စစ်ကိုင်း-မုံရွာကားလမ်းတွင် စစ်ကောင်စီထောက်ပို့ယာဉ်တန်း မိုင်းဆွဲခံရ၍ ဒဏ်ရာရသေဆုံးမှုရှိဟု MNRF ထုတ်ပြန်
စစ်ကိုင်း-မုံရွာ ကားလမ်း၊ မြင်းမူမြို့နယ်လမ်းပိုင်းတွင် ယနေ့ ဩဂုတ်လ ၂၈ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ၏ထောက်ပို့ယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ရာ ဒဏ်ရာရသေဆုံးမှု အများအပြားရှိနိုင်ကြောင်း Moe Nyo Revolution Force(MNRF) သတင်းထုတ်ပြန်ချက်အရ သိရသည်။
မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ မောင်းနှင်လာသော အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီ၏ထောက်ပို့ ကွန်တိန်နာကား ခုနစ်စီးပါ၀င်ကြောင်း သတင်းအရ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ကြခြင်းဖြစ်ပြီး စစ်ဆင်ရေးနှစ်ခုဖြင့် နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မြင်းမူမြို့နယ် ထီးဆောင်းနှင့်ကန်ဖျား ဇရပ်အကြားတွင် ပဒေသာမိုင်း ၁၀လုံးဖြင့် အဆိုပါယာဉ်တန်းမှ ဒုတိယမြောက်နှင့် တတိယမြောက် ကားတို့အားလည်းကောင်း၊ နေ့လယ် ၁ နာရီတွင် ကန်ဖျားဇရပ်နှင့် နပဲကြူးဇရပ်အကြား မိုင်းငါးလုံးဖြင့် စတုတ္ထမြောက်ကားအားလည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အထက်ပါစစ်ဆင်ရေးနှစ်ခုတွင် ခွေး(စစ်ကောင်စီတပ်)ထောက်ပို့ကားမောင်းသူများ၊ အများအပြားဒဏ်ရာရရှိနိုင်ပြီး ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များက အထိအခိုက်မရှိ စစ်ဆင်ရေးအောင်မြင်ခဲ့ကြောင်း MNRF တာ၀န်ရှိသူက ဆိုသည်။
အဆိုပါစစ်ဆင်ရေးကို MNRF နှင့်အတူ၊ ပူးပေါင်းမဟာမိတ်ညီနောင်များဖြစ်ကြသည့် PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerilla Commando-Myinmu နှင့် People Revolution Force-PRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima