ကန်ကြီးထောင့်မြို့တွင် စစ်ကောင်စီခန့်ရာအိမ်မှူးမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ပေါ် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ ကံကုန်း-မြောင်းမြလမ်းပိုင်းပေါ်ရှိ ညောင်ချောင်းကျေးရွာတံတားအနီးတွင် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး သုံးဘီးဆိုင်ကယ်မောင်းနေစဥ် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီခန့် ကံကုန်းကျေးရွာ ရာအိမ်မှူး အက်ချလားဆိုသူ မောင်းလာသည့်သုံးဘီးဆိုင်ကယ်ပေါ် ၎င်းယူလာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။
” သူယူလာတဲ့ ပါဆယ်ထုပ်ကနေ ထပေါက်တာလို့တော့ သိရတယ်၊ ဘယ်သူမှ သွားမကြည့်ရဲတော့ တိတိကျကျတော့မသိရသေးဘူး၊ အိုးဝေ (သုံးဘီးဆိုင်ကယ်) တစ်ခုလုံးတော့ စုတ်ပြတ်သွားတယ်၊ လူကလည်း သေလုမျောပါးဖြစ်နေတော့ ဆေးရုံကိုခေါ်သွားကြတယ်”ဟု ၎င်းကဆို သည်။
အဆိုပါ ရာအိမ်မှူးသည်ဗုံးပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ရောက်ရှိချိန်တွင် သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပေါ်အပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်နှင့် ရဲများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ကံကုန်းကျေး ရွာဒေသခံများကဆိုသည်။
စစ်ကောင်စီခန့်ရာအိမ်မှူး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ mizzima