B.I.A (ဒီပဲယင်း) တပ်ဖွဲ့တွင် ဒရုန်းတပ်သားများ စတင်မွေးထုတ်ရန်ပြင်ဆင်


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အခြေစိုက် Burmese Independent Army- B.I.A တပ်ဖွဲ့အနေဖြင့် ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့တွင် ပါဝင်၍တာဝန်ထမ်းဆောင်ရန် တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကို ဒရုန်းလေ့ကျင့်ရေးသင်တန်း စတင်ပြုလုပ်ကာ သင်ကြားပေးနေပြီဖြစ်သည်။
“B.I.A (ဒီပဲယင်း) ရဲဘော်များ Drone မောင်း လေ့ကျင့်နေကြပါပြီ ၊
မဟာမိတ်များအတွက် ကင်းကူထောက်ပေးရန် အသင့်ပါပဲဗျ”ဟု ယမန်နေ့ ဩဂုတ်လ ၂၆ ရက်တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
B.I.A တပ်ဖွဲ့မှာ အင်အား ၅၀ ခန့်ရှိသည့် အထူးကွန်မန်ဒိုတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့် ရွေးချယ်ကာ တပ်ဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် တစ်ခုတည်းသော ဒရုန်းဖြင့် B.I.A တပ်စုမှူးက ဦးဆောင်လေ့ကျင့်သင်ကြားပေးလျှက်ရှိကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ပြောသည်။
“ဒရုန်းက ကျွန်တော်တို့ ခု ၁၀ ယောက်လောက် သင်ပေးနေတယ်၊ ရွှေဘိုခရိုင်ဒရုန်းတပ်မှာ လွှတ်ဖို့ပေါ့၊ ခရိုင် ပကဖ ဒုတာဝန်ခံက ဒရုန်းတပ် ဖွဲ့ပေးမယ်၊ သူတို့မှာ ဒရုန်းတွေဝယ်ထားတာရှိတယ်ပေါ့၊ ကျွန်တော်တို့ကတော့ လူအင်အား ပေးရမှာပေါ့နော်၊ အနည်းဆုံး ငါးယောက်ပေးရမှာပေါ့၊ ကျွန်တော်တို့လို တခြားအဖွဲ့တွေလည်းရှိမယ်၊ မစ်ရှင်တွေမှာ ကျွန်တော်တို့က ကူညီတိုက်ပေးရမှာပေါ့၊ NUG ဒရုန်းတပ်ပေါ့”ဟု ဗိုလ်သတ္တိက ပြောသည်။
B.I.A တပ်ဖွဲ့တွင် ဩဂုတ်လ ၂၅ ရက်နေ့ကစ၍ ဒရုန်းအခြေခံသင်တန်းစတင်ပို့ချနေပြီဖြစ်ပြီး မကြာမီအခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အဆင့်မြင့်သင်ခန်းစာများ ဆက်လက်သင်ယူရန်ရှိကြောင်းလည်း သိရသည်။
“အခြေခံက တစ်ပတ်သင်ရင်ကျွမ်းကျင်ပါတယ်၊ နေ့တိုင်းမောင်းပေါ့ ကလေးတွေ တစ်ယောက်တစ်လှည့်မောင်းကြပေါ့နော့၊ ဒီနေ့ဘယ်ရွာကိုသွားကြည့်မလဲဆိုတဲ့ တားဂတ်(Target)တစ်ခုထားပြီး မောင်းခိုင်းတာပေါ့၊ ဂျန်မာတွေရှိရင် ဘယ်လိုသတိထားမလဲ ဆိုတာမျိုးပေါ့”ဟု သူက ပြောသည်။
လက်ရှိ ၎င်းတို့ဝယ်ယူထားသည့် ကင်းထောက်ဒရုန်းအမျိုးအစားမှာ ကာလတန်ဖိုး ကျပ် သိန်း ၂၀ ခန့်ရှိပြီး၊ တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းဖြည့်တင်းဝယ်ယူရန်လည်း ရန်ပုံငွေ ကျပ်တည်းနေကြောင်းလည်း ဗိုလ်သတ္တိက ပြောသည်။
Burmese Independent Army- B.I.A တပ်ဖွဲ့မှာ စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်ထိ တိုက်ပွဲ ၁၀ ပွဲထက်မနည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒီပဲယင်း၊ အရာတော်နှင့် ရွှေဘိုမြို့နယ်များတွင် အဓိကတိုက်ပွဲ ဖော်ဆောင်လျှက်ရှိသည်။ mizzima