဏ်ရာဒဏ်ချက်တွေက ဘာလို့ရှိနေရတာလဲ။ ဒါက တစ်ချက် ၊ သူတကယ် ဦးခေါင်းမှ အကြိတ်ရောဂါရှိတယ်ဆို ဆရာဝန်နဲ့ဆေးကုသထားရှိမှု ရှိရမယ်ပေါ့ ။ သောက်ရတဲ့ဆေးပမာဏ ရှိရမယ်ပေါ့။ ချက်ချင်းတန်းမသေဘူး ပြောပါတယ်။ ဒါကြောင့် ဒါက လူသတ်မှုလို့ ပြောလို့ရတယ်” ဟု လိုက်ပါကူညီဆောင်ရွက်ပေးနေသူက ရှင်းပြသည်။

အိမ်ရှင်ဖြစ်သူ ဦးသိန်းစိုးမှာ သုံးဆယ်မြို့မျက်နှာဖုံးတစ်ဦးဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် ရင်းနှီးသူဖြစ်ကြောင်း၊ မကြူကြူ လွင် သေဆုံးမှုသည် သွေးရိုးသားရိုး သေဆုံးမှု မဟုတ်မှန်း သိလျက်နှင့် အဆင့်ဆင့် လာဘ်စားကာ မီးသင်္ဂြိုဟ်ခဲ့သည့်အတွက် ရပ်ကွက်နေ ပြည်သူအများ စိတ်ဆိုးဒေါသထွက်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက သုံးဆယ်မြို့ ရဲစခန်းထံသို့ အိမ်အကူ မကြူကြူလွင် သတ်ဖြတ်ခံရပြီး သေဆုံးမှု အတွက် မည်သို့ အရေးယူဆောင်ရွက်ထားပါသနည်းဟု မေးမြန်းရန် အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း လက်ခံ ဖြေဆိုခြင်းမရှိပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s