KNU နှင့် DKBA တို့ သမိုင်းဝင် ပြန်ပေါင်းဖို့ ကရင့်ခေါင်းဆောင်များ သဘောတူ

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အပါအဝင် ကရင့်အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းရန် ကရင်အဖွဲ့အစည်းများမှ ထပ်တန်းခေါင်းဆောင်များ ဆွေးနွေးခဲ့ကြပြီး နှုတ်အားဖြင့် သဘောတူခဲ့ကြသည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“နှုတ်အားနဲ့ သဘောတူညီချက်တွေ ရှိထားခဲ့ကြတယ် နှစ်ဖွဲ့ကြားထဲ  Kawthoolei Armed Forces စာတန်းပါတဲ့ တံဆိပ်ကို ဝတ်ဆင်ကြဖို့ သဘောတူညီချက်ရသွားကြတာ လောလောဆယ်တော့ ဒီနှစ်ဖွဲ့က (KNU နဲ့ DKBA) တို့ တပ်ဆင်နေပါပြီ” ဟု ပဒိုစောတောနီးက ပြောသည်။ 

KNU နှင့် DKBA တို့ ပြန်လည်ပေါင်းစည်းရေး လတ်တလောတွင် ပထမဆုံး ခြေလှမ်းအဖြစ် Kawthoolei Armed Forces ရင်ဘတ်တံဆိပ်များကို စတင်တပ်ဆင်နေခြင်းဖြစ်သည်။ ကျန်ရှိနေသေးသည့် KNLA, KNDO တပ်မဟာ တပ်ရင်းများအားလုံးတွင်လည်း ဆက်လက်တပ်ဆင်ရန်ရှိကြောင်း ပဒိုစောတောနီးက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA သည်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ ကရင့်အာဇာနည်နေ့တွင် အဆိုပါ  Kawthoolei Armed Forces တံဆိပ်ကို စတင်တပ်ဆင်နေပြီဖြစ်သည်။ 

“ပြန်လည်စည်းလုံးညီညွတ်ရေးကို ခြေလှမ်းအစလို့ ယူဆရပါတယ် ကရင့်မြေမှာရှိတဲ့ ကရင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေကို သွားနေကြတာတော့ တစ်သားတည်းပါပဲ တပ်တွေမတူညီတာကို ပြန်စုစည်းဖို့ပဲဆိုတော့ ဒါ စည်းလုံးညီညွတ်ရေးအတွက်ပဲဆိုတော့ ဒီရင်ဘတ်တံဆိပ်ကို စပြီးမှ တပ်လာကြတာပါ” ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းနိုင်ရန် KNU/ DKBA/ KNLA အဖွဲ့များမှ အရာရှိကြီးများပါဝင်သော အစည်းအဝေးတစ်ခုကို ဩဂုတ်လ ၃ ရက်တွင်  ပြုလုပ်ခဲ့ကြောင်း Myanmar Now က ရရှိထားသည့် အစည်းအဝေး မှတ်တမ်းတွင် တွေ့ရသည်။

“ကရင်ပြည်နယ်အတွင်းမှာပဲ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတာက ရှုမြင်လို့ မကောင်းဘူး။ ကရင့်တပ်ဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ တစ်သားတည်းဖြစ်နေဖို့လိုတယ်။ အဓိက ရည်မှန်းဖြစ်တဲ့ စစ်အာဏာရှင်ကိုတိုက်ဖို့ စည်းစည်းလုံးလုံး လုပ်သွားရမယ်ဆိုတာကလည်း ရည်မှန်းချက်ဖြစ်နေတာဖြစ်တဲ့အတွက် ပြန်လည်ပေါင်းစည်းတာဖြစ်တဲ့အတွက် အများကြီးဝမ်းသာပါတယ်” ဟုလည်း KNLA မှ အရာရှိ ကဆိုသည်။

Myanmar Now က ရရှိထားသည့် အစည်းအဝေး မှတ်တမ်းတွင် စစ်ကောင်စီ၏ ထိုးစစ်များ ပြီးဆုံးစေရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီးမှ စစ်ကောင်စီနှင့် ဆွေးနွေးရန် သဘောတူသည်ဟုလည်း ပါရှိသည်။ အကယ်၍ ထို စေ့စပ်ဆွေးနွေးမှုကို စစ်ကောင်စီက လက်မခံဘဲ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပါက KNU နှင့် DKBA အတူတကွပူးပေါင်း ဆောင်ရွက်ရန် သဘောတူသည်ဟုလည်း အစည်းအဝေး မှတ်တမ်းတွင်တွေ့ရသည်။ 

အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ “ကြိုးစားလို့မရဘူးဆိုရင် ပြန်တိုက်စရာရှိရင်လည်း နှစ်ဖွဲ့စလုံး ပြန်တိုက်ကြမယ်ဆိုပြီး အကြမ်းဖျင်းအားဖြင့် ဒီလိုပဲ သဘောတူညီခဲ့ကြတာပါ” ဟု ပဒိုစောတောနီးက ဆိုသည်။

KNU နှင့် နီးစပ်သူများ၏ အဆိုအရ အဆိုပါအစည်းအဝေးအပြီးတွင် စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်ကြီး စောစတီးကို ဖိအားမှုများရှိခဲ့ကြောင်းဆိုသည်။ ထို့ကြောင့် ထိုအချက်ကို သဘောမတူကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးက ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

KNU သည် ခရစ်ယာန်ဘာသာဝင်များကို ဦးစားပေးကာ ဗုဒ္ဓဘာသာကရင်လူမျိုးများကို အရေးမပေးဟူသည့် စွပ်စွဲချက်ဖြင့်  ဘာသာရေးကိစ္စကိုအကြောင်းပြုကာ ဗုဒ္ဓဘာသာဝင် KNU ခေါင်းဆောင်အချို့က KNU မှခွဲထွက်ကာ ၁၉၉၄ ခုနှစ်တွင် DKBA ကိုထူထောင်ခဲ့သည်။ 

KNU မှ DKBA ခွဲထွက်စဉ် DKBA တပ်ဖွဲ့ဝင်  အင်အား ၆,၀၀၀ ခန့်ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။ သို့သော် ယခုတွင် အင် အား ၁,၅၀၀ ခန့်သာ ကျန်ရှိတော့ပြီး အများစုမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF  များအဖြစ် ပြောင်းလဲသွားကြသည်။ လက်ရှိ DKBA တပ်ဖွဲ့ဝင်  အများစုသည် ကရင်ပြည်နယ် ဒေါနတောင်တန်းရှေ့ဘက်နှင့် အနောက်ဖက်တို့တွင် အခြေပြု လှုပ်ရှားနေကြသည်။

DKBA ခွဲထွက်စဥ် KNU ဗဟိုက DKBA ကို ရန်သူအဖြစ် သတ်မှတ်ကြောင်း စာအမှတ် ၁/၉၄ ဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ကို ပြန်ရုတ်သိမ်းကြောင်းလည်း မကြာသေးမီက ပြုလုပ်သည့် KNU နှင့် DKBA ပြန်လည်ပေါင်းစည်းရေး အစည်းအဝေး မှတ်တမ်းတွင်တွေ့ရသည်။

ဩဂုတ်လ ၃ ရက် ကရင့်ခေါင်းဆောင်များ အစည်းအဝေးတွင် KNU ကာကွယ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ရောဂျယ်ခင်၊ KNU အတွင်းရေးမှူးချုပ် ပဒိုတာဒို့မှူး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီး၊ DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး ဆန်းအောင်၊ DKBA ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရွှေဝ၊ DKBA စစ်ထောက်ချုပ် ဗိုလ်မှူးကြီး ကြာညူး၊ သေ့ဘောဘိုး အုပ်ချုပ်ရေးမှူး ဗိုလ် ကြီး ထောပလို့၊ DKBA ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ။ DKBA ဌာနချုပ်မှ ဗိုလ်မှူး စမင်း၊ KNLA တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နယ်ဒါးထူး၊ KNLA တပ်ခွဲမှူး ဗိုလ်ကြီး မူးဂေ၊ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စိန်ဝင်းတို့ တက်ရောက်ခဲ့သည်ဟု အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s