တော်လှန်ရေးအဖွဲ့ ယောင်ဆောင်၍ စစ်ကောင် စီတပ် ခြိမ်းခြောက် ငွေတောင်းနေဟု KNU တပ်မဟာ(၁) သတိပေးထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ စစ်တောင်းတံတားနှင့် သံလွင်တံတားကြား ဒေသရှိ ပြည်သူများအား စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့အစည်း အယောင်ဆောင်၍ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းများ ရှိနေကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ KNU တပ်မဟာ(၁)က ဩဂုတ်လ၂၇ရက်နေ့ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

စီးပွားရေးလုပ်ငန်းရှင်အချို့ကို PDFအမည်ခံပြီးတော့ ခြိမ်းခြောက်ငွေတောင်းနေတာတွေ ရှိလာတာပေါ့လေ။ တချို့ကျနော်တို့ဆီ အသိပေးလာတာတွေ တိုင်ကြားလာတာတွေရှိတဲ့အတွက် နောက်နောင် ဒါမျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက်ပေါ့လေ ။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဒီမှာရှိတဲ့ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေက လုံးဝဒါမျိုးလုပ်ခွင့်မရှိသလို လုပ်တာလည်း မဟုတ်ဘူးဆိုတာကို သိစေဖို့ အဲ့အတွက် ထုတ်တာပါဗျ”ဟု မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရေးမှူး စောနော်ဆူးကပြောသည်။

မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် တော်လှန်ရေးအကြောင်းပြကာ တော်လှန်ရေးနှင့် မသက်ဆိုင်သည့် အရာများကို လုပ်ဆောင်မည်ဆိုလျှင် ပထမအကြိမ် အသိပညာပေးခြင်း ၊ဒုတိယအကြိမ် အပြစ်ပေး ပြုလုပ်ပြီး ဆက်လက်လုပ်ဆောင်လာပါက KNUထိန်းချုပ်နယ်မြေမှ ထွက်ခွာသွားရမည်ဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စတွေက ကျနော်တို့တော်လှန်ရေးအဖွဲ့တွေက လုပ်တာမဟုတ်ဘဲနဲ့ ဒီကိစ္စကို ကျနော်တို့အဖွဲ့တွေ လိုက်ကြည့်တဲ့အခါမှာ ရန်သူ(စစ်ကောင် စီ) ကနေပြီးတော့ PDFတွေနဲ့ ဆက်သွယ်မှုရှိလား မရှိဘူးလားဆိုပြီးတော့ လုပ်တယ်။ လုပ်ပြီးတော့ တကယ်လို့ ပေးလိုက်မိတယ်ဆိုရင် PDF ထင်လို့ပေးလိုက်မိတယ်ဆိုရင် နောက်ရက်ပိုင်းတွေမှာ သူတို့ကို ဖမ်းသွားတာမျိုးတွေပေါ့လေ ။ အဲ့ဒီအထောက်အထားနဲ့ ဖမ်းသွားတာမျိုးတွေဖြစ်လာတယ်” ဟု မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရေးမှူးစောနော်ဆူးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းများကို ပုံဖျက်နေခြင်းအား ရှောင်ရှားနိုင်ရန် ၊ ပြည်သူလူထုအနေဖြင့် ထင်ယောင်ထင်မှား မဖြစ်စေရန်၊ ထောင်ခြောက်ဆင် ဖမ်းဆီးမှုကို ရှောင်ရှားနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထုတ်ပြန်ချက်တွင် ပြည်သူလူထုအတွင်း တော်လှန်ရေးအဖွဲ့အစည်း အယောင်ဆောင် ငွေကြေးတောင်းခံခြင်းများရှိပါက မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီကို တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ဖုန်းနံပါတ်နှင့်အတူ ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s