ရခိုင်အခြေစိုက် DMG သတင်းဌာနမှ ၅၀၅ (က)ဖြင့် စွဲဆိုထားသည့် သူများကို စစ်ကောင်စီ အမှုပြန်ပိတ်

ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Development Media Group (DMG) သတင်းဌာနမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို သြဂုတ်လ ၂၉ရက်နေ့တွင် စစ်ကောင်စီက အမှုပိတ်သိမ်းလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၂၂ရက်နေ့ တွင် ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်လည်းကောင်း ၊စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅( က)ဖြင့်လည်းကောင်း တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

DMG သတင်းဌာနမှ ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ကို အမှုပိတ်သိမ်းလိုက်သည်ဟု စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက သတင်းပေးလာခြင်းဖြစ်ကြောင်း DMG မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က ဖုန်းဆက်လာတယ်၊ ကျနော်တို့ဌာနက လူတွေကို စွဲထားတဲ့ အမှုက ၅၀၅ (က) ကို ပိတ်သိမ်းလိုက်တယ်ဆိုပြီးပေါ့၊ ၅၀၅ (က) တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ အမှုဖြစ်တယ်၊ အခုက ရဲစခန်းကတာဝန်ရှိသူ တစ်ဦးက အကြောင်းကြားလာတော့ ကျနော်တို့ အတိအကျဖြစ်ဖို့အတွက် စုံစမ်းနေပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က စစ်ပွဲအတွင်း ကျောက်တော်မြို့နယ် မာလာကျေးရွာမှ စစ်ကောင်စီက စပါးတင်း၇၀၀ ကျော်ကို ယူဆောင်သွားသည့် သတင်းကို DMG က ဖော်ပြပြီးနောက် သတင်းထောက်နှင့်တာဝန်ရှိသူများကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရားစွဲဆိုခံထားရသည့် ဒုတာဝန်ခံ ကိုနေဝင်းစံနေရာတွင် တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်ကို ထပ်တိုးတရားစွဲဆိုထားကြောင်းလည်း သိရသည်။

“ကိုနေဝင်းစံ နေရာကို ကိုမိုးဇော်မြင့်ကို အစားသွင်းလိုက်တယ်လို့ပြောတယ်၊ ဆိုတော့ ကိုနေဝင်းစံကတော့မပါတော့ဘူး၊ နှင်းနွယ်နဲ့ တာဝန်ခံအယ်ဒီတာက ၆၆ နဲ့ ကျန်ခဲ့တာပေါ့” ဟုဆိုသည်။

မနှင်းနွယ်က “ ကျမတို့ကို စွဲဆိုထားတဲ့အမှု နှစ်ခုက ၅၀၅ (က)အမှုကို ပိတ်လိုက်တယ်ဆိုပြီး သတင်းကြားရတယ်ပေါ့နော်၊ သတင်းကြားလိုက်တော့ အရမ်းပျော်သွားတာပေါ့၊ ဒီအမှုကြောင့် ကျမတို့ ရှောင်တိမ်းနေလာရတာလည်း ကြာနေပြီ၊ မြို့ပြနဲ့ဝေးလံတဲ့နေရာတွေမှာ အခက်အခဲမျိုးစုံနဲ့ ရပ်တည်နေထိုင်ခဲ့ရတယ်၊ မိန်းကလေးဆိုတော့ ပိုနေရထိုင်ရ ကျဉ်းကျပ်တာပေါ့၊ ကိုယ်နေထိုင်ဖို့ နေရာတစ်ခုရရင်တောင် ဒီနေရာမိန်း ကလေးအတွက် သင့်တော်ရဲ့လားပေါ့၊ အဲလိုမျိုးအခြေအနေတွေကအစ ဖြတ်ကျော်ခဲ့ရတယ်၊ အခုအမှုပိတ်လိုက်တယ်ဆိုတော့ ပျော်တယ်ဆိုထာထက် ပိုပါတယ်၊ ကျန်တဲ့အမှုတစ်ခုကိုလည်း အမြန်ဆုံးပြန်ရုတ်သိမ်းပေးဖို့ မျှော်လင့်ပါတယ် ” ဟုဆိုသည်။

DMG သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်း၌ ၂၀၁၉ခုနှစ်၊ မေလ ၁၁ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အမှုအား ရုတ်သိမ်းခြင်းမရှိသေးပေ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s