Monthly Archives: Aug 2022

KNU နှင့် DKBA တို့ သမိုင်းဝင် ပြန်ပေါင်းဖို့ ကရင့်ခေါင်းဆောင်များ သဘောတူ

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အပါအဝင် ကရင့်အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းရန် ကရင်အဖွဲ့အစည်းများမှ ထပ်တန်းခေါင်းဆောင်များ ဆွေးနွေးခဲ့ကြပြီး နှုတ်အားဖြင့် သဘောတူခဲ့ကြသည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“နှုတ်အားနဲ့ သဘောတူညီချက်တွေ ရှိထားခဲ့ကြတယ် နှစ်ဖွဲ့ကြားထဲ  Kawthoolei Armed Forces စာတန်းပါတဲ့ တံဆိပ်ကို ဝတ်ဆင်ကြဖို့ သဘောတူညီချက်ရသွားကြတာ လောလောဆယ်တော့ ဒီနှစ်ဖွဲ့က (KNU နဲ့ DKBA) တို့ တပ်ဆင်နေပါပြီ” ဟု ပဒိုစောတောနီးက ပြောသည်။ 

KNU နှင့် DKBA တို့ ပြန်လည်ပေါင်းစည်းရေး လတ်တလောတွင် ပထမဆုံး ခြေလှမ်းအဖြစ် Kawthoolei Armed Forces ရင်ဘတ်တံဆိပ်များကို စတင်တပ်ဆင်နေခြင်းဖြစ်သည်။ ကျန်ရှိနေသေးသည့် KNLA, KNDO တပ်မဟာ တပ်ရင်းများအားလုံးတွင်လည်း ဆက်လက်တပ်ဆင်ရန်ရှိကြောင်း ပဒိုစောတောနီးက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA သည်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ ကရင့်အာဇာနည်နေ့တွင် အဆိုပါ  Kawthoolei Armed Forces တံဆိပ်ကို စတင်တပ်ဆင်နေပြီဖြစ်သည်။ 

“ပြန်လည်စည်းလုံးညီညွတ်ရေးကို ခြေလှမ်းအစလို့ ယူဆရပါတယ် ကရင့်မြေမှာရှိတဲ့ ကရင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေကို သွားနေကြတာတော့ တစ်သားတည်းပါပဲ တပ်တွေမတူညီတာကို ပြန်စုစည်းဖို့ပဲဆိုတော့ ဒါ စည်းလုံးညီညွတ်ရေးအတွက်ပဲဆိုတော့ ဒီရင်ဘတ်တံဆိပ်ကို စပြီးမှ တပ်လာကြတာပါ” ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းနိုင်ရန် KNU/ DKBA/ KNLA အဖွဲ့များမှ အရာရှိကြီးများပါဝင်သော အစည်းအဝေးတစ်ခုကို ဩဂုတ်လ ၃ ရက်တွင်  ပြုလုပ်ခဲ့ကြောင်း Myanmar Now က ရရှိထားသည့် အစည်းအဝေး မှတ်တမ်းတွင် တွေ့ရသည်။

“ကရင်ပြည်နယ်အတွင်းမှာပဲ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတာက ရှုမြင်လို့ မကောင်းဘူး။ ကရင့်တပ်ဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ တစ်သားတည်းဖြစ်နေဖို့လိုတယ်။ အဓိက ရည်မှန်းဖြစ်တဲ့ စစ်အာဏာရှင်ကိုတိုက်ဖို့ စည်းစည်းလုံးလုံး လုပ်သွားရမယ်ဆိုတာကလည်း ရည်မှန်းချက်ဖြစ်နေတာဖြစ်တဲ့အတွက် ပြန်လည်ပေါင်းစည်းတာဖြစ်တဲ့အတွက် အများကြီးဝမ်းသာပါတယ်” ဟုလည်း KNLA မှ အရာရှိ ကဆိုသည်။

Myanmar Now က ရရှိထားသည့် အစည်းအဝေး မှတ်တမ်းတွင် စစ်ကောင်စီ၏ ထိုးစစ်များ ပြီးဆုံးစေရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီးမှ စစ်ကောင်စီနှင့် ဆွေးနွေးရန် သဘောတူသည်ဟုလည်း ပါရှိသည်။ အကယ်၍ ထို စေ့စပ်ဆွေးနွေးမှုကို စစ်ကောင်စီက လက်မခံဘဲ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပါက KNU နှင့် DKBA အတူတကွပူးပေါင်း ဆောင်ရွက်ရန် သဘောတူသည်ဟုလည်း အစည်းအဝေး မှတ်တမ်းတွင်တွေ့ရသည်။ 

အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ “ကြိုးစားလို့မရဘူးဆိုရင် ပြန်တိုက်စရာရှိရင်လည်း နှစ်ဖွဲ့စလုံး ပြန်တိုက်ကြမယ်ဆိုပြီး အကြမ်းဖျင်းအားဖြင့် ဒီလိုပဲ သဘောတူညီခဲ့ကြတာပါ” ဟု ပဒိုစောတောနီးက ဆိုသည်။

KNU နှင့် နီးစပ်သူများ၏ အဆိုအရ အဆိုပါအစည်းအဝေးအပြီးတွင် စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်ကြီး စောစတီးကို ဖိအားမှုများရှိခဲ့ကြောင်းဆိုသည်။ ထို့ကြောင့် ထိုအချက်ကို သဘောမတူကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးက ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

KNU သည် ခရစ်ယာန်ဘာသာဝင်များကို ဦးစားပေးကာ ဗုဒ္ဓဘာသာကရင်လူမျိုးများကို အရေးမပေးဟူသည့် စွပ်စွဲချက်ဖြင့်  ဘာသာရေးကိစ္စကိုအကြောင်းပြုကာ ဗုဒ္ဓဘာသာဝင် KNU ခေါင်းဆောင်အချို့က KNU မှခွဲထွက်ကာ ၁၉၉၄ ခုနှစ်တွင် DKBA ကိုထူထောင်ခဲ့သည်။ 

KNU မှ DKBA ခွဲထွက်စဉ် DKBA တပ်ဖွဲ့ဝင်  အင်အား ၆,၀၀၀ ခန့်ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။ သို့သော် ယခုတွင် အင် အား ၁,၅၀၀ ခန့်သာ ကျန်ရှိတော့ပြီး အများစုမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF  များအဖြစ် ပြောင်းလဲသွားကြသည်။ လက်ရှိ DKBA တပ်ဖွဲ့ဝင်  အများစုသည် ကရင်ပြည်နယ် ဒေါနတောင်တန်းရှေ့ဘက်နှင့် အနောက်ဖက်တို့တွင် အခြေပြု လှုပ်ရှားနေကြသည်။

DKBA ခွဲထွက်စဥ် KNU ဗဟိုက DKBA ကို ရန်သူအဖြစ် သတ်မှတ်ကြောင်း စာအမှတ် ၁/၉၄ ဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ကို ပြန်ရုတ်သိမ်းကြောင်းလည်း မကြာသေးမီက ပြုလုပ်သည့် KNU နှင့် DKBA ပြန်လည်ပေါင်းစည်းရေး အစည်းအဝေး မှတ်တမ်းတွင်တွေ့ရသည်။

ဩဂုတ်လ ၃ ရက် ကရင့်ခေါင်းဆောင်များ အစည်းအဝေးတွင် KNU ကာကွယ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ရောဂျယ်ခင်၊ KNU အတွင်းရေးမှူးချုပ် ပဒိုတာဒို့မှူး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီး၊ DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး ဆန်းအောင်၊ DKBA ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရွှေဝ၊ DKBA စစ်ထောက်ချုပ် ဗိုလ်မှူးကြီး ကြာညူး၊ သေ့ဘောဘိုး အုပ်ချုပ်ရေးမှူး ဗိုလ် ကြီး ထောပလို့၊ DKBA ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ။ DKBA ဌာနချုပ်မှ ဗိုလ်မှူး စမင်း၊ KNLA တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နယ်ဒါးထူး၊ KNLA တပ်ခွဲမှူး ဗိုလ်ကြီး မူးဂေ၊ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စိန်ဝင်းတို့ တက်ရောက်ခဲ့သည်ဟု အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။ myanmar now

မြဝတီမြို့ သုံးထပ်ကွေ့တိုက်ပွဲတွင် ပြင်းထန်သည့်ထိုးစစ်များကြောင့် KNLA စိုးမိုးနေရာအချို့ ဆုတ်ပေးလိုက်ရ

ကရင်ပြည်နယ်၊ မြဝတီခရိုင် KNU တပ်မဟာ (၆ ) ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ပြင်းထန်သည့်စစ်များကြောင့် KNLAထိန်းချုပ်ထားသည့် နေရာအချို့ ဆုတ်ပေးလိုက်ရကြောင်းသိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်မှတိုက်လေယာဉ် ငါးစီးအသုံးပြုကာ ဖျက်အားပြင်း ကလက်စတာဗုံးများ၊ ပေါင် ၅၀၀ ဗုံးများအသုံးပြုကာ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNLA (Cobraစစ်ကြောင်း) ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောသည်။

ထို့အပြင် မြေပြင်မှလည်း MLRS အတွဲလိုက်ပစ်ဒုံးများ၊ ၆၀မမ၊ ၈၁ မမ၊ ၁၂၂ မမ ဟောက်ဝစ်ဇာအမြှောက်များအပြင် ၈၄ မမ အများအပြားအသုံးပြုထိုးစစ်ဆင်ခဲ့၍ KNLA ထိန်းချုပ်နေရာအချို့ ဆုတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

“ လက်နက်ကြီးတွေနဲ့ တစ်နေရာတည်းကို စုံပြုံပြီးတော့ပစ်ခတ်တယ်။ လေကြောင်းကနေပြီးတော့လည်း ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေကိုလည်း တနေရာတည်းမှာ စုပြုံပစ်ခတ်တဲ့အတွက်ကို ကျနော်တို့က စစ်ဗျူဟာအရ စစ်ကစားတဲ့အနေနဲ့ ကျနော်တို့နေရာရွေ့ပေးထားတာဗျ” ဟု KNLA (Cobraစစ်ကြောင်း) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဩဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာရကာ Cobra စစ်ကြောင်းဘက်မှ နှစ်ဦးကျဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးသည့်နောက် ဩဂုတ် ၂၄ ရက်နေ့နှင့် ယနေ့ ၂၅ ရက် တို့တွင် တိုက်ပွဲငြိမ်သက်နေကြောင်းဆို သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာသို့ အသစ်ခန့် ပြောင်းရွှေ့ခန့်အပ်ခံရသူ ဗိုလ်ချုပ်မြတ်သက်ဦးကိုယ်တိုင် သုံးထပ်ကွေ့တိုက်ပွဲကို အမိန့်ပေးကွပ်ကဲနေကြောင်းလည်း သိရသည်။

အဆိုပါ သုံးထပ်ကွေ့တိုက်ပွဲကို စစ်ကောင်စီလက်အောက်ခံတပ် တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁) တို့သည်လည်းကောင်း၊ လေ့ကေ့ကော်ဒေသရှိ ခမရ (၁၁၈)၊ ခမရ (၂) တို့သည် စစ်ကူအဖြစ် လည်းကောင်း လက်ရုံးတပ်များဖြစ်သည့် အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းများမှ သာလွန်အင်အားအသုံးပြုကာ ထိုးစစ်ဆင်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်မှ မြဝတီ-ဝေါလေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် ဆက်စပ်နေရာများကို ဇူလိုင် ၇ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုံးထပ်ကွေ့တိုက်ပွဲတွင် စစ်ကောင်တပ်မှ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ပြီး KNU အဖွဲ့ထံ လာရောက်ခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သား ဦးရေ ၂၀ ထပ်မနည်းရှိခဲ့ကြောင်းလည်း Cobra စစ်ကြောင်းတာဝန်ရှိသူထံက သိရသည်။ mizzima

ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ၂ ဦးကို KNDO ပြန်လွှတ်ပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း အရပ်သားအသွင်ယူထားသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း  စစ်ရာဇဝတ်မှု မကျူးလွန်လိုသောကြောင့် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၁၉ ရက်နေ့ နံနက် ၈နာရီဝန်ကျင်က သံတောင်ကြီးမြို့အတွင်းရှိ ဘောဂလိလမ်းမပေါ်တွင်  KNDO တပ်ဖွဲ့ဝင်များက လုံခြုံရေးကင်းလှည့်စဉ် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးမင်းထွန်း (ကိုယ်ပိုင်အမှတ်- ၉၈၅၀၈၁) နှင့် တပ်သား ထွန်းထွန်းဦး (ကိုယ်ပိုင်အမှတ် ၄၃၁၆၀၄)တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ထိုနေ့ညတွင်ပင် KNDOက ပြန်လွှတ်ပေးခဲ့သည်။

“ကိုယ်ရင်ဆိုင်နေရတဲ့ ရန်သူ(စစ်ကောင်စီ)က သုံ့ပန်းတင်မက ပြည်သူကိုပါ ရက်စက်နေတာကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က စစ်ကျင့်ဝတ် (Geneva convention) ကို မဖောက်ဖျက်ဘူး။ စစ်ရာဇဝတ်မှု မကျူးလွန်ဘူး။ ဒီလိုသဘောထားမျိုးကို ရန်သူလဲ သိစေချင်တယ်”ဟု အထက်ပါ KNDO တာဝန်ရှိသူက ပြောသည်။

“အကျိုးနဲ့ အပြစ်ကို ယှဉ်ကြည့်ရင် ဖမ်းမိကတည်းက ကိုယ့်ဘက်က အမြတ်ပဲ။ သတ်ပစ်လိုက်တာ လွယ်ပေမယ့် ရမယ့်အပြစ်ကများမယ်။ ထိန်းသိမ်းထားမယ်ဆိုလဲ အကျိုးထက် အပြစ်ကပိုများမယ်လို့ တွက်ချက်ပြီး ဆုံးဖြတ်လိုက်တာပါ”၎င်းက ဆက်ပြောသည်။

တပ်ကြပ်ကြီးမျိုးမင်းထွန်းသည် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၅၈၄မှ ဖြစ်သည်။ ထိုတပ်ရင်းသည် ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖြစ်သည်။

တပ်သားထွန်းထွန်းဦးမှာ တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် ၈၁၈ မှ စစ်ကောင်စီတပ်သား တစ်ဦးဖြစ်သည်။

၎င်းတို့သည် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ ခေါ်ဒေါ့ခုစခန်း (ပွိုင့် ၃၉၁၇) တွင် ၉လကြာ တာဝန်ထမ်းဆောင် နေကြသူများဖြစ်သည်ဟု အထက်ပါ အရာရှိက ဆိုသည်။

“တပ်သား(ထွန်းထွန်းဦး)က မိုင်းထိထားတယ်။ ဘယ်လက်က ပုပ်ပြီး အနံ့ထွက်နေပြီ။ မျက်စေ့၂လုံးလုံး မမြင်နိုင်တော့ဘူး။ စိုးရိမ်ရတဲ့ အခြေ အနေမှာ တပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ သယ်လာတာပါ”ဟုလည်း သူက ပြောသည်။

၎င်းတို့နှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်တွင် ဆာလာအိတ်ဖြင့် ထည့်ထား၍ သယ်လာသည့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။ သို့သော် ထိုစစ်သားများထံတွင် သေနတ်ပါမလာဟု အထက်ပါ KNDO တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီကို ပုန်းကန်၍ ထွက်ပြေးလာမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုဆိုမည်ဖြစ်ကြောာင်း KNDO တပ်ရင်း ၄ ထုတ်ပြန်ထားသည်။ လက်နက်နှင့်အတူ ပြည်သူ့ဘက်သို့ ပူးပေါင်းလျှင် အနည်းဆုံး ကျပ်ငွေ သိန်း ၂၀ မှစ၍ လက်နက်အမျိုးအစားအလိုက် ဆုကြေးပေးမည်ဟုလည်း ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က ကြေညာချက်တွင် ဖေါ်ပြသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာတွင် နိုင်ငံအနှံ့စစ်မျက်နှာများစွာနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များထဲမှ တော်လှန်ရေးအဖွဲ့ထံ ဘက်ပြောင်းခိုလှုံသူများရှိနေသည်။ myanmar now

ဆန္ဒဖော်ထုတ်ရာတွင်လူသိများခဲ့သည့် ရန်ကုန်လူထု၏ ၈၈၈၈ ထီးသပိတ်တွင် ပါဝင်သူနှင့် အ လွတ်တန်း ဓာတ်ပုံဆရာ ဖမ်းဆီးခံရ

ရန်ကုန်လူထုသပိတ်မှပြုလုပ်သော “Umbrella Cooperation” ဟု အမည် ပေးထားသည့် ၈၈၈၈ အရေးတော်ပုံ ထီးသပိတ်တွင်ပါဝင်ခဲ့သူလေးဦးအနက် တစ်ဦးနှင့် အလွတ်တန်း ဓာတ်ပုံဆရာတို့ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကြောင်း ရန်ကုန်လူထုသပိတ်က အတည်ပြုသတင်းထုတ် ပြန်သည်။

စစ်ကောင်စီတပ်သည် “Umbrella Cooperation” တွင်ပါဝင်ခဲ့သည့် ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်အား ဩဂုတ်လ ၂၀ ရက်၊ ည ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ နေအိမ်တွင် အရပ်ဝတ်ဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်အား ဖမ်းဆီးပြီးနောက် ယင်းနေ့ ည ၁၂ နာရီဝန်း ကျင် တွင် မရမ်းကုန်းမြို့နယ်(၁)ရပ်ကွက်၌ အလွတ်တန်းဓာတ်ပုံဆရာ ကိုစစ်မင်းနိုင်ကို ထပ်မံဖမ်းဆီးခဲ့သည်။ ကိုစစ်မင်းနိုင်နှင့်အတူ ကင်မရာတစ်လုံး၊ Desktop နှစ်လုံးနှင့် ငွေသား သိန်း ၂၀ ခန့်ကိုပါ စစ်ကောင်စီ တပ်ကယူဆောင်သွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန် လူထုသပိတ်အဖွဲ့ဝင်နှင့် အလွတ်တန်းဓာတ်ပုံဆရာတို့နှစ်ဦးကို မြို့နယ်ရဲစခန်းမှတဆင့် ရေကြည် အိုင်စစ်ကြောရေးသို့ပြောင်းရွှေ့၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီး ဖမ်းဆီးခံရပြီးငါးရက်မြောက်နေ့ ဖြစ်သော ယနေ့အထိ အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

“အခုလောက်ဆို ရေကြည်အိုင်မှာ ရေတောင်မနည်းမြိုချနေရတဲ့ဘဝရောက်နေပြီပေါ့။ လွတ်နေတဲ့ ကောင်တွေရှိသေးတယ်။ လွတ်အောင်ပြေးထားကြပေါ့ကွာ။ နေရာတိုင်းမှာ ဟန်ငြိမ်းဦးတွေရှိတယ်ဆိုတာ မမေ့နဲ့” ဟု စစ်ကောင်စီသတင်းပေး ဟန်ငြိမ်းဦးအမည်ရှိ တယ်လီဂရမ်ချန်နယ်လ်တွင် ရေးသားထားပြီး ဖမ်းဆီးထားသည့် ဓာတ်ပုံကိုလည်း တင်ထားသည်။

အဆိုပါပုံတွင် သွေးစွန်းနေသည့်အင်္ကျီနှင့် လူငယ်နှစ်ဦးကိုလက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ခိုင်းထား သည်ကိုတွေ့မြင်ရသည်။

ရန်ကုန်လူထုသပိတ်အနေဖြင့် အဆိုပါလူငယ်နှစ်ဦး၏အသက်အန္တရာယ်ကိုစိုးရိမ်ကြောင်းနှင့် စစ်ကောင်စီ သည် ကျန်ရှိသည့်အဖွဲ့ဝင်များကိုပါ ဆက်လက်ဖမ်းဆီးရန် စုံစမ်းဖော်ထုတ်နေသဖြင့် အဆက်အသွယ် ပြုလုပ်ဖူးသူများအားလုံး သတိထားနေထိုင်ကြရန် အသိပေးထားသည်။ mizzima

မြိုင်မြို့နယ်တွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး ၁ ဦး အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိစဉ် ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦးသည် အရပ် ဝတ်ဖြင့် ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် တိုက်ခိုက်ပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

“ဆိုင်ကယ်နဲ့ဝင်လာတာ။ ခုခံတိုက်ခိုက်လို့ ပစ်ခတ်တာ သေဆုံးသွားပါတယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

အဆိုပါ သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏ လက်မောင်းတံဆိပ်သည် ဧရာ၀တီတိုင်း( အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်) တံဆိပ်ဖြစ် ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြသည်။

သေဆုံးသွားသော တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး၏ ဇနီးဖြစ်သူမှာ နည်းပညာတက္ကသိုလ်တစ်ခု၏ EP ဌာနမှ တွဲဖက်ပါမောက္ခတစ်ဦးဖြစ် ကြောင်း သိရှိရသည်။

မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ် ဆေးရေးများပြုလုပ်နေစဉ် အဆိုပါ ဒုဗိုလ်မှုးကြီးကို တွေ့ရှိ၍ စစ် ဆေးမေးမြန်းရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အခြေအနေ အကြောင်း ကြောင်း ကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ သီးခြားစုံစမ်းချက်များအရ ယခုဖော်ပြပါ ဒုတိယဗိုလ် မှူးကြီး ပျောက် ဆုံးသွားသည့်အတွက် မြိုင်မြို့တွင် စစ်ကြောင်းများ အင်အားတိုးချဲ့၍ တိုက်ခိုက် ရှာဖွေခဲ့မှုများ ရှိကြောင်း၊ PDF များထံသို့ ဖုန်းဆက်၍ ဒုတိယဗိုလ်မှူးကြီးကို ပြန်လွှတ် ပေးရန်နှင့် လိုအပ်သောအရာမှန်သမျှ ပေးမည်ဟု ညှိ နှိုင်းမှုတချို့ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ဒုတိယဗိုလ်မှူးကြီးမှာ မပြန်လမ်းတွင် သေဆုံးခဲ့ပြီးဖြစ် ကြောင်း သိရှိရသည်။ khit thit

စစ်ကောင်စီစစ်ကြောင်း ယင်းမာပင်နယ်မှ ကနီနယ်သို့ရောက်လာ၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

ယင်းမာပမြို့နယ် ရင်ပေါင်တိုင်ရွာအား လေကြောင်းပစ်ခတ်မှုဖြင့် စစ်ကြောင်းထိုး သွားသည့် စစ်ကောင်စီတပ်သည် ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်းချီတက်ကာ မိုင်တိုင် ၂၉ နှင့် ၃၀ ကြားတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်လျှက်ရှိသည်။

အင်အား ၂၀၀ ဝန်းကျင်ရှိသည့် အဆိုပါစစ်ကြောင်း ယမန်နေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ကနီမြို့နယ် အင်တိုင်းကျေးရွာအတွင်းတပ်စွဲထားသည်ကို ကာကွယ်ရေးပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

“ ပစ်တာက မိနစ် ၄၀ လောက်နေမှာပါ။ ရဲဘော်တွေထိတော့ နောက်ပြန်ဆုတ်ရတယ် သူပစ်ကိုယ်ပစ် ဆိုတော့ မီတာ ၃၀၀ အကွာလောက်ကပစ်ကြတာ”ဟု တိုက်ပွဲဖြစ်ပွားပုံကို ယင်းမာပင်မြို့နယ် ရွှေတြိဂံ တပ်ရင်းမှ ကိုစိုင်းကပြောသည်။

တိုက်ပွဲတွင် ရွှေတြိဂံတပ်ရင်းမှ ရဲဘော်တစ်ဦး လက်မောင်းကျည်ထိမှန်ဒဏ်ရာရကာ ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်း(၁၉)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ယင်းနောက်တွင် စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ကျေးရွာအား စစ်ကြောင်းထိုးစဉ်ကတည်းက ဖမ်းဆီးခေါ်ဆောင်လာသည့် ဓါးစာခံပြည်သူ ၄၀ ခန့်နှင့်အတူ ဇီးပင်တွဲရွာဘက်သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ရာ အင်တိုင်းရွာဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ၏ သွေးကွက်များ၊ ဆေးကုသထား သည့်လက္ခဏာများအားတွေ့ရသော် လည်း ထိခိုက်သေဆုံးမှုကိုမူ အတည်မပြုနိုင်သေးကြောင်း ကိုစိုင်းက ပြောသည်။

ဇီးပင်တွဲကျေးရွာသို့ဝင်လာသည့် စစ်ကောင်စီတပ်သည် ယနေ့(ဩဂုတ်လ ၂၅ရက်)တွင် ရွာအဝင်၌ ဒေသခံတော်လှန်ရေးတပ်များ၏ မိုင်းကွင်းအတွင်း မိုင်းသုံးလုံးဖောက်ခွဲတိုက်ခိုက်မှုကိုခံခဲ့ကြရသည်။

“ဒီနေ့မနက် ၁၁ လောက်မှာ ရွှေတြိဂံတပ်ရင်းနဲ့ ကျန်တဲ့မဟာမိတ်တွေစီစဉ်ထားတဲ့ မိုင်းကွင်းကို သူတို့က တိုးသွားတာ တိုက်မိုင်းသုံးလုံးကို တိုးသွားတာ၊ ပြီးတော့အဲဒီအနားမှာဝတ်ပြီးတော့ ဘေးတွေကိုပတ်ပစ် နေတယ်” ဟု ယနေ့ တိုက်ခိုက်မှုအခြေအနေကို ကိုစိုင်းကပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့က ရင်ပေါင်တိုင်ကျေးရွာအား စစ်ကြောင်းထိုးကာ ဒေသခံ ၂၀ နီးပါး သတ်ဖြတ် သွားသည့် စစ်ကောင်စီတပ်သည် ပုလဲနယ်၊ ထိုမှတဆင့် ရင်ပေါင်တိုင်နှင့် ငါးမိုင်ခန့်အကွာမှ ကပိုင်၊ သီးကုန်း၊ သလောက်၊ ကြက်၊ ဝင်းကုန်း စသည့်ကျေးရွာများသို့ဝင်ရောက်မီးရှို့ကာ ယခု ကနီနယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ စစ်ကြောင်းထိုးရာ၌ ကပိုင်နှင့်သီးကုန်းတွင် အိမ်ခြေ ၂၁၅ လုံးမီးရှို့ခံခဲ့ရပြီး ဒေသခံနှစ်ဦးနှင့် တော်လှန်ရေးတပ်သား တစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။ mizzima

ခင်ဦးတွင် လမ်းမှားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားသူရိန်ကို လက် နက်နှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်သား သူရိန်ကို လက် နက်နှင့်အတူ ယနေ့ အရှင် ဖမ်းဆီးရမိကြောင်း Khin-U Dynamite Squadမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“သူက လမ်းမှားရင်းနဲ့ ကျွံ့လာလို့ ကျနော်တို့ ဖမ်းလိုက်တာပါ။ သူ့မှာ လက် နက်တစ်လက်လည်းပါတယ်။ အခုတော့ သက်ဆိုင်တဲ့ဆီမှာအပ် ထားပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီအချိန် ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် Khin-U Dynamite Squad၊ ရောင်နီပျောက်ကျား၊ Narapati Local Guerrilla Revolution Force N.L.G.R.F က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

မန္တလေး ချမ်းမြသာစည်မြို့နယ် လမ်းမကြီးပေါ်ရှိ ရဲစခန်း ဗုံးပစ်ခံရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းကို၊ ယနေ့ နေ့လယ်ပိုင်းတွင် ဆိုင်ကယ်စီးလူနှစ်ယောက်က ဗုံးပစ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြပြီး အရပ်သားတစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

“ရဲစခန်းအ၀င်ဂိတ်ကို ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက်က ဗုံးနဲ့လှမ်းထုသွားတာ၊ ရဲစခန်းဘက်ကလည်းပြန်ပစ်တယ်၊ အဲဒီမှာ ရဲစခန်းရှေ့စျေးဆိုင်တန်းမှာ စျေး၀ယ်လာတဲ့ အစ်ကိုတစ်ယောက် ဒဏ်ရာရသွားတာတွေ့လိုက်တယ်” ဟု အခင်းဖြစ်ချိန် ရဲစခန်းအနီး ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

ယနေ့ သြဂုတ် ၂၅ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်က၊ ၎င်းရဲစခန်းရှေ့ကင်းအစောင့်ကျရဲများအား သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ် မိုင်းဖြင့်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရပြီး၊ ရဲစခန်းရှေ့ဘန်ကာအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ရဲစခန်းဘက်က အထိအခိုက်မရှိကြောင်း ရဲသတင်းရင်းမြစ်က ဆိုသည်။

၎င်းဗုံးပစ်တိုက်ခိုက်သူများမှာ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရသေးပေ။ mizzima

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင် ပွန်း ကိုထိန်လင်းကို စစ်ကောင်စီက လဝကဥပဒေပုဒ်မဖြင့် အမှုဖွင့်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီကိုထိန်လင်းတို့ကို ဩဂုတ် ၂၄ ရက်ညက စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ စစ်ကောင်စီက ဖမ်းဆီးပြီး လဝကဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၂၄ ရက် ညပိုင်းက စစ်တပ်၊ ရဲနဲ့ လဝက အဖွဲ့အစည်း အစုံအလင်နဲ့ ဗစ်ကီဘိုးမန်းနဲ့ ကိုထိန်လင်းတို့နေထိုင်ရာ စမ်းချောင်းနေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အိမ်ရာမှာနေထိုင်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ဒီမှာနေတာ မကြာသေးဘူး။ အဲ့ညက အဖွဲ့အစည်းအစုံနဲ့ လာဖမ်းတာ။ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး၊ ကျန်တာတော့ မသိဘူး။”

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီကိုထိန်လင်းတို့ နှစ်ယောက်ဟာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ သြဂုတ် ၉ ရက်နေ့အထိ ရှမ်းပြည်နယ် ကလောမြို့ရှိ ဦးထိန်လင်းအိမ်မှာ နေထိုင်ခဲ့ပြီး ရန်ကုန်ကို ပြန်ရောက်ချိန်မှာ လိပ်စာပြောင်းဖို့ ပျက် ကွက်တဲ့အတွက် ဖမ်းဆီးရတာဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတယောက်က “ဗြိတိန်သံအမတ်က လိပ်စာမပြောင်းလို့ အဖမ်းခံရတာ။ ကိုထိန်လင်းက ဒါကိုသိရက်နဲ့ အားပေးကူညီလို့ အဖမ်းခံရတာ” လို့ ပြောပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စမ်းချောင်းမြို့မရဲစခန်းမှာ လဝကဥပဒေပုဒ်မ ၁၃(၁)၊ ဦးထိန်လင်းကို လဝကဥပဒေပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကာ အနောက်တိုင်းက အလှူရှင်တွေ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ တာဝန်သိ စီးပွားရေး မြန်မာစင်တာ Myanmar Center for Responsible Business (MCRB) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ DVB

ရန်ကုန်၊ တွံတေးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးနှင့် ဘန်ကာတို့ ဝင်ရောက် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး၊ ရန်ကုန်နှင့် မန္တလေးတွင်လည်း ရဲစခန်းနှင့် မြို့နယ် ထွေအုပ်ရုံးတို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အင်အား ၂၀ ဦးခန့် တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေး ဘန်ကာကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အထူးစစ်ဆင်ရေး တပ်ဖွဲ့ (S.O.F)မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း S.O.F တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို M-16 ရိုင်ဖယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရှေ့ထွက်မိုင်း တစ် လုံးပါ အနီးကပ် ထပ်မံဖောက်ခွဲခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို S.O.F တပ်ဖွဲ့၏ ရန်ကုန် စစ်ဆင်ရေး ဧရိယာ ၆ အခြေပြု S.O.F Squad – 3 (THIRD SQUAD) မှ တာဝန်ယူ ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေး မှတ်တမ်းနှင့် ​အချက်အလက်များကို လုံခြုံရေး အခြေအနေအရ ချက်ခြင်း မထုတ်ပြန်နိုင်သော်လည်း ဆက် လက် ဖော်ပြပေးသွားမည်ဟု တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)မှ ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးမြို့ ၇၈ လမ်းနှင့် ခင်စောမူကွေ့ အနီးရှိ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ ရဲစခန်းကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့တွင် အမည်မသိ ဆိုင်ကယ်စီးနင်းလာသူမှ ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ ဗုံးပစ် တိုက်ခိုက်ခံရသော ရဲစခန်းသည် ပြည်သူများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်နေသော ရဲစခန်းဖြစ်ကြောင်း၊ ယင်းရဲစခန်းကို ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၂ ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ကင်းတာဝန်ကျနေသည့် ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ရဲစခန်းနား စျေးဆိုင်၌ စျေးလာဝယ်သည့် အမျိုးသား ၁ ဦး နားထင်ကို မိုင်းစ ထိမှန်ခဲ့သော်လည်း ပေါက်ပြဲ ဒဏ်ရာသာ ရရှိခဲ့သောကြောင့် မစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ထွေအုပ်ရုံးကို သြဂုတ်လ ၂၄ ရက်နေ့ ည ၉ နာရီ ၅၆ မိနစ်ခန့်တွင် Human Right Defenders (HRD)နှင့် မဟာမိတ် ညီနောင်ဖြစ်သော War Of Hunter Revolution Force (WOH) အဖွဲ့တို့က ပူးပေါင်းကာ အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း HRD အဖွဲ့ထံမှ သိရသည်။ khit thit

« Older Entries