အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအလုပ်သ မား အသင်းအဖွဲ့များ ပျောက်ကွယ်မည့်အရေးနှင့် ရင်ဆိုင်နေရဟု ကုလ အေဂျင်စီ ပြော

မြန်မာနိုင်ငံတွင် ယမန်နှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အစည်းအရုံးများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ပျောက်ကွယ်မည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရလျက် ရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ၂၀၂၁ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အလုပ်သမား အသင်းအဖွဲ့များနှင့် အခြားသော အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် အကြမ်းဖက်ခံရမှု၊ အတင်းအဓမ္မ ဖမ်းဆီးခံရမှုများ၊ စီးနင်းခံရမှုများ၊ သိမ်းဆည်းခံရခြင်းများ၊ ခြိမ်းခြောက်သော ဖုန်းခေါ်ဆိုမှုများနှင့် စောင့်ကြည့်ခံရမှုတို့နှင့် ရင်ဆိုင်ထားခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။
အလုပ်သမားများနှင့် ရွှေ့ပြောင်းသွားလာသူများကို အကူအညီပေးနေသည့် အဖွဲ့များကို “ပစ်မှတ်ထား နှိပ်ကွပ်ခြင်း” က ထိုအဖွဲ့များ၏ စီမံခန့်ခွဲ လည်ပတ်လုပ်ကိုင်နိုင်စွမ်းအပေါ် အများအပြား အကန့်အသတ်ဖြစ်စေခဲ့သလို စီစဉ်သူများအနေဖြင့်လည်း ၎င်းတို့၏ လုံခြုံရေးနှင့် ဘေးကင်းရေးအတွက် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အဓိက အပြောင်းအလဲများကို မဖြစ်မနေ လုပ်ကြရကြောင်း ILO က ပြောသည်။
အာဏာသိမ်းမှုနောက်ပိုင်း ပိတ်ပင်ခံရသည့် အဖွဲ့အစည်းများသာမက နာမည်ပျက်စာရင်းတွင် တရားဝင် အသွင်းမခံရသည့် အဖွဲ့များမှာပါ အန္တရာယ်များနှင့် ရင်ဆိုင်နေခဲ့ရပြီး အာဏာသိမ်းစစ်အုပ်စုသည် တစ်ခါတစ်ရံ “အကြောက်တရား ဖြစ်စေခြင်း၊ သတင်းမှား ဖြန့်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း” စသည့် မူမမှန်သော အကြောင်းပြချက်အောက်တွင် ခေါင်းဆောင်များကို ဖမ်းဆီးမှုများလည်း ရှိခဲ့ကြောင်း ကုလ အေဂျင်စီက ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို ထိထိရောက်ရောက် ဖွဲ့စည်းနိုင်ခြင်း မရှိတော့သလို အလုပ်သမား အစည်းအရုံးတစ်ခုအဖြစ် တရားဝင် မှတ်ပုံတင်နိုင်မည့် နည်းလမ်းလည်း မရှိကြောင်း အမည်မဖော်လိုသူ အလုပ်သမား အစည်းအရုံး ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ကာကွယ်မှုကို တိုးမြင့်စေဖို့ လုပ်ဆောင်ထားနိုင်ခဲ့တဲ့ တိုးတက်မှု အများအပြားအတွက် အလုပ်သမား အစည်းအရုံးတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အခြေခံအုတ်မြစ်ကို ထောက်ပံ့ပေးထားခဲ့တာပါ။ လက်ရှိအခြေအနေအရတော့ သူတို့ရဲ့ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်” ဟု ILO ၏ အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ပန်နက်ဒါ ဘွန်းပါလာက ပြောသည်။
“ဒီ အဖွဲ့အစည်းတွေ ဆက်လက်ရှင်သန်ရပ်တည်နိုင်ပြီး သူတို့ရဲ့ အရေးပါတဲ့ အလုပ်ကို ဆက်လုပ်နိုင်စေအောင် နိုင်ငံတကာ အသိုင်းအဝိုင်းအ နေ နဲ့ သူတို့နဲ့အတူ ရပ်တည်သွားရပါလိမ့်မယ်” mizzima