စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် လက်နက်ပွဲစားတွေဖြစ်တဲ့ International Gateways Group နဲ့ Star Sapphire Group ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ အရေးယူလိုက်ကြောင်း ယူကေအစိုးရက ဆုံးဖြတ်လိုက်တဲ့အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုဆိုထောက်ခံလိုက်ပါတယ်။
Justice For Myanmar ရဲ့ အဆိုအရ International Gateways Group နဲ့ Star Sapphire Group ကုမ္ပဏီလုပ်ငန်းစုတို့ဟာ အကြမ်းဖက်မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေကို အဓိကဝယ်ယူ တင်သွင်းပေးနေတာပါ။ ဒီ့အပြင် သတိထားစောင့်ကြည့်ရမယ့်အချက်က Star Sapphire Group ကုမ္ပဏီလုပ်ငန်းစုအောက်မှာရှိတဲ့ သတ္တူတူးဖော်ရေးလုပ်ငန်း အပါအဝင် ဟိုတယ်နဲ့ လောင်းကစားရုံတွေ စတဲ့ လုပ် ငန်းအမျိုးမျိုးတို့မှ ရရှိတဲ့ ဝင်ငွေတွေဟာ အကြမ်းဖက်မြန်မာစစ်တပ်အတွက် ဝင်ငွေရလမ်းကြောင်းကြီး တခုအနေနဲ့ ရှိနေတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။
အဆိုးဝါးဆုံးအချက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးစုတွေအပေါ် အကြမ်းဖက်မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့ရာမှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် စစ်လက် နက်ပွဲစားတွေဖြစ်တဲ့ International Gateways Group နဲ့ Star Sapphire Group ကုမ္ပဏီလုပ်ငန်းစုတို့က အထောက်အပံ့တွေ များစွာ ပံ့ပိုးပေးခဲ့တာ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ဖော်ထုတ်ထားပါတယ်။