ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်များအား ပျူစောထီးဆိုသူများက ၀င်ရောက်ဖျက်ဆီးရာ ပြည်သူများကပြန်ခုခံသဖြင့် ထွက်ပြေး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကွက်သစ်အတွင်းရှိ နေအိမ်များအား ပျူစောထီးအဖွဲ့က လာရောက်ဖျက်ဆီးရာမှ ရပ်ကွက်နေပြည်သူများနှင့် အပြန်အလှန်တိုက်ခိုက်မှု ဖြစ်စဉ်တစ်ခု ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ရပ်ကွက်လူကြီးနဲ့ ပျူစောထီးတွေရောက်လာပြီး၊ အိမ်တွေကိုဖျက်ဖို့အမိန့်ပါတယ်၊ ဖယ်ပေးကြ၊ မဖယ်ရင် ငါတို့အစီအစဉ်နဲ့ ဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့နော်၊ ပထမတော့ကြောင်ကြည့်နေကြတာပေါ့၊ နောက်တော့မှ ဒါမဟုတ်သေးဘူးဆိုပြီး၊ ရပ်ကွက်ကပြန်ပြောတော့ နှစ်ဘက်အခြေအတင်ဖြစ်ကြတာ၊ အဲဒီမှာ ပျူစောထီးတွေက လက်နက်တကားကားနဲ့ခြိမ်းခြောက်တယ်၊ ဘတ်ဟိုးမောင်းတဲ့ကောင်က ဘတ်ဟိုးနဲ့ဝှေ့ရမ်းတယ်၊ မခံနိုင်တော့တဲ့အဆုံးရပ်ကွက်က တုတ်တွေနဲ့ ပြန်ချတော့မှ ပျူစောထီးတွေက ဘတ်ဟိုးသမားနှစ်ကောင်ကိုထားပြီး ထွက် ပြေးကြတယ်” ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးကရှင်းပြသည်။
ပြည်ကြီးတံခွန်မြို့နယ် ၁၃၁ လမ်း၊ ၄၉ လမ်းနှင့် လမ်း ၅၀ ကြား ၊ ဇီးအုပ်ကွက်သစ် (ဋ)ရပ်ကွက်အတွင်းရှိ နေအိမ်များကို ယမန်နေ့ ဩဂုတ်လ ၃၀ ရက် နေ့လယ်ပိုင်းက ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူ အယောက် ၃၀ခန့်က စက်ယန္တရားများဖြင့် ဖျက်ဆီးရန်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယမန်နေ့ ဩဂုတ်လ ၃၀ ရက် နေ့လယ်ပိုင်းက အဆိုပါနေအိမ်များအား အောင်ဆန်းဦး (နေရပ်လိပ်စာမသိ)ဆိုသူက ၎င်း ပိုင်မြေဟုဆိုကာ ပျူစောထီးများနှင့် လူမိုက်များကိုငှားပြီး စက်ယန္တရားဖြင့် လာရောက်ဖျက်ဆီးကြောင်း၊ ထို့အပြင် လူဆိုးလူမိုက်များကိုပါ ခေါ်လာပြီး ရပ်ကွက်နေပြည်သူများအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ပြည်သူကပြန်လည် ခုခံရာတွင် ပျူစောထီးနှင့်လူဆိုးလူ မိုက်များ ထွက်ပြေးသွားကြောင်း၊ စက်ယန္တရားမောင်းသူနှစ်ဦးအား စက်ယန္တရားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး စက်ယန္တရားအား ဖျက်ဆီးခဲ့ကြောင်း၊ စက်ယန္တရားမောင်းသူနှစ်ဦးကို ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လာခေါ်သွားကြောင်း ပြည်ကြီးတံခွန်မြို့နယ် သပိတ်အင်အား စု(မန္တလေး)ထံက သိရသည်။
လက်ရှိတွင် ဇီးအုပ်ကွက်သစ်နှင့် အနီး၀န်းကျင် တွင် စစ်ကောင်စီတပ်ဖွဲ့ရောက်ရှိ စောင့်ကြည့်နေကြောင်းလည်း သိရသည်။ mizzima