Monthly Archives: Aug 2022

အင်းတော်မြို့နယ် မဲဇာကျေးရွာနေ ပျူစောထီး သင်တန်းမှူးဆိုသူ ရှင်းလင်းခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာကျေးရွာနေ အငြိမ်းစားစစ်မှု ထမ်းဟောင်း ပျူးစောထီးသင်တန်းမှူး ဦးမောင်နိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု Indaw Revolution-IR မှ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

အသက်(၅၆)နှစ်အရွယ် ဦးမောင်နိုင်သည် ဗန်းမောက်ဘက်မှ အင်းတော်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို သွားကြိုပြီးအပြန်တွင် အင်းတော်မြို့နယ် နယ်မြေရှင်းလင်းရေးအဖွဲ့များမှ တွေ့ရှိပြီး ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“သူက ဝန်းသို ၁၁၁ တပ်ကပါ။ သူက စစ်ထွက်ပါ အင်းတော်မြို့နယ်မှာဆို ပျူစောထီးသင်တန်းမှူးလုပ် နေတာမို့ပါ။ ရှင်းပြီး ကျနော်တို့ဘက်ကပဲ မြေမြုပ်ပေးလိုက်တာပါ။ ကျွန်တော်တို့က ပျူစောထီး ဒလန် ရှင်းရင် အပျောက်ဖျောက်တာ” ဟု ပစ်ခတ်ရှင်းလင်းမှုလုပ်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။

စစ်ထောက်တိုင် ဒလန်နှင့်ဗျူစောထီးများကို ဆက်လက်ရှင်းလင်းသွားမည်ဟု အင်းတော်မြို့နယ် နယ်မြေ ရှင်းလင်းရေးအဖွဲ့ အသိပေးထားသည်။

ထို့ပြင် အင်းတော်-ဗန်းမောက်လမ်းကို အသုံးပြုသည့်ပြည်သူများအနေဖြင့် အခြေခံလူသုံးကုန်၊ စားသုံး ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်သည့် ကုန်ကားများသာသွားလာခွင့်ရှိကြောင်း၊ ခရီးသွားလာလိုပါက ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်ကြောင်းလည်း Indaw Revolution-IR မှထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းတွင် စစ်ဆေးမည်ဆိုပါက စစ်ဆေးခံပြီးမှသာ ဖြတ်သန်းသွားလာရန်နှင့် မည်သည့်ယာဉ် မဆို ည ၇ နာရီမှ နံနက် ၆ နာရီထိ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ပြည်သူများကိုတောင်းဆိုထား သည်။

စစ်ကောင်စီတပ်၏ ဗန်းမောက်ဘက်သို့ လက်နက်ပို့သည့် လမ်းကြောင်းမှာ အင်းတော်-ဗန်းမောက်လမ်း တစ်ခုတည်းသာရှိသည်ဖြစ်ရာ စစ် တပ်၏လမ်းကြောင်းကိုပိတ်ဆို့ရန် ယခုကဲ့သို့ကန့်သတ်ချက်များထုတ် ထားခြင်းပြီး လိုက်နာပေးကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ မေတ္တာရပ်ခံထားသည်။ mizzima

စစ်ကိုင်း၊ တောင်မြို့ကျေးရွာကို ဝင်ရောက်စီး နင်းပြီး PDF ရဲဘော်တစ်ဦးကို ပစ်သတ်ကာ အိမ်ခြေ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး ၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ နေအိမ် ၁၁၀ နီးပါးကို စစ်တပ်က မီးရှို့ပြီး ပြည်သူ ၁ ဦးကို သတ် ဖြတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာ ကို ယနေ့ နံနက် ၄နာရီခွဲအချိန် တွင် စစ်ကောင်စီတပ်များနှင့်ပျူစောထီး အင်အား ၅၀ က ဝင်ရောက်စီးနင်းပြီး PDF ရဲဘော်တစ်ဦးကို ပစ်သတ်ကာ အိမ်ခြေ ၃၀ ကျော်ကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် စစ်ကောင်စီတပ်နှင့် ကြွယ်ပုံကျေးရွာမှ ပျူစောထီး အင်အား ၅၀ ကျော်က လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ အိမ်ခြေ ၃၀ ကျော် ခန့်ဆုံးရှုံးပြီး ပြည်သူများကို ကယ်ဆယ်နေသော PDF ရဲဘော်တစ်ဦး ပစ်သတ်ခံရကြောင်း သိရှိရသည်။

“ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကျေးရွာပကဖ ရဲဘော်ထက်မြက်ဇင် အသက် ၁၇ နှစ်ကိုစစ်တပ်က ပစ်သတ်သွားတယ်။ တောင်မြို့ရွာကနေ စစ်တပ်က အခု ထွက်ခွာသွားပြီး တောင်ကြားရွာကို အခု လက်နက်ကြီးတွေနဲ့ ထုနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်များက ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဝင်ရောက်ကာ နေအိမ် ၈၇ လုံး အပါအဝင် စစ်ရှောင်တဲ ၂၂ လုံး၊ စစ်ရှောင် စာသင်ကျောင်းတဲ နှစ်လုံး၊ နာရေးကား တစ်စီး၊ အိမ်စီးကား တစ်စီး၊ ဖောကား တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီးနှင့် ဆိုင်ကယ် ရှစ်စီးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်တပ်က နှမ်းခါးချောင်း နှမ်းခါးရွာရှိ စစ်ရှောင်တဲ ၁၁ လုံး ၊ စစ်ရှောင်စာသင်ကျောင်းတဲ ၂ လုံး၊ နာရေးကား ၁စီး၊ အိမ်စီးကား ၁၊ ဖောကား ၁ ၊ သုံးဘီးဆိုင်ကယ် ၂စီး ၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် နှမ်းခါးချောင်း မွှေ့လယ်ရွာရှိ စစ်ရှောင်တဲ ၁၁ လုံး (တဲများတွင်နှမ်းအိတ်များ၊ တစ်အိမ်လုံးရှိ ပစ္စည်းများထားရှိ) ၊ ဆိုင်ကယ် ၈ စီး ၊ ဩဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ထယ်လှော်ရွာရှိ ၁၄ အိမ် ၊ ဩဂုတ်လ ၂၇ ရက်နေ့တွင်မူ မောက်ရွာရှိ ၃၄ အိမ်နှင့် ပြည်သူ ၁ ဦးသေဆုံးကာ အခြားပြည်သူတစ်ဦး ပျောက်ဆုံးနေကြောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် မောက်လင်းရွာရှိ ၂၄ အိမ် နှင့် ဩဂုတ်လ ၂၉ ရက်နေ့တွင်မူ ကျော်ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“၂၂ ရက်နေ့ကတည်းက နှမ်းခါးရွာ အနောက်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ တဲ ၁၁ လုံးကို မီးရှို့သွားတယ်ဗျ။ ပြီးတော့ NUG က ကျောင်းပေါ့။ တောထဲမှာပဲ စစ်ဘေးရှောင်ရင်းနဲ့ စာသင်လို့ရအောင် ဆောက်ထားတဲ့ စစ်ရှောင် စာသင်ဆောင် မီးရှို့ခံရတယ်။ နာရေးကား တစ်စီး ဆေးနည်းနည်း ပါသွားတယ်။ အိမ်၊ ကား၊ ဖောကား၊ ဆိုင်ကယ်တွေရောပေါ့။ ပြီးတော့ မွှေ့လယ်ရွာကို ထပ်ရွှေ့တယ်။ မွှေ့လယ်ရွာ အနောက်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်တဲ ၁၁ လုံး၊ ဆိုင်ကယ် ရှစ်စီး မီးရှို့ခံရတယ်။ အဲဒီ စစ်ဘေးရှောင်တဲတွေက ရွာထဲမှာ မနေဘဲ တောထဲမှာပဲ နေတော့ တစ် အိမ်လုံးက ပစ္စည်းတွေရော ခုနှမ်းပြီးတဲ့အခါကျတော့ ရာသီပေါ် နှမ်းတွေ စုထားတဲ့ဟာပေါ့။ ဆုံးရှုံးမှုတော့ အတော်များတယ်။အဲဒီကနေ ထယ်လှော်ရွာက အိမ် ၁၄ အိမ်။ မောက်ရွာမှာ ၃၄ အိမ်မီးရှို့တယ်။ မောက်ရွာမှာက နှမ်းတွေ တင်ထားတဲ့ ၁၂ ဘီးကားတစ်စီးလည်း မီးရှို့ခံရတယ်။ မောက်ရွာမှာက သူတို့ ဝင်လာတော့ အမျိုးသား အသက် ၅၀ အရွယ်လောက် လန့်ပြီး သေဆုံးတဲ့ ပုံရှိတယ်။ တစ်ဦးကတော့ ပျောက် ဆုံးနေတယ်။ ဒီနေ့လည်း ကျော်ရွာမှာ နေအိမ် ၁၅ အိမ်မီးရှို့သွားတယ်” ဟု အနောက်ပိုင်းတိုင်းစစ်ဒေသခွဲ တပ်ရင်း၇၀၁(YRPA) ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ရှိ စစ်ကြောင်းထိုးနေသော်လည်း PDF များနှင့် ထိတ်တိုက်တွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကွင်းကာ လူနေအိမ် အဆောက်အအုံရှိသည့် နေရာများကို သွား ရောက် မီးရှို့နေခြင်းဖြစ်ကြောင်း၊ အသေ အပျောက် နည်းနည်းဖြင့် ဂန့်ဂေါအထိ ရောက်အောင် သွားမည့်ပုံစံရှိနေကြောင်း YRPA ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ khit thit

ကလေးမြို့တွင် ပြည်သူ့စစ်ဟု အမည်ခံယူထားသည့် ပျူစောထီးများ ဒေသခံများအပေါ် ရမ်း ကားလျက်ရှိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများသည် ဒေသခံများ၏ ဖုန်းများ ၊ ဆိုင်ကယ်များကို စစ်ဆေးနေပြီး စိတ်ထင်တိုင်းပြုမူ ရမ်းကားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“လမ်းတွေမှာ ယူနီဖောင်းဝတ်ထားပြီး စစ်နေတာ၊ ဆိုင်ကယ်ကို မျိုးစုံအပြစ်ရှာပြီး ငွေညှစ်တယ်၊ ဖုန်းထဲမှာ မသင်္ကာစရာတွေ့တယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းတယ်၊ တချို့တလေဆို အရိုက်ခံတာတွေလည်းရှိတယ်၊ အနောက်ကနေ သူ့အဖေတွေက မြှောက်ပေးလို့ ချိုကြွ နေကြတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကလေးမြို့ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပြည်သူ့စစ် ဟု အမည်ခံထားသူများတွင် ပျူစောထီးများ ၊ စစ်ကောင်စီတပ်၏ စစ်မှုထမ်းဟောင်းများ ၊ မီးသတ်အဖွဲ့ဝင်ဟောင်းများ ၊ စွမ်းအားရှင် ၊ မဘသအဖွဲ့ဝင် ၊ ကြံ့ခိုင်ရေးပါတီဝင်များ နှင့် အခြေအနေမဲ့ အလုပ်အကိုင်မရှိသူများ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပျူစောထီးအဖွဲ့ဝင်များကို တရားဝင်ဖြစ်လာစေရန် ပြည်သူ့စစ်အမည်ဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

အဆိုပါပြည်သူ့စစ် အမည်ခံများတွင် စစ်မှုထမ်းဟောင်းဗဟိုမှ တစ်ဆင့် အမိန့် ပေးစေခိုင်းမှုကြောင့် ဝင်ရောက်လာသည့် စစ်မှုထမ်းဟောင်းများ ၊ အမျိုးဘာသာ စောင့်ရှောက်ရေး(မဘသ) ဘုန်းကြီးများမှတစ်ဆင့် ဝင်ရောက်ခိုင်းသည့် မဘသ အဖွဲ့ဝင်များပါဝင်ပြီး ကြံ့ခိုင်ရေးပါတီဝင်များကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ခြိမ်းခြောက်၍ ပါဝင်ခိုင်းထားကြောင်းသိရသည်။

ကလေးမြို့နယ်တွင် ပျူစောထီးအင်အား ၂၀၀ ခန့်ရှိနေပြီး တောင်ပိုင်းရှိ ကျေးရွာ တချို့၊ ဆည်တော်ဦးကျောင်းတိုက်နှင့် မြစ်အရှေ့ဘက်ကမ်းတွင် အင်အားကောင်းကြောင်း သိရသည်။

စစ်ကောင်စီသည် ပျူစောထီးများအား ငွေကြေးထောက်ပံ့ခြင်းမရှိဘဲ ကျေးရွာများအား ဝင်စီးသည့်အချိန်တွင် လိုချင်သည်များကို ခိုး ၊ ဆိုး၊ လုယက်ခွင့်ပြုထားပြီး စစ်မှုထမ်းဟောင်းများကိုမူ တစ်ရက် ၅,၀၀၀ ကျပ်ဖြင့် နေ့စား ခေါ်ဆောင်လေ့ရှိကြောင်း အဆိုပါ ဒေသခံထံက သိရသည်။

ထို့ပြင် စစ်ကောင်စီသည် ပျူစောထီးခေါင်းဆောင်ပိုင်းကိုမူ မြန်မာနိုင်ငံထုတ် အူဇီ သေနတ်များနှင့် မောင်းပြန်အချို့ပေးအပ်ထားပြီး ၎င်းတို့၏ နောက်လိုက်များတွင် ကာကွယ်ရေးတပ်ဖွဲ့များထံက သိမ်းဆည်းရမိထားသည့် တူမီး ၊ ခါးချိုး သေနတ်များ တပ်ဆင်ပေးထားသည်။

“ပြည်သူတွေက သူတို့ကို အမြင်မကြည်ပါဘူး၊ ရွာတွေမှာ ဆိုမြောက်ကြွမြောက်ကြွ ဖြစ်ပြီး ရဲနဲ့ စစ်သားက ခိုင်းတာကို ဂုဏ်ယူနေတဲ့သူတွေပါ၊ ပညာအရည်အချင်းနဲ့ အတွေးအခေါ် ဘာမှမရှိသူတွေပါ၊ သူတို့ကိုယ်သူတို့ အရေးပါချင်နေကြပြီး နောက်ကမြှောက်ပေးတော့ ပိုဆိုးနေတာပေါ့” ဟု ကလေးမြို့ဒေသခံက ဆိုသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေးမြို့) စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ရက် နေ့က ပြည်သူ့စစ်အမည်ခံ ပျူစောထီး ဆိုသူ များအား ဆိုင်ကယ် အစီး ၁၂၀ ပေးအပ်ခဲ့သည်။

ပြည်သူ့စစ်အမည်ခံ ပျူစောထီးများအား ပေးအပ်ခဲ့သည့် အဆိုပါ ဆိုင်ကယ်များမှာ ကျေးရွာများတွင် ဝင်ရောက်စီးနင်း မီးရှို့စဉ်က ယူဆောင်သွားသည့် ဆိုင်ကယ်များနှင့် PDF စခန်းအချို့အား ဝင်ရောက် စီးနင်းရာတွင် သိမ်းဆည်းထားသည့် ဆိုင်ကယ်များ ပါဝင်ကြောင်း သိရသည်။

ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ငါးဦးခန့်နှင့်ပျူစောထီးများ ပူးပေါင်း၍ လမ်းများတွင် ကြမ်းတမ်းစွာစစ်ဆေးမှုများပြုလုပ်နေပြီး အသွားအလာ ဆင်ခြင်ကြရန် ဒေသခံများ အချင်းချင်း သတိပေးနေရကြောင်း သိရသည်။ mizzima

ထီးချိုင့်မြို့နယ်၊ ကံပေါက်ရွာနှင့် သရက်ကိုင်းတောင်ရိုးအကြားကို စစ်ကောင်စီက လေကြာင်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကံပေါက်ရွာနှင့် သရက်ကိုင်းတောင်ရိုးအကြား စစ်ကောင်စီက ယနေ့ လေကြောင်းဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ကြောင်း သိရှိရသည်။

ယနေ့ ဩဂုတ်လ၂၉ ရက်နေ့ နေ့လည် ၁၂နာရီအချိန် လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်မှုများ လုပ် ဆောင်ခြင်းဖြစ်ပြီး လေကြောင်းဖြင့် ဗုံးကျဲချသည့်နေရာသည် ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် KIA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း သိရှိရသည်။

“လေယာဉ်က ၂ စီးနဲ့ပစ်ခတ်တယ်။ ဗုံးကျဲတာတွေ လုပ်သွားတယ်။ ဗုံးက သုံးလုံးလောက်ချသွားတယ်။ လေယာဉ်ပေါ်ကနေ စက်လက်နက်နဲ့ ပစ်တာတွေလည်းလုပ်တယ်။ဘာကြောင့် အခုလို ပစ်ခတ်တာလဲဆိုတာက မနေ့‌က မြေပြင်မှာ သူတို့ စစ်တပ်နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်တယ်။ စစ်ခွေး ၂ကောင်ကျတယ်။ စစ်သားတွေ အလောင်းထမ်းသွားတာကို ဒေသခံတွေက ပြန်ပြောတယ်။ ဒေသခံ PDF နဲ့ KIA ပူးပေါင်းတပ်တွေနဲ့ ပိတ်ဆို့ဝိုင်းပစ်နေလို့ ဒီနေ့ အခုလို လာပစ်တာဖြစ်နိုင်တယ်။ သူတို့ စစ်ကူပေးလာပစ်တာက နောက်ကျတယ်ဗျ။ သူတို့လာပစ်တော့ကျွန်တော်တို့က ကိုယ့်စခန်းကိုပြန်ရောက်နေပြီ” ဟု ဒေသကာကွယ် ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်၏ လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိသော် လည်း ဒေသခံ ပြည်သူများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

မောင်တော ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့်ရွာသားများကို စစ်ကောင်စီက ဖမ်းဆီးစစ် ဆေးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်​တောင်ပိုင်းလမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားပြီး အေအေနဲ့ ပတ်သက်မှုရှိ၊ မရှိ အုပ်ချုပ်ရေးမှူးအချို့နဲ့ ကျေးရွာသားတွေကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်ပါတယ်။ လမ်းတွေလည်း ပိတ်ထားတယ်။ ကျေးရွာအပြင်ကိုတောင် ထွက်ခွင့်မပေးဘူး။ ရွာသူရွာသားတွေကို ပိတ်လှောင်ထားပြီး မသင်္ကာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေတယ်” လို့ တောင်ပိုင်းကျေးရွာသားတဦးက ပြောပါတယ်။

ခရေမြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်မြ​ကျော် အပါအဝင် ကျေးရွာသား ဦးစံထွန်းဖြူနဲ့ ဦးကျော်လှဦးတို့ ၃ ဦးကို သြဂုတ် ၂၈ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်ရင်းက ဖမ်းဆီးသွားခဲ့ပြီး စစ်ဆေးမေးမြန်ကာ ဒီနေ့မနက် ၁၀ နာရီလောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက “သူတို့ကို မနေ့က နယ်ခြားစောင့်တွေ ဖမ်းဆီးသွားတယ်။ ရွာတွေမှာ အေအေတွေ အသွင်ပြောင်ပြီး ဝင်ရောက်နေတာတွေရှိသလား။ အေအေနဲ့ ဆက်သွယ်မှု ရှိ မရှိ မေးမြန်းတယ်။ အေအေနဲ့အဆက်အသွယ်မလုပ်ဖို့ ပြောတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ကလည်း ကျောက်ပန္ဒူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘု အပါအဝင် ဒေသခံကျေးရွာသား ၁၁ ဦးကို စစ်ကောင် စီစစ်ကြောင်းတခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်နေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ​ရွာသားတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးနဲ့ မောင်တောမြို့နယ် ကျောက်ပန်းတူ ကျေးရွာအနီးမှာ ဩဂုတ် ၁၃ ရက်နေ့ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် သြဂုတ ၁၄ ရက်ကစပြီး မောင်တောမြို့နယ်တောင်ပိုင်းလမ်းတွေကို အကန့်အသတ်မရှိ ပိတ်ထားတာပါ။ DVB

သမ္မတနှင့် အတိုင်ပင်ခံကို အမှုစစ်သည့် တရား သူကြီး ကိုဗစ်ဖြစ်၍ ရုံးချိန်းရွှေ့ရ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ စွပ်စွဲထားသည့် အဂတိမှု ၅မှုကို စစ် ဆေးနေသည့် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်း ကိုဗစ်ကူးစက်ခံရ၍ နေပြည်တော် အချုပ်ထောင် သီးသန့် တ ရားခွင်တွင် ယနေ့(ဩဂုတ် ၂၉) ပြုလုပ်ရန်ရှိ သည့် ရုံးချိန်းကိုရွှေ့ဆိုင်းလိုက်ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အစိုးရလက်ထက်တွင် နိုင်ငံအတွင်း သဘာဝဘေးကျရောက် လျှင် သုံးစွဲရန် ရဟတ်ယာဉ် ငှား ရမ်း၊ ဝယ်ယူမှုနှင့် ပတ်သက်၍ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဌ ဦးဝင်းမြင့်တို့ကို ထောင် ၁၅ နှစ်ချနိုင်သည့် အဂတိလိုက်စားမှုဆိုင်ရာ ပုဒ်မဖြင့် အမှု ၅ ခုခွဲကာ စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။

ထိုအမှုများကို အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တိုင်းတွင် ဦးမြင့်ဆန်းက ပုံမှန် စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ယခုတစ်ပတ်ရုံးချိန်းများကို ရပ် ဆိုင်းလိုက်ပြီး စက်တင်ဘာ ၅၊ ၆ ရက်များသို့ ရွှေ့ဆိုင်းလိုက်ကြောင်း တရားခွင်နှင့် နီးစပ်သူထံမှသိရသည်။

“(ဒီနေ့) ရုံးချိန်းကို တရားသူကြီး အမျိုးသမီးတစ်ဉီးက Video conferencing နဲ့ ခေါပြီး နောက်အပတ်ကို ရုံးချိန်းပြန်ပေးလိုက်ပါတယ်။ အ တိုင်ပင်ခံနဲ့ သမ္မတကြီးကတော့ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစတွင် ၎င်းတို့ကို ဆန့်ကျင်မှုများအား ထိန်းပေးရန် စစ်တပ်၏ တောင်းဆိုမှုကို ပယ်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉မှုဖြင့် စွပ်စွဲထားကာ ၁၀မှုဖြင့် ထောင်ဒဏ် ၁၉ နှစ်ချပြီးဖြစ်သည်။

ထို့အတူ နေပြည်တော်အချုပ်ထောင်သို့ ပို့ထား၍ အသက် ၇၇ အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ နေရေး၊ စားရေး ဒုက္ခများစွာတွေ့နေရသလို ရာသီဥတုနှင့် ပိုးမွှားကိုက်သည့် ဒဏ်ကို အကြီးအကျယ်ရင်ဆိုင်နေရသည်။

အသက် ၇၁ နှစ်အရွယ် ဦးဝင်းမြင့်ကိုမူ စစ်တပ်က အမှု ၈ခုဖြင့် စွပ်စွဲကာ ၂မှုဖြင့် ထောင် ၄နှစ်ချထားပြီး နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် ထိန်းသိမ်းထားသည်။ myanmar now

တော်လှန်ရေးတပ်ပေါင်းစုထံ ပူးပေါင်းလာသည့် တပ်မတော်သားများကို ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်

ရှေ့တန်းစစ်မြေပြင်မှ  တော်လှန်ရေးတပ်ပေါင်းစုတွေဆီ ပူးပေါင်းလာတဲ့ တပ်မတော်သားတွေကို ကြိုဆိုဂုဏ်ပြုတဲ့ပွဲတခုကို ကေအန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁ မှာ ဩဂုတ် ၂၈ ရက်‌က ပြုလုပ်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သထုံခရိုင် ကြီးကြပ်ကွပ်ကဲမှုကော်မတီက ဦးဆောင်ပြီး ရှေ့တန်းစစ်မြေပြင်ကနေ မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်တွေကို ပထမဆုံးအကြိမ် ကြိုဆိုဂုဏ်ပြုပွဲပြုလုပ်ခဲ့တာပါ။

သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက အခုလို လာရောက်ပူးပေါင်းတဲ့အတွက် ဝမ်းသာဂုဏ်ယူ အသိအမှတ်ပြုကြောင်း၊ လာရောက်ပူးပေါင်းတဲ့ ပြည်သူ့တပ်မတော်သားတွေအနေနဲ့  မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနဲ့  ပူးပေါင်းကာ အာဏာရှင်ကို  ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ကြောင်း တိုက်တွန်းပြောဆိုသွားပါတယ်။

ပူးပေါင်းတော်လှန်ဖို့ အခက်အခဲရှိရင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်နိုင်ရေး  ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနဲ့  အာဏာရှင်ကို ဖြုတ်ချဖို့ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ နည်းလမ်းအပြင် တတ်နိုင်တဲ့ တဖက်တလမ်းကနေလည်း ပါဝင်ဆောင်ရွက်လို့ရကြောင်း ပြောဆိုခဲ့တယ်လို့ ကေအန်ယူ ဒူးသထူ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာရှိတဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့  ပြည်သူ့တပ်မတော်သားတွေအနေနဲ့လည်း မတရားမှုကိုဆန့်ကျင်ပြီး မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုနဲ့ ပူးပေါင်းလိုပါကလည်း အခုလို နွေးထွေးစွာ ကြိုဆိုသွားမယ်လို့ ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။

ပူးပေါင်းပါဝင်လာတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုဆုငွေတချို့ ချီးမြှင့်ခဲ့ပါတယ်။DVB

ဘိုကလေးမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲများက ပြည်သူများကိုဖမ်းဆီးပြီး ကျပ် ၅ သိန်းမှ သိန်း ၂၀ အထိ တောင်းယူနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲများက ဒေသခံပြည်သူများကို အကြောင်းမဲ့လိုက်လံဖမ်းဆီးပြီး ငွေကြေးမရားတောင်းယူပြီးမှ ပြန်လွတ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဘိုကလေးမြို့ ကမ်းနားလမ်း အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် ဦးနွေကျော်၏ ပြည်ကျော်ရွှေဆိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးပစ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ပြည်ကျော်ရွှေဆိုင် ဗုံးပစ်ခံရပြီးတော့ ဘိုကလေးစခန်းမှူးဦးဆောင်ပြီး လိုက်ဖမ်းနေတာ အယောက် ၂၀ လောက်ရှိပြီ။ အကုန်လုံးကို PDF နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာပါ။ ဘယ်သူငွေပေးနိုင်သလဲဆိုတာကို သေချာချာစုံစမ်းပြီးမှ ဖမ်းတဲ့ပုံစံဗျ။ အဖမ်းခံရတာ ပိုက်ဆံရှိတဲ့သူတွေများတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ဘိုကလေးမြို့ပေါ်တွင် ငွေကြေးအဆင်ပြေသူများအား လိုက်လံစုံစမ်းပြီးမှသာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံက ဆက်လက် ပြောသည်။

ဘိုကလေးမြို့နယ် စခန်းမှူးညွှန့်လှိုင်ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးခံရသူတစ်ဦးလျှင် ငွေကျပ်ငါးသိန်းမှ သိန်း ၂၀ အထိတောင်းယူပြီးမှသာ ပြန်လွှတ်ပေးနေသည်ဟု ဒေသခံကဆိုသည်။

ဘိုကလေးမြို့နယ်စခန်းမှူး၏ မတရားဖမ်းဆီးငွေကြေးတောင်းယူနေသည့် လုပ်ရပ်များကို ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ကသိရှိသော်လည်း အရေးယူခြင်းမပြုသည့်အတွက် ဒေသခံများ အကူအညီမဲ့နေသည် ဟုဆိုသည်။ mizzima

« Older Entries