မြိုင်မြို့နယ် သဒွတ်ကျေးရွာအနီး တိုက်ပွဲဖြစ် ပွား ကာကွယ်ရေးတပ်ဖွဲ့ ၀င် ၆ ဦးကျဆုံး ၇ ဦးဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သဒွတ်ကျေးရွာအနီး သြဂုတ်လ၂၃ ရက် မနက် ၁၀နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီက သြဂုတ်လ၂၀ ရက်နေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ် လယ်မချောင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့ အင်အား၁၀၀ ခန့်အား ရ ဟတ်ယာဉ် နှစ်စီးဖြင့် နှစ်ကြိမ်ခေါ်ဆောင်ကာ ပုလဲမြို့နယ်၊ လယ်ဓမ္မကျေးရွာ၊ ထန်းကင်းကြီးကျေးရွာ၊ ပေပင်ရွာနှင့် မြိုင်မြို့နယ် ငါးမြောင်းကျေးရွာများသို့ စစ်ကောင်စီတပ်သားများ လာရောက်ချထားခဲ့ပြီး အဆိုပါတပ်သားများက ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးခြင်းများ ပြုလုပ်သည်ဟု သိရသည်။
သြဂုတ်လ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် အဆိုပါစစ်ကောင်စီတပ်သားများမှာ မြိုင်မြို့နယ် သဒွတ်ကျေးရွာသို့ ရောက်ရှိလာပြီး ကာကွယ်ရေးတပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်း ကျဆုံးခဲ့သည်ဟု သိရသည်။
“၂၃ ရက်နေ့က သူတို့ သဒွတ်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာ၊နှစ်နာရီလောက် ထိတွေ့မှုဖြစ်ခဲ့တယ်၊ ကျွန်တော်တို့ဘက်ကရဲဘော် ခြောက်ဦးကျတယ်၊ ခုနစ်ယောက်ဒဏ်ရာရတယ်၊ သူတို့ကို အဲ့နေ့ညနေပဲ မီးသဂြိုဟ်လိုက်တယ်”ဟု Pale People Defence Force – Headquartersအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိတွေ့တိုက်ပွဲ နှစ်ကြိမ်တွင် စစ်ကောင်စီဘက်မှ ၁၃ ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး၊ ကာကွယ်ရေးတပ်ဖွဲ့မှ ခြောက်ဦးကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်းလုပ်ဆောင်မှုကို Pale People’s Defence Force-Headquarters ပုလဲတပ်ရင်း (၂)၊ ပုလဲတပ်ရင်း(၁)၊ပုလဲတပ်ရင်း(၆)၊ God Of Myaing ၊ Myaing Hero Generation ၊စကားပြောက်ကျားတပ်ဖွဲ့၊ 7 Starနှင့် ဒေသခံ PDF များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။mizzima