Monthly Archives: Aug 2022

ကော့သောင်း မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး အမျိုးသမီး ၂ ဦး ဆိုင်ကယ်စီးလျှင် ပစ်ခတ်မည်ဟု စစ်ကောင်စီက မြို့ခံတွေကို ခြိမ်း ခြောက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် အောင်သုခ ရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ယင်းမြို့ရှိ ဒေသခံများထံမှ သိရသည်။

ထိုသို့ မြို့မရဲစခန်းအား ပစ်ခတ်ခံရမှုကြောင့် ယင်းနေ့ ညပိုင်းတွင် စစ်ကောင်စီ တပ်သားများက ကော့သောင်းမြို့ အဝိုင်းနှင့် နေရာတချို့ကို ဆိုင်ကယ် စီးနင်းသွားလာသူများကို စစ်ဆေးခဲ့ပြီး တစ်မြို့လုံးကို လှည့်ကင်း ပြုလုပ်ကာ သေနတ်နှင့် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကော့သောင်းမြို့ခံ တစ်ဦးက“ရဲစခန်းကို သေနတ်နဲ့ လာပစ်သွားတယ်လို့ သိရပါတယ်၊ ထိခိုက်မှုကတော့ အတိအကျမသိရပေမယ့် ရဲတစ်ယောက်တော့ ထိခိုက်တယ်”ဟု ပြောသည်။

ထိုသို့ တိုက်ခိုက် ခံရမှုကြောင့် အမျိုးသမီး နှစ်ဦးပါ ဆိုင်ကယ်စီးတာ တွေ့ရှိလျှင် ပစ်ခတ်မည်ဟုလည်း စစ်ကောင်စီတပ်ဖွဲ့ ခြိမ်းခြောက် ပြောဆိုထားကြောင်းလည်း သိရသည်။

ယင်း မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုပ်က ပြန်လာသည့် ရေလုပ်သား နှစ်ဦးလည်း ဆိုင်ကယ် တစ်စီးတွင် နှစ်ယောက် စီးလာခြင်းကြောင့် စစ်ကောင်စီ တပ်သားများက ပစ်ခတ်ခဲ့၍ ဒေသခံ နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။ mizzima

ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းများကို AA နှင့် CDF-Daai က နှစ်ဖက်ညှပ်ပြီး ရိက္ခာဖြတ်တောက်မှုကြောင့် စစ်သားနှင့်ရဲများ စက်လှေ ၃၃ စီး ဖြင့် စခန်းစွန့်ခွာသွား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အထက်သံထောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲစခန်းနှင့် စစ်တပ်၏ ဗျူဟာစခန်းများကို ရက္ခိုင့်တပ်တော် AA နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-DAAI တို့က နှစ်ဖက်ညှပ်ကာ ရိက္ခာဖြတ်တောက်ထားမှုကြောင့် အဆိုပါ စစ်ကောင်စီစခန်းများမှ တပ်ဖွဲ့ဝင်များသည် စက်လှေ ၃၃ စီး ဖြင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ဘက်သို့ စခန်းစွန့်ခွာ ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

“၂၄ ရက် ညနေပိုင်းမှာ သူတို့ စခန်းစွန့်ခွာပြီးတော့ စက်လှေ အစီး ၃၀ နဲ့ ဝက်ချောင်းအတိုင်း ရခိုင်ပြည်နယ်ဘက်ကို ဆုတ်ခွာသွားတယ်။ လေးမြို့မြစ်ကမ်းမှာက ရဲစခန်း၊ အဲဒီအပေါ် တောင်ကုန်းပေါ်မှာက စစ်တပ်ဗျူဟာရှိတယ်။ သူတို့က ရဲရော စစ်တပ်ရောဆို အင်အား ၁၅၀ လောက် ရှိတယ်။ ရက္ခိုင့်တပ်တော်နဲ့ CDF နဲ့က နှစ်ဖက်ညှပ်ပြီး ရိက္ခာဖြတ်ထားတာ။ ထိတွေ့တိုက်ပွဲမရှိဘူး ရိက္ခာပဲ ဖြတ်ထားတာ။ မဟာမိတ် AA အဖွဲ့က စစ်ကောင်စီရဲ့ ရိက္ခာပို့ လေယာဉ်ကို ကြားဖြတ်ပစ်ခတ်ခဲ့တာရှိတယ်၊ အဲဒီနောက်ပိုင်း သူတို့ စွန့်ခွာသွားတာ” ဟု CDF-DAAI တပ်မဟာမှူး ဆလိုင်းဗိုလ်နေမင်း က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အထက်သံတောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်နှင့် ရဲစခန်းသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းသော လေးမြို့မြစ်ကမ်းတွင် တည်ရှိပြီး ၎င်း၏ မြစ်လက်တက်တစ်ခုဖြစ်သော ဝက်ချောင်းအတိုင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ စခန်းအနီးဝန်းကျင်၌ AA နှင့် CDF က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်းလည်း CDF-DAAI တပ်မဟာမှူးက ဆက်ပြောသည်။

အကြမ်းဖက်စစ်တပ်က စခန်းစွန့်ခွာသွားပြီးနောက် သံတောင်ဗျူဟာအနီး နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် လုံခြုံသည့်နေရာများသို့ အမြန်တိမ်းရှောင်ကြရန် CDF-DAAI က သတင်းထုတ်ပြန်ထားသည်။

နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေလျှက်ရှိရာ စစ်ရေးအခြေအနေမှာ ပိုမိုတင်းမာလာနိုင်သောကြောင့် သံထောင်ဗျူဟာ တပ်စခန်းအနီးအနား ကျေးရွာများမှ ပြည်သူများ လုံခြံသည့်နေရာများသို့ ( အမြန်) ရှောင်တိမ်းကြပါရန်လည်း CDF Daaiက ထုတ်ပြန်ထားသည်။

အဆိုပါ အထက်သံတောင်ရွာအနီးရှိ စစ်တပ်ဗျူဟာစခန်းသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် လေးမြို့မြစ် ကမ်း တွင် တည်ရှိပြီး ဒေသတွင်း ဗျူဟာကျသည့်စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ချင်းနှင့် ရခိုင်အစပ် ကုလားတန်မြစ်နှင့် လေးမြို့မြစ်ကမ်းများတွင်ရှိသော အကြမ်းဖက်စစ်တပ်၏ စခန်း ၅ ခုခန့်ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသလို ရခိုင်ပြည်နယ်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် AA ကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။ khit thit

ကနီမြိုနယ်၊ ချောင်းမအနောက်ရွာတွင် PDF တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ

ကနီမြိုနယ်၊ ချောင်းမအနောက်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံထားရတဲ့ PDF ရဲဘော် ၅ ဦးအလောင်းကို  ဒီနေ့မနက် တွေ့ရှိခဲ့တယ်လို့ ချောင်းမဒေသခံတွေက ပြောပါတယ်။

“သတ်တာက မနေ့ကတည်းက သတ်တာဖြစ်ဖို့များတယ်ဗျ။ ဒီနေ့မနက်ကြတော့ သတ်ခဲ့တဲ့ အလောင်း ၅ လောင်းနဲ့ ကားကို မီးရှို့တာတွေ တွေ့ခဲ့ရတယ်။ တာဝန်ရှိသူတွေကို အကြောင်းကြားပြီး လာရောက်သယ်ယူနေကြပြီ” လို့ ဒေသခံချောင်းမရွာသားတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲဘော်တွေဟာ မိုးရွာနေလို့ ချောင်းမအနောက်ရွာရဲ့ အစွန်ဆုံးအိမ်မှာ မိုးခိုနေရင်း စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုအဖွဲ့တွေက ပြောပါတယ်။

ယင်းမာပင် ဗိုလ်သူရိန်အဖွဲ့ခေါင်းဆောင်က “ဟုတ် သေဆုံးသူက ကိုသူရ(ခေါ်) ကိုလှမင်းနိုင် (အသက် ၃၀‌ ကျော်)၊ ကိုလှမြင်သန်း (အသက် ၄၀) နဲ့ ကျောက်ခဲ ကတော့ အသက်မသိရဘူး။ ကျန်နှစ်ယောက်ကတော့ ကနီမြိုနယ် ကျောက်လုံးကြီး တပ်သားတွေဗျ။ သေဆုံးသူတွေကတော့ ညှဉ်းပန်းနှိပ်ဆက် သတ်ထားခဲကြတာဗျ။ ကိုလှမင်းနိုင်ကတော့ ပါးစပ်ထဲသေနတ်ထည့်ပြီး ပစ်တာတချက်၊ ရင်ဘက်ဒဏ်ရာ တချက်ပစ်သတ်ထားခဲ့ကြတယ်။ လက်နက်နဲ့ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေပါ ယူသွားကြတယ်။ နောက်ဆုံး ဖိနပ်ပါကို ချွတ်ယူသွားကြတယ်။ အခုလို စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ကျဆုံးသွားရတဲ့ ရဲဘော်အပေါင်းကို  မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့ ရဲဘော်များကို အလေးပြုဂုဏ်ပြုပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော် ၅ ဦးကို သတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၂၇ ရက်နေ့မှာ ချောင်းမကျေးရွာ မြောက်ဘက် သင့်ဝင်ရွာ၊ မင်းမရွာ၊ ကျွဲသောက်ကန်ရွာဘက် စစ်ကြောင်းထိုးသွားနေပြီး သင့်ဝင်ရွာက ဒေသခံတဦး၊ မင်းမရွာက ဒေသခံနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၁ ရက်နေ့ကနေ သြဂုတ် ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာတော့ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြင်းအထန် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ပုလဲမြို့နယ်အတွင်းက ပြည်သူအချို့ကို စစ်ကောင်စီဘက်က မတရားသတ်ဖြတ်သွားခဲ့သလို လူနေအိမ် ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။ DVB

မြိုင်မြို့နယ် သဒွတ်ကျေးရွာအနီး တိုက်ပွဲဖြစ် ပွား ကာကွယ်ရေးတပ်ဖွဲ့ ၀င် ၆ ဦးကျဆုံး ၇ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သဒွတ်ကျေးရွာအနီး သြဂုတ်လ၂၃ ရက် မနက် ၁၀နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက သြဂုတ်လ၂၀ ရက်နေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ် လယ်မချောင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့ အင်အား၁၀၀ ခန့်အား ရ ဟတ်ယာဉ် နှစ်စီးဖြင့် နှစ်ကြိမ်ခေါ်ဆောင်ကာ ပုလဲမြို့နယ်၊ လယ်ဓမ္မကျေးရွာ၊ ထန်းကင်းကြီးကျေးရွာ၊ ပေပင်ရွာနှင့် မြိုင်မြို့နယ် ငါးမြောင်းကျေးရွာများသို့ စစ်ကောင်စီတပ်သားများ လာရောက်ချထားခဲ့ပြီး အဆိုပါတပ်သားများက ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးခြင်းများ ပြုလုပ်သည်ဟု သိရသည်။

သြဂုတ်လ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် အဆိုပါစစ်ကောင်စီတပ်သားများမှာ မြိုင်မြို့နယ် သဒွတ်ကျေးရွာသို့ ရောက်ရှိလာပြီး ကာကွယ်ရေးတပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်း ကျဆုံးခဲ့သည်ဟု သိရသည်။

“၂၃ ရက်နေ့က သူတို့ သဒွတ်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာ၊နှစ်နာရီလောက် ထိတွေ့မှုဖြစ်ခဲ့တယ်၊ ကျွန်တော်တို့ဘက်ကရဲဘော် ခြောက်ဦးကျတယ်၊ ခုနစ်ယောက်ဒဏ်ရာရတယ်၊ သူတို့ကို အဲ့နေ့ညနေပဲ မီးသဂြိုဟ်လိုက်တယ်”ဟု Pale People Defence Force – Headquartersအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိတွေ့တိုက်ပွဲ နှစ်ကြိမ်တွင် စစ်ကောင်စီဘက်မှ ၁၃ ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး၊ ကာကွယ်ရေးတပ်ဖွဲ့မှ ခြောက်ဦးကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းလုပ်ဆောင်မှုကို Pale People’s Defence Force-Headquarters ပုလဲတပ်ရင်း (၂)၊ ပုလဲတပ်ရင်း(၁)၊ပုလဲတပ်ရင်း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊စကားပြောက်ကျားတပ်ဖွဲ့၊ 7 Starနှင့် ဒေသခံ PDF များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။mizzima

ဖားကန့်တွင် PDF ထောက်ပံ့သည်ဟုဆိုကာ မှော်ပုံကျေးရွာမှ ဦးဇော်မင်းဦးနှင့် လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်နှင့် ကားကို မီးရှို့သွားခဲ့၊ နောင်ချို နှင့် ရွှေဘို တို့တွင်လည်း ပရဟိတအသင်းအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ နှင့် ပြည်သူများကို စစ်တပ်ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာမှ ဦးဇော်မင်းဦးနှင့် လူငယ်တစ်ဦးကို PDF ထောက်ပံ့သည်ဟုဆိုကာ ယမန်နေ့က ဖမ်းဆီးပြီး အိမ်နှင့်ကားကိုပါ မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မှော်ပုံ ​ကျေးရွာ၊ လမ်းသွယ် ၁ အဆုံးမှာနေတဲ့ ဦးဇော်မင်းဦးနဲ့ ကုလားလေးကို မနေ့ညနေက စစ်တပ်က အင်အား ၃၀ နဲ့ဝင်ဖမ်းတယ်။ အိမ်နဲ့ကားကိုလည်း မီးရှို့တယ်။ ဖမ်းပြီး သိပ်မကြာဘူး။ သေနတ်သံ ၂ ချက်ကြားရတယ်။ အဲဒါကြောင့် သတ်ပစ်လိုက်ပြီလားဆိုပြီး ထင်ကြေးပေးကြတယ်။ အိမ်နဲ့ကားက တော့ ပြာကျသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် ပရဟိတအသင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးလျက်ရှိသဖြင့် ရုံးများ ပိတ်ထားရကြောင်း သိရှိရသည်။

“စေတနာမွန်အသင်းဥက္ကဌ ဦးနေဦးသာ နဲ့ ဖြူစင်မေတ္တာအသင်း ဥက္ကဌ ဦးချိုတူးတို့ကို ဩဂုတ်လ ၇ရက်နေ့ ညနေ ၆နာရီဝန်းကျင် ဖြူစင်မေတ္တာရုံးသို့ဝင်ရောက် ဖမ်းဆီးပါတယ်။ ဩဂုတ်၉ ရက်နေ့ညမှာ စေတနာမွန် အသင်းက ရုံး စာရေး ဦးနိုင်နိုင် ကို နေအိမ်မှာ ဝင်ဖမ်းပါတယ်။ ဩဂုတ်လ ၁၀ရက်နေ့ ညနေ ၇နာရီဝန်းကျင်မှာ စေတနာမွန် အသင်းကိုဝင်ရောက်ဖမ်းဆီးပါတယ်။ ဦးကျော်ဦး (ယာဉ်တာဝန်ခံ)၊ ကိုသော်ဇင်နိုင် (Ambulance ယာဉ်မောင်း)

ကိုဇွဲ ညီညီ (Ambulance ယာဉ်မောင်း)တို့ကို ဖမ်းဆီးတာပါ။ ရည်ရွယ်ချက်ရှိရှိချောက်တွန်းမှုကြောင့် ပရဟိတအဖွဲ့ဝင်တွေ၊ မြို့မိ/ဖတွေနဲ့ ဖမ်းခံရသူလက်ရှိစုစုပေါင်း ၂၀ နီးပါးရှိနေပါပြီ” ဟု‌ ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်က နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပရဟိတအဖွဲ့များကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးပါသနည်းဟု ဆက်သွယ်မေးမြန်းရာ PDF နှင့်ပတ်သက် ဆက်နွယ်နေသည်ဆိုသော သတင်းပေးပို့မှုများ ကြောင့် ဖမ်းဆီးသည်ဟု သိရှိရကြောင်း ထွေ/အုပ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

အလားတူ ရွှေဘိုမြို့နယ်၊ ရွှေခွန်မြေသပိတ် ခေါင်းဆောင် ဦးမောင်မောင်ထွေးကို ဇူလိုင်လ ၃၁ ရက်နေ့ တွင် စစ်တပ်က ဖမ်းဆီးပြီးနောက် မိသားစုနှင့်အဆက် အသွယ်ပြတ်နေကြောင်း၊ အခြား နောက်ဆက်တွဲ ဖမ်းဆီးမှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဇူလိုင်လ ၃၁ ရက်နေ့ လူထုသစ္စာခံယူပွဲအပြီး ဦးမောင်မောင်ထွေးကို နေအိမ်မှာ လာဖမ်းတာပါ။ ဩဂုတ်လ ၁ ရက်နေ့မှာလည်း အခြားပါဝင်သူတစ်ဦးကို ဖမ်းတာ လူမတွေ့ လို့ အိမ်ထဲက ငွေ ၃သိန်းကျော်၄သိန်းခန့်ကိုယူသွားပြီးဆိုင်ကယ်နဲ့အခြာပစ္စည်းတချို့ကိုဖျက်ဆီးထားခဲ့ပါတယ်” ဟု ရွှေဘိုမြို့နယ်၊ ရွှေခွန်မြေသပိတ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ khit thit

မုံရွာထောင်တွင်း အကြမ်းဖက်မှုများနှင့်ပတ် သက်ပြီး သက်သေရထားဟု မုံရွာသပိတ်ကော်မတီ ပြော

စစ်ကိုင်းတိုင်း မုံရွာမြို့ အကျဉ်းထောင်မှာ အခုလတတိယပတ်က နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြတဲ့အပေါ် ထောင်အာဏာပိုင်တွေက အ ကြမ်းဖက်နှိမ်နင်းခဲ့တယ်ဆိုတဲ့ သက်သေတွေကို ရရှိထားပြီလို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

မုံရွာအကျဉ်းထောင်မှာ ဩဂုတ် ၁၄ ရက်က နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ ခဲ့တာကြောင့် ထောင်တွင်း မငြိမ်သက်တာတွေဖြစ်ခဲ့တယ်လို့ အဆိုပါထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ တကိုယ်ရေသုံးပစ္စည်းတွေ၊ မိသားစုနဲ့ ဆက်သွယ်ထားတဲ့ပုဂ္ဂိုလ်ရေး ဓာတ်ပုံတွေနဲ့ စာတွေကို စစ်ကောင်စီ၊ ရဲနဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေက ရှာဖွေ သိမ်းဆည်းရာ ကနေ ထောင်တွင်း မကျေလည်တာတွေ စခဲ့တာပါ။

အခုလိုဖြစ်နေချိန် ဩဂုတ် ၂ ရက်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို မုံရွာထောင်ကနေ တခြားထောင်တွေကို စစ်ကောင်စီက ပို့လိုက်တာကြောင့် ထောင်တွင်းအစာငတ်ခံဆန္ဒပြတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ 

ဒီအခြေအနေတွေကြောင့် ဩဂုတ်တတိယအပတ်မှာ နိုင်ငံရေးကျဉ်းသားတွေက အစာငတ်ခံဆန္ဒပြ ခဲ့တာကို စစ်ကောင်စီနဲ့အကျဉ်းဦးစီးဌာနရဲ့ ထောင်တွင်းအကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

“မုံရွာထောင်တွင်းဖြစ်ပွားခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဝန်ထမ်း တယောက်၊ တရားရေးဝန်ထမ်‌တယောက်နဲ့ ထောင်တွင်းသတင်းပေးတွေဆီကနေ ခိုင်လုံတဲ့ သက်သေတွေရ ထားတာပါ။”

ဒါအပြင် မုံရွာအကျဉ်းထောင်တွင်းတရားရုံးက ဩဂုတ် ၁၂ ရက်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပုဒ်မ ၅၀၅ အမှု ၅ မှုအတွက် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာကလည်း ထောင်တွင်း မတည်ငြိမ်မှုတွေရဲ့ အကြောင်းရင်းတခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာအကျဉ်းထောင် အမျိုးသမီးဆောင်တွေ၊ ရေချိုးခန်းနဲ့ သန့်စင်ခန်းတွေမှာ အကျဉ်းဦးစီးက ဗွီဒီယိုကင်မရာတွေ တပ်ထားတာ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားတာ၊ LGBT အကျဉ်းသားတွေကို အကြမ်းဖက်အနိုင်ကျင့်တာတွေလည်း ရှိနေတယ်လို့ ကိုမြင့်မြတ် (မုံရွာသပိတ်ဦးဆောင်ကော်မတီ)က ပြောပါတယ်။

အခုလို အခြေအနေတွေကို မကျေနပ်တဲ့ HS ကျောင်းသားသစ္စာအဖွဲ့ဝင် ကျောင်းသား ၄ ယောက်က အစာငတ်ခံဆန္ဒပြတာကို ဦးဆောင်ခဲ့ပြီး အချက် ၉ ချက် တောင်းဆိုခဲ့ချိန်မှာ  ကျန်နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်ကလည်း ထောင်က ကျွေးတာကိုမစားဘဲ ကိုယ်ပိုင်အစာပဲ စားပြီး Semi hunger strike အဖြစ် ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြဿနာတွေဖြစ်ပွားပြီး ၂ ရက်အကြာမှာတော့ ထောင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေကနေ ပြေလည်မှု ပြန်ရခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း အမှုရင်ဆိုင်နေရသူ ၁၂၀၀၀ ကျော်ရှိနေပြီး ပြည်သူ ၂၂၀၀ ကျော် အကြမ်းဖက်သတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ DVB

B.I.A (ဒီပဲယင်း) တပ်ဖွဲ့တွင် ဒရုန်းတပ်သားများ စတင်မွေးထုတ်ရန်ပြင်ဆင်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အခြေစိုက် Burmese Independent Army- B.I.A တပ်ဖွဲ့အနေဖြင့် ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့တွင် ပါဝင်၍တာဝန်ထမ်းဆောင်ရန် တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကို ဒရုန်းလေ့ကျင့်ရေးသင်တန်း စတင်ပြုလုပ်ကာ သင်ကြားပေးနေပြီဖြစ်သည်။

“B.I.A (ဒီပဲယင်း) ရဲဘော်များ Drone မောင်း လေ့ကျင့်နေကြပါပြီ ၊

မဟာမိတ်များအတွက် ကင်းကူထောက်ပေးရန် အသင့်ပါပဲဗျ”ဟု ယမန်နေ့ ဩဂုတ်လ ၂၆ ရက်တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

B.I.A တပ်ဖွဲ့မှာ အင်အား ၅၀ ခန့်ရှိသည့် အထူးကွန်မန်ဒိုတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့် ရွေးချယ်ကာ တပ်ဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် တစ်ခုတည်းသော ဒရုန်းဖြင့် B.I.A တပ်စုမှူးက ဦးဆောင်လေ့ကျင့်သင်ကြားပေးလျှက်ရှိကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ပြောသည်။

“ဒရုန်းက ကျွန်တော်တို့ ခု ၁၀ ယောက်လောက် သင်ပေးနေတယ်၊ ရွှေဘိုခရိုင်ဒရုန်းတပ်မှာ လွှတ်ဖို့ပေါ့၊ ခရိုင် ပကဖ ဒုတာဝန်ခံက ဒရုန်းတပ် ဖွဲ့ပေးမယ်၊ သူတို့မှာ ဒရုန်းတွေဝယ်ထားတာရှိတယ်ပေါ့၊ ကျွန်တော်တို့ကတော့ လူအင်အား ပေးရမှာပေါ့နော်၊ အနည်းဆုံး ငါးယောက်ပေးရမှာပေါ့၊ ကျွန်တော်တို့လို တခြားအဖွဲ့တွေလည်းရှိမယ်၊ မစ်ရှင်တွေမှာ ကျွန်တော်တို့က ကူညီတိုက်ပေးရမှာပေါ့၊ NUG ဒရုန်းတပ်ပေါ့”ဟု ဗိုလ်သတ္တိက ပြောသည်။

B.I.A တပ်ဖွဲ့တွင် ဩဂုတ်လ ၂၅ ရက်နေ့ကစ၍ ဒရုန်းအခြေခံသင်တန်းစတင်ပို့ချနေပြီဖြစ်ပြီး မကြာမီအခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အဆင့်မြင့်သင်ခန်းစာများ ဆက်လက်သင်ယူရန်ရှိကြောင်းလည်း သိရသည်။

“အခြေခံက တစ်ပတ်သင်ရင်ကျွမ်းကျင်ပါတယ်၊ နေ့တိုင်းမောင်းပေါ့ ကလေးတွေ တစ်ယောက်တစ်လှည့်မောင်းကြပေါ့နော့၊ ဒီနေ့ဘယ်ရွာကိုသွားကြည့်မလဲဆိုတဲ့ တားဂတ်(Target)တစ်ခုထားပြီး မောင်းခိုင်းတာပေါ့၊ ဂျန်မာတွေရှိရင် ဘယ်လိုသတိထားမလဲ ဆိုတာမျိုးပေါ့”ဟု သူက ပြောသည်။

လက်ရှိ ၎င်းတို့ဝယ်ယူထားသည့် ကင်းထောက်ဒရုန်းအမျိုးအစားမှာ ကာလတန်ဖိုး ကျပ် သိန်း ၂၀ ခန့်ရှိပြီး၊ တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းဖြည့်တင်းဝယ်ယူရန်လည်း ရန်ပုံငွေ ကျပ်တည်းနေကြောင်းလည်း ဗိုလ်သတ္တိက ပြောသည်။

Burmese Independent Army- B.I.A တပ်ဖွဲ့မှာ စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်ထိ တိုက်ပွဲ ၁၀ ပွဲထက်မနည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒီပဲယင်း၊ အရာတော်နှင့် ရွှေဘိုမြို့နယ်များတွင် အဓိကတိုက်ပွဲ ဖော်ဆောင်လျှက်ရှိသည်။ mizzima

AAနှင့် အကြမ်းဖက်စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းတွင် ပညာရေးဝန်ထမ်းအချို့ ပိတ်မိနေ

ရက္ခိုင်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအရှိန်မြင့်လာနေသည့် မောင် တောမြောက်ပိုင်းအခြေအနေကြောင့် ပညာရေးဝန်ထမ်းအချို့မှာ ကျေး ရွာသားများနှင့် အတူ ထွက်ပြေးလာခဲ့ရာ လမ်းတွင်ပိတ်မိလျက်ရှိနေကြောင်း ဆရာ၊ ဆရာမများက ပြောသည်။

ထွက်ပြေးလာသည့် ပညာရေးဝန်ထမ်းများမှာ ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တော မင်းခမောင်းနှင့် ခမောင်းဆိပ် ကျေးရွာဖက်တို့တွင် တာဝန်ကျ ကျောင်းဆရာ၊ ဆရာမ၊ စာရေး တို့ဖြစ်ကြသည်။

လက်ရှိတွင်အဆိုပါ ပညာရေးဝန်ထမ်းများမှာ ကြိမ်ချောင်းဂိတ်သို့ကျော်မရ၍ မောင်တောမြောက်ပိုင်း ကားလမ်းဘေးတွင် ပိတ်မိနေကြသည်ဟု မင်းခမောင်းကျောင်း တာဝန်ကျ ကျောင်းဆရာတစ်ဦးက ပြောသည်။

“ကျနော်တို့ စုစုပေါင်း လူ ၁၀ ကျော်လောက်ရှိပါတယ်။ တိုက်ပွဲအခြေနေပိုဆိုးလာတာကြောင့် ဒီနေ့မနက် ၆ နာရီလောက်ကျနော်တို့ထွက်လာခဲ့ကြတာ။ အခုကားလမ်းဘေးမှာပဲ ကြိမ်ချောင်းဂိတ်ဖြတ်ခွင့်မပေးဘူးကြားတယ်။ ဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူး” ဟုပြောသည်။

အဆိုပါပညာရေးဝန်ထမ်းများမှာ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များမှပါဝင်ကြောင်း သိရသည်။

မောင်တောမြောက်ပိုင်းကျေးရွာများနှင့် မောင်တောမြို့ဖက်သို့ ဆက်သွယ်သည့်ကားလမ်းကြောင်းကို စစ်ကောင်စီမှ ဇူလိုင်လ ၁၈ ရက်နေ့ကစတင်၍ လက် ရှိ အချိန်ထိ ပုံမှန်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားဆဲဖြစ်ရာ အဆိုပါပညာရေးဝန်ထမ်းများ အခက်တွေ့နေကြခြင်းဖြစ်သည်။

မောင်တောမြောက်ပိုင်း ခမောင်းဆိပ်နှင့် မင်းခမောင်းကျေးရွာဖက်တွင် ယမန် နေ့သြဂုတ် ၂၆ ရက်နေ့က တိုက်ပွဲများပြင်းထန်ခဲ့ပြီး ကျေးရွာသားအချို့လည်း ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြရပြီး မင်းခမောင်းမှ ကျေးရွာသား ၄ ဦးမှာလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ရခိုင်ဒေသ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲအခြေအနေမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဖက်မှ လမ်း ကြောင်း ပိတ်ဆို့မှု ဒေသခံများအားဖမ်းဆီးမှုတို့ လုပ်ဆောင်လာလျက်ရှိသည်။khit thit

ယင်းမာပင်တွင် ကိုရင်ကြီး ၁ ပါးနှင့်ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းကျင်းကျေးရွာမှာ သြဂုတ် ၂၇ ရက် မနက်စောပိုင်းက ကိုရင်ကြီး ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စုစုပေါင်း ၇ ဦး ဖမ်းဆီးခံခဲ့ရပေမယ့် ၂ ဦးက  ပြန်လွတ်လာကြောင်း၊ ကိုရင်ကြီးအပါအဝင် ၅ ဦးကိုတော့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အသီးသီးကနေ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ခုပ္ပင်ရွာဟောင်းဘက်ကနေ စုန်းကျင်းကျေးရွာကို မနက် ၄ နာရီခွဲလောက် ဝင်ရောက်လာကာ ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒေသခံတွေရဲ့ဖုန်းတွေကိုလည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးရှိ စုန်းကျင်းကျေးရွာဟာ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြကာ တိုက်ပွဲတစုံတရာမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ စစ်ကြောင်းထိုးနေပြီး ပြီးခဲ့ရက်ပိုင်းတွေကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတချို့ သေဆုံးခဲ့သလို နေအိမ်အဆောက်အဦ အများအပြားလည်း မီးရှို့ခံခဲ့ရပါတယ်။ DVB

« Older Entries