Monthly Archives: Aug 2022

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စ ခန်းစွန့်ခွာသွား၍ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ပြည်သူများအား CDF – Daai သတိ ပေး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ သံထောင်ဗျူဟာတပ်စခန်းအား စစ်ကောင်စီတပ်များမှ စွန့်ခွာသွားပြီး ၎င်းတို့နှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် အနီးနားရှိ ကျေးရွာများမှ ပြည်သူများ လုံခြုံသည့်နေရာသို့ အမြန်ရှောင်တိမ်းကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF – Daai မှ ဩဂုတ်လ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။

“ အဲဒီတပ်က ဘယ်ဖက်ကို သွားနေလည်းဆိုတာ မသိရသေးဘူး ၊ အဲဒီ အနီးနားမှာ ကျနော်တို့ တပ်တွေလည်းရှိတဲ့အခါကျတော့ အချိန်မရွေးတိုက်ပွဲ ဖြစ်သွားနိုင်တယ်၊ အင်အားနည်းသွားလို့ ဆုတ်ခွာသွားတာဖြစ်နိုင်သလို ရခိုင်ဘက်က တပ်တွေနဲ့လည်း သွားပေါင်းတာဖြစ်နိုင်တယ်၊ လောလောဆယ် ကျနော်တို့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေပါတယ်” ဟု CDF – Daai ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတောင်မင်း က မဇ္စျိမ ကို ပြောသည်။

အဆိုပါစွန့်ခွာသွားသည့်စခန်းအား နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေပြီး ကနဦး အနေဖြင့် စစ်ကောင်စီတပ်များ ထောင်ထားသည့် မိုင်းများကို ရှင်းလင်းနေရကြောင်း ဆိုသည်။

CDF -Daai ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ အသင့်စုဆောင်းထားကြရန်နှင့် ဩဂုတ်လ ၂၆ရက် ညနေ ၄နာရီမှ စတင်ပြီး နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားသည်။

ဩဂုတ်လ၂၅ရက် ညပိုင်းတွင် စွန့်ခွာသွားသော တပ်စခန်း၌ အင်အား ၁၀၀ခန့်ရှိပြီး ၎င်းတပ်စခန်းမှ အခြားနေရာများသို့ ထွက်ပြေးသူများရှိခဲ့ပြီး CDF – Daai သို့ သုံးဦး CDM ဝင်ရောက်ခဲ့ကြောင်း အင်အားနည်းပါးလာနေကြောင်း သိရသည်။

၎င်းအပြင် ရခိုင်ပြည်နယ်ဖက်မှ စားနပ်ရိက္ခာဖြတ်တောက်မှုအပြင် CDF -Daai မှ ဝိုင်းရံပိတ်ဆို့ထားပြီး ဖိအားပေးမှုများနှင့် စစ်ကူလာနိုင်ရန်အခက်အခဲများကြောင့် ယခုကဲ့သို့ စခန်းအားစွန့်ခွာသွားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ပလက်ဝမြို့နယ်အတွင်းရှိ သံထောင်တပ်စခန်းသည် ရခိုင်ပြည်နယ် မြောက်ဦး ၊ မင်းပြားမြို့များနှင့် ဆက်သွယ်ရေးတွင် အရေးပါပြီး စစ်ရေးအရ အချက်အချာကျသော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ mizzima

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို ခရီးသွားစဉ် ကြိုတင်သတင်းပေးချက်များအရ PDF က ဖမ်းဆီးရမိခဲ့သော် လည်း ကောင်းမွန်စွာပင် ပြန်လွှတ်ပေး

ရန်ကုန်ကြည့်မြင်တိုင်တွင် ၂၀၂၁ ခုနှစ် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ခလရ ၂၈ မှ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို လမ်းခရီးတစ်ခုတွင် ဖမ်းမိခဲ့သော်လည်း PDF က ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

ခလရ ၂၈ မှ ဗိုလ်မှူးနိုင်ဘိုဘိုသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းတွင် စစ်အာ ဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် အရှိန်ပြင်းပြင်းတိုက်၍ ဖမ်းဆီးခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန် နဝါရီ ၄ ရက်နေ့တွင် မင်းအောင်လှိုင်၏ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသူလည်းဖြစ်သည်။

“ရန်ကုန် ကြည့်မြင်တိုင်မှာ မြို့ပြလူငယ်တွေကို ကားနဲ့တိုက်သတ်ပြီး ဖမ်းခဲ့တဲ့ဗိုလ်မှူးကို မှတ်မိတယ်မလား။ သူ့ယောက္ခထီးကလည်း စစ်ခွေးပဲ။ ယောက္ခထီးရဲ့ သားတွေကလည်း စစ်ခွေးတွေပဲ။ ဗိုလ်မှူးနိုင်ဘိုဘိုရဲ့ မိန်းမကို မိတယ်။ ခရီးသွားရင်း သတင်းရလို့ ဖမ်းထားတာ ယောင်္ကျား အပြစ်ရှိတာ မိသားစုနဲ့ မဆိုင်ဘူးဆိုပြီး ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိုက်တယ်။ မနေ့ညနေက ဖမ်းမိတာပါ။ ဒီမနက် အစောကြီးပဲ ကောင်း ကောင်းမွန်မွန် လိုက်ပို့ပြီး ပြန်လွှတ်ပေးလိုက် ပါတယ်။ မနေ့က သူ့အဖော်မိန်းကလေးတစ်ယောက်ပါတယ်။ သူ့တစ် ယောက် တည်းကိုပဲ ဖမ်းခေါ်လာတာ” ဟု PDF သတင်းရင်းမြစ်က ပြော သည်။

မူလက ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးဖြစ်သူ က မည်သည့်အရာမှ ဝန်မခံဘဲ ငြင်းဆန်ခဲ့သော် လည်း PDF အမျိုးသမီးများက စစ်မေးသောအခါ ဗိုလ် မှူးနိုင်ဘိုဘို၏ ဇနီးဖြစ် သည်ဟု ဝန်ခံကြောင်း၊ မှတ်ပုံတင်အတုများလည်း ပါလာကြောင်း၊ ဗိုလ်မှူး နိုင်ဘိုဘို၏ အမျိုးသမီးဖြစ်သူ ခရီး သွားမည် ကို ကြိုတင် သတင်းရရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်တွင် စစ်တပ်က ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်မှု ဦး ဆောင် သူများတွင် ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ khit thit

မောင်တောမြောက်ပိုင်း မင်းကြီးရွာဘက် လက်နက်ကြီးကျသဖြင့် အဘွားအိုတဦး သေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းကြီးကျေးရွာမှ အသက် ၆၂ အရွယ်အဘွားအို တယောက် သြဂုတ် ၂၇ ရက် မနက် ၇ နာရီကျော်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၇) မှ ပစ်လိုက်တဲ့  လက်နက်ကြီးထိပြီး သေဆုံးသွားတယ်လို့ မင်းကြီးကျေးရွာခံတွေက ပြောပါတယ်။

ကြိမ်ချောင်ကျေးရွာအနီး နခခ (၇) မှပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၂  အရွယ် ဒေါ်မေသာစိန် သေဆုံးသွားတာလို့ ဆိုပါတယ်။

ရွာသားတဦးက  “နခခ(၇)က ပစ်လိုက်တဲ့ လက်နက်ကြီးက ရွာအနောက်ဘက် တောင်ကုန်းမှာ ကျပြီး ပေါက်ကွဲတာ။ အဘွားကြီးက လမ်းမှာ။ လက်နက်ကြီးစ ထိပြီး သေသွားတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂၆ ရက် ညနေ ၃ နာရီကျော်က မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာကုန်းကို ရက္ခိုင်တပ်တော်(အေအေ)က ဝင်တိုက်ပြီးနောက် ကြိမ်ချောင်ကျေးရွာအနီး တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတာပါ။

အဲဒီကြိမ်ချောင်းရွာနားကနေ နခခ(၇) က မောင်တောမြောက်ပိုင်းကျေးရွာတွေဆီ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေ​တာကြောင့် ကျေး ရွာ အများစုက ပြည်သူတွေ ထွက်ပြေးနေကြ ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲနဲ့အတူ လက်နက်တွေ ပစ်ခတ်နေတာကြောင့် ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ သင်ကိုင်ညှာ စတဲ့ရွာတွေက ဒေသခံတွေဟာ နန်ရာကိုင်းရွာကို ထွက်ပြေးခိုလှုံနေရတယ်လို့ သိရပါတယ်။ DVB

နိုင်ငံသားအဖြစ် ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုများကို မလေးရှား ထောက်ခံ

ရိုဟင်ဂျာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံဆီ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုများကို မလေးရှားနိုင်ငံက ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဒူလက်ရှ်က ပြောသည်။ 

နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ရိုဟင်ဂျာများ၏ အတိဒုက္ခကို မေ့လျော့မထားသင့်ကြောင်း ၎င်းက ပြောဆိုတိုက်တွန်းသည်။ လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ တစ်သန်းကျော်၊ မလေးရှားတွင် တစ်သိန်းခွဲကျော်နှင့် အခြားနိုင်ငံအချို့တွင်လည်း ရိုဟင်ဂျာများ ရှိနေသည်။ 

“သူတို့တွေဟာ နိုင်ငံသားအဖြစ် ငြင်းပယ်ခံရတယ်၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းက အပြစ်ရှိသူတွေကို တရားစီရင်နိုင်ဖို့ ကြိုးစားမှုတွေအပြင် မြန် မာနိုင်ငံက ကျန်တဲ့သူတွေလို နိုင်ငံသားဖြစ်ဖို့ သူတို့ရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေကို ကျွန်တော်တို့အနေနဲ့ ထောက်ခံတယ်”ဟု ဆိုင်ဖူဒင်က ပြော သည်။ 

“သူတို့ရဲ့ ဒီ အားထုတ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံက ပူးပေါင်းထောက်ပံ့ပေးသင့်တယ်၊ ဘာကြောင့်လည်းဆိုတော့ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအရေးကိစ္စကြီးပဲ ဖြစ်လို့ပဲ”ဟု ပြီးခဲ့သည့်ည သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ၎င်းက ပြောသည်။ 

ထိုပြင် မြန်မာနိုင်ငံ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် NUCC တို့နှင့် ပူးပေါင်းလုပ်ကိုင်လိုသူ ရိုဟင်ဂျာများ၏ ကြိုးပမ်းမှုများကိုလည်း မလေးရှားနိုင်ငံက ထောက်ခံကြောင်း ဆိုင်ဖူဒင်က ဆိုသည်။ 

ရိုဟင်ဂျာများအပေါ် ရက်စက်စွာ ကျူးလွန်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဂမ်ဘီးယားနိုင်ငံက တရားစွဲဆိုထားခြင်းအ ပြင် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများကလည်း အာဂျင်တီးနားနိုင်ငံတွင် တရားစွဲဆိုထားသည်ဟု ဆိုင်ဖူဒင်က ပြောသည်။ 

မွတ်စလင် လူနည်းစု ရိုဟင်ဂျာများကို မြန်မာစစ်တပ်က စစ်ဆင်ရေး ဆင်နွှဲပြီး သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် နှိပ်စက်ညှဥ်းပန်းခြင်းများ ပြုလုပ်ရာ ၂၀၁၇ ဩဂုတ် ၂၅ ရက်တွင် ရိုဟင်ဂျာများ အစုအပြုံလိုက် စတင်ထွက်ပြေးခဲ့ကြသည်။  mizzima

ထောင်ဝင်စာပါဆယ်များတွင် စစ်တပ်ထုတ် ကုန်များ ထည့်မပေးရန်နှင့်သပိတ် မှောက်ရန် နိုင်/ကျဉ်းများက နှိုးဆော်၊ မုံရွာထောင်တွင် နိုင် ငံရေးအကျဉ်းသားများ အစာ ငတ်ခံ ဆန္ဒပြခဲ့ပြီး အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင်များ ပို မို ဖိနှိပ်ခံနေရ

အကြမ်းဖက်စစ်ကောင်စီ၏ ထောင်သွင်းအကျဉ်းချမှု ခံနေရသော နိုင်ငံရေးအကျဉ်းသားများက ထောင်ဝင်စာပါဆယ်များတွင် စစ်တပ်ထုတ် ကုန်များကို သပိတ်မှောက်ကြရန်နှင့် ထည့်မပေးကြရန် နှိုးဆော်စာ ထုတ်ပြန်ကြောင်း သိရှိရသည်။

အင်းစိန်ထောင်အတွင်းအကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများက ပါဆယ်ထုပ်များအတွင်း စစ်တပ် ၏ထုတ် ကုန်များ ထည့်သွင်းပေးခြင်းမပြုလုပ်ကြပါရန် ပြည်သူလူထုသို့ အသိပေးလာကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များက ပြောသည်။

“ယခုမျက်မှောက်ကာလတွင်ဖြစ်ပေါ်နေသော စကစ၏လုပ်ရပ်များကြောင့် အကျဉ်းသား/သူများအနေဖြင့် စကစထုတ်ကုန်ပစ္စည်းများကို ပါ ဆယ်များတွင်ထည့်သွင်းခြင်းမပြုလုပ်ကြပါ။ ပါဆယ်အတွင်းသို့လဲ မိဘပြည်သူများအနေဖြင့်ထည့်သွင်းခြင်းမပြုဘဲ အထူးသတိပြုရှောင် ရှားပေးပါရန် မေတ္တာရပ်ခံပါသည်” ဟု (နိုင်)အကျဉ်းသား/သူ လူငယ်ကွန်ရက်က ပြည်သူများကို ပန်ကြားသည်။

ထို့ပြင် မုံရွာအကျဥ်းထောင်၌ အကျဥ်းသူ/သား များ၏ အခြေခံသုံး ပစ္စည်းများကို ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့မှုကြောင့် မကျေနပ်၍ နိုင် ငံရေး အကျဥ်းသားများက ဦးဆောင်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

” ဒီနေ့ နေ့လည် ထောင်ပိုင်ပြောတာက စစ်တပ်က ရှာဖွေရေး လုပ်တာကို အကျဥ်းသားတွေက မကျေနပ်လို့ ဆန္ဒပြတာ အခုညှိနှိုင်းပေးလို့ ပြေ လည်သွားပြီလို့ ပြောသံကြားခဲ့ရတယ်” ဟု ၎င်းကပြောဆိုသည်။

မုံရွာအကျဥ်းထောင်ကို သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက စစ်တပ်၊ ရဲ ၊ အကျဥ်းဦးစီး ပေါင်းပြီး အထူးရှာဖွေရေး ပြုလုပ်တာ အကျည်းသူ/သားများ၏ အဝတ် အစား၊ စောင်၊ ဖိနပ်၊ အခြေခံကျန်းမာရေး ဆေးဝါးများနှင့် တရားဝင် ဆက်သွယ်ထားသော မိသားစုထံပေးစာနှင့် ဓာတ်ပုံများကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

” အဲနေ့က ကျွန်တော်တို့ စစ်တပ်၊ ရဲနဲ့ ပူးပေါင်းပြီး ရှာဖွေရေး လုပ်ရတယ်။ စစ်တပ်က ခိုင်းတာလို့ ထောင်ပိုင်က ပြောပါတယ်။ အဲတာနဲ့ ကျွန် တော်တို့လည်း ပစ္စည်းဆွဲချခဲ့ရတယ်” ဟု အကျဥ်း ဦးစီး ဝန်ထမ်းမှ ပြောဆိုသည်။

အဆိုပါ ဖြစ်စဥ်ကို မကျေနပ်၍ နိုင်ငံရေး အကျဥ်းသားများမှ ဦးဆောင်ပြီး အချက် ၉ ချက် တောင်းဆိုကာ အစာငတ်ခံ ဆန္ဒပြခဲ့​ကြောင်း၊ အစာ ငတ်ခံ ဆန္ဒပြပွဲကို (H 5) ကျောင်းသား သမဂ္ဂမှ အကျဥ်းသား ၄ ဦးက ရေမှလွဲ၍ မည်သည့် အစာကိုမှ မစားဘဲ ဦးဆောင် ဆန္ဒပြကြောင်း၊ ကျန်နိုင်ငံရေး အကျဥ်းသား ၆၀၀ ကျော်က ထောင်က ကျွေးမွေးသည့်အစားအစာများကို မစားဘဲ မိမိကိုယ်ပိုင် အစားအသောက်များသာ စားပြီး semi hunger strike တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

” အခုလိုဖြစ်တော့ ကျွန်တော်တို့ ဌာနကဘဲ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက် ပေးရပါတယ်။ အခုတော့ ပြေလည်သွားပါပြီ။ စစ်တပ်က ယူသွားတဲ့ ပစ္စည်းတွေအတွက်တော့ ကျွန်တော်တို့ ဌာနကဘဲ စိုက်လျော်ပေးရမှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အကျဥ်းဦးစီးဌာနမှ အရာရှိငယ် တစ်ဦးမှ ပြောဆိုသည်။

ယင်းဆန္ဒပြပွဲကို ၂ ရက်အကြာမှာ အကျဥ်းဦးစီးဌာန၏ ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိခဲ့ကြောင်း သိရပြီး အသေးစိတ် အချက်အလက်များသိရှိရန် ထောင်ပိုင်ထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့​ပါ။

မုံရွာအကျဥ်းထောက်တွင် ဝန်ထမ်းအင်အား ၂၀ ကျော်သာရှိ၍ လက်နက်အင်အား စာရင်း BA-64 ၃ လက်၊ MA 12 နှင့် MA 14 ၁၂ လက်၊ ပြောင်းချော ၁ လက်၊ ခြောက်လုံးပြူး ၅ လက်နှင့် ၎င်းလက်နက် အသီးသီး၏ ကျည် ၆၀၀၀ ရှိကြောင်း သိရသည်။

လက်ရှိတွင် ထောင်တွင်းတွင် နာမည်ကျော် နိုင်ငံရေးခေါင်းဆောင်များကို ဖိနှိပ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။

“၇ လပိုင်း ထောင်မှာ ကိုဝေမိုးနိုင်နဲ့ ထောင်ပိုင် ပြဿနာတက်တယ်။ ထောင်ပိုင်က နိုင်ငံရေး အကျဥ်းသားတွေကို အရမ်းနှိမ်တယ်။ ၇ လပိုင်း ၂၉ ရက်နေ့ အကျဥ်းသား ၄ ဦး အမိန့်ကျတယ်။ သူတို့ မိသားစုတွေနဲ့ ပေးမတွေ့ဘူး။ ထောင်ပိုင်၊ ထောင်မှူး၊ ရဲ တစ်ယောက်နဲ့ တစ်ယောက် လွှဲချနေတာ။ အမိန့်ကျပြီးရင် အိမ်နဲ့ ပေးမတွေ့ဘူး။ ထောင်ပိုင်က ကျွန်တော်တို့နဲ့ ကိုဝေမိုးနိုင်ကို သွေးခွဲတယ်ဗျ။ ဒီလ ၈ ရက်နေ့တုန်းကလည်း ညနေခင်းမှာ တခြား အကျဥ်းတွေကို အဆောင်ပြောင်းတယ်။ နောက်ရက် နံနက်ကျတော့ နိုင်ငံရေး အကျဥ်းသားနဲ့ အကြမ်းဖက်မှုတွေ အမိန့်ကျသွားတဲ့ လူတွေကို အဲနေ့ နံနက်ခင်းမှာ တန်းပိတ်ထားပြီး စစ်၊ ရဲ အင်အား အများအပြားနဲ့ လာခေါ်ထုတ်သွားတယ်။ ပြီးတော့ ထောင်ပြောင်းပို့တယ်။ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်လည်းပါတယ်။ ထောင်က တရားသူကြီးတွေကို ဖိအားပေးနေတာ။ အမိန့်တွေအမြန်ဆုံးချပေးဖို့ ဒီထဲမှာ နိုင်ကျဥ်းတွေ အကြမ်းဖက်တွေကို ထောင်ပိုင်က ဖိအားပေးနေတာ တရားသူကြီးတွေကို။ သြဂုတ်လ ၄ ရက်နေ့ ညနေတုန်းကလည်း နိုင်ငံ ရေး အကျဥ်းသား တစ်ယောက်ကို ညနေ တန်းပိတ်ပြီးမှ လက်ထိပ်ခတ်ပြီး စစ်၊ ရဲ အင်အားအများအပြားနဲ့ လာခေါ်သွားပြီး ထောင်ပိုင်က ခြိမ်း ခြောက်တယ်။ အထဲမှာ ဥပဒေ မရှိတော့ဘူး။ ဘယ်အချိန်ကိုယ့်ကို လာခေါ်ထုတ်မလဲဆိုတာ မျက်ခုံးလှုပ်နေတယ်” ဟု မုံရွာအကျဉ်း ထောင်သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားတချို့မှာ ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကြောင့် စိတ်ဓာတ်ကျဆင်းမှုများလည်းရှိနေကြောင်း သိရှိရသည်။

“တချို့တွေလည်း တော်တော်လေးကို စိတ်ဓာတ်ကျနေကြတယ်။ ဒီထဲမှာ နိုင်ကျဥ်း၊ အကြမ်းဖက်အကျတွေကို အရမ်းဖိနေတာ။ ထောင်ပိုင်ကပြောတာ ဝန်ကြီးချုပ်မရှိတော့ရင် ဒီထဲကလူတွေကို ဖိမှာလို့တဲ့။ ဒီထဲမှာ တော်တော်လေးကို ဖိနှိပ်ခံ စိတ်ဆင်းရဲခံပြီး နေနေရတာကို အပြင်က လူတွေ သိအောင်ပါ” ဟု မုံရွာအကျဉ်းထောင်သတင်းရပ်ကွက်က ပြောသည်။khit thit

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ် ကင်းပုန်းနေရာ ၂ ခု တိုက်ခိုက်ခံရ

ရှမ်း -ကယားနယ်စပ် မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၂၂ မှ ကင်းပုန်းချထားတဲ့နေရာ ၂ ခုကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF – B1 က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရသွားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ညနေ ၃ နာရီလောက်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို MBPDF -B01 နဲ့ KNDF တပ်ရင်း ၃ ၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၁ နာရီလောက်အကြာ တိုက်ပွဲဖြစ်ခဲ့ကာ ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး စစ်ကြောင်းထိုးနေတာကြောင့် ရှေ့ဆက်ပြီး တိုက်ပွဲပိုပြင်း ထန်လာနိုင်လို့ တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။ DVB

ဖမ်းဆီးခံ ရိုဟင်ဂျာများ စားသောက်ရေး မြို့ခံ ဗလီများ တာဝန်ယူရ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ ၅၁ ဦး စားသောက်ရေးအတွက် မြို့ခံဗလီများကို စစ်ကောင်စီက တာဝန်ယူခိုင်းထားသည်ဟု သိရ သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ အမျိုးသမီး ၂၃ ဦး၊ ကလေးငယ် ၃ ဦး၊ အမျိုးသား ၂၅ ဦးအတွက် နံနက်၊ ညနေ အစားအသောက်အတွက် မြို့ခံဗလီများကို တာဝန်ယူခိုင်းထားခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့က မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

“မြို့နယ် စကစ အဖွဲ့ကရော စစ်တပ်ကရော သူတို့မှာ ကျွေးထားဖို့ ငွေမရှိဘူး။ ဗလီက ကျွေးပေးပါ ပြောတယ်။ ဗလီလူကြီးတွေကလည်း ဒုက္ခရောက်လာသူတွေ ဆိုတော့ ကျွေးပေးပါတယ်။ အဝတ်အထည်တွေလည်း လှူကြ တယ်” ဟု ဝါးခယ်မြို့ခံ မူဆလင်လူငယ်တစ်ဦး က ပြောသည်။

ရိုဟင်ဂျာ ကလေးငယ် သုံးဦး၊ အမျိုးသမီး ၂၃ ဦး၊ အမျိုးသား ၂၅ ဦး တို့အတွက် နံနက်၊ ညနေ ကျွေးမွေး စရိတ် နေ့စဉ် ကျပ် တစ်သိန်းနှစ်သောင်းကုန်ကျပြီး ဝါးခယ်မမြို့ပေါ်ရှိ ဗလီ နှစ်ခုက တာဝန်ယူပေးထားရသည်ဟု ဗလီအကျိုးတော်ဆောင်အဖွဲ့ဝင်များ ပြောသည်။

ဝါးခယ်မမြို့ပေါ်ရှိ ဗလီ နှစ်ခု အဆိုပါ ရိုဟင်ဂျာ ၅၁ ဦး၏ စားရေးသောက်ရေးအတွက် သြဂုတ်လ ၂၃ ရက်နေ့ က စတင်၍ တာဝန်ယူ ကျွေးမွေးထားရခြင်း ဖြစ်သည်ဟု ဗလီ အကျိုးဆောင်အဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ရိုဟင်ဂျာ ၅၁ ဦးသည် သြဂုတ်လ ၂၂ ရက်နေ့က ဝါးခယ်မမြစ် ဆော်ကဲတံတား အလွန် သရွတ်မြိုက်ဝဲ အနီးတွင် စက်ပျက်နေသော စက်လှေတစ်စီးပေါ်မှ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ် သည် ဟု ရဲတပ်ဖွဲ့၏ ကနဦး သတင်းအရ သိရသည်။

ဒေသခံ မူဆလင်လူမှုရေးအဖွဲ့ဝင် တစ်ဦးက “ဘူးသီးတောင်-မောင်းတော ဘက်က လာကြတဲ့ သူတွေပါ။ ရခိုင်မှာ က နေထိုင်စားသောက် ရတာခက်ခဲလို့ ဒီဘက်ကို လာကြတာ။ စက်လှေပျက်တော့ စက်လှေသမားတွေက ထွက် ပြေးသွားတယ်” ဟု ပြောသည်။

စက်လှေဖြင့် လိုက်ပါလာကြသည့် ရိုဟင်ဂျာ ၆၁ ဦး ဖြစ်ပြီး၊ စက်လှေပျက်နေစဥ် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးနှင့် စက်လှေသမား ၄ ဦးတို့ ထွက်ပြေးသွားသည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ရိုဟင်ဂျာ ၅၁ ဦးကို ဝါးခယ်မ မြို့မရဲစခန်းဟောင်း ဝင်းအတွင်းရှိ အဆောက်အဦ ဟောင်းတစ်ခုတွင် ဖမ်းဆီးချုပ်နှောင်ထားသည် ဟု ဒေသခံ မူဆလင် အသိုင်းအဝိုင်းထံမှ သိရ သည်။ mizzima

ထားဝယ်၊ ဝကုန်းရွာကို စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံးထိမှန်ပျက်စီး၊ ရွာထဲရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လု ယက်သွား

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဝကုန်းရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၆ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပြည် သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဝကုန်းရွာကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကား ၁၇ စီးဖြင့် လက်နက်ကြီး၊ လက် နက်ငယ်များ ရမ်းသမ်းပစ်ခတ် ဝင်ရောက်လာခြင်းဖြစ်ပြီး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

ထိုသို့ ဒေသခံ ပြည်သူများ ထွက်ပြေးချိန်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို ခိုးယူလု ယက်သွားကာ စစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံးပျက်စီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် ကျောက်မဲတောင်ရွာတွင် တစ်ညနားပြီး ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မေတ္တာဘက်သို့ ယာဥ်တန်း ၆ စီးခန့်ဖြင့် ဝင်ရောက် သွားကြောင်း သိရသည်။ khit thit

ဆိပ်ဖြူမြို့နယ် ရှားလှရွာနေပြည်သူများကို PPC က အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာမှာ ဒေသခံပြည်သူတွေကို ပခုက္ကူခရိုင် တပ်ရင်း (၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု (PPC) က အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ PPC ရဲ့ ပြင်ပဆက်ဆံရေးနဲ့ ဆေးဘက်ဆိုင်ရာတာဝန်ခံ ဗိုလ်သုတက ဒီဗွီဘီကို ပြောပါတယ်။

သြဂုတ် ၂၆ ရက်က ရှားလှကျေးရွာမှာ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေတဲ့သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တာလို့ ဆိုပါတယ်။ 

ကလေးငယ်တွေကို အရပ်နဲ့ ကိုယ်အလေးချိန်တိုင်းတာတွေ၊ ဒေသခံတွေကို သွေးချို/ ဆီးချို တိုင်းတာတွေနဲ့ သွေးစစ်တာတွေ လုပ်ပေးခဲ့တယ်လို့ ဗိုလ်သုတက ပြောပါတယ်။

“ရာသီတုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ ယားနာရောဂါတွေနဲ့ နာတာရှည်ရောဂါဖြစ်နေတဲ့ လူနာ အယောက် ၆၀ လောက်ကို ငွေကြေးမယူဘဲ အခမဲ့ ဆေးကုသပေးခဲ့ပြီး လိုအပ်တဲ့ ဆေးဝါးတွေကိုပါ ထောက်ပံ့ပေးခဲ့တယ်။” 

ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC အနေနဲ့ ဆေးဝါးလိုအပ်ချက် အမြဲရှိနေပြီး သယ်ယူရတဲ့ လမ်းကြောင်းတွေ ခက်ခဲတဲ့ကြားက စနစ်တကျ စုဆောင်းနေရတာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ မိမိတို့ တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။ DVB

« Older Entries Recent Entries »