Monthly Archives: Sep 2022

နောင်ချိုမြို့နယ်က စစ်ရှောင်ပြည်သူများကို စစ်ကောင်စီက အတင်းအကျပ် နေရပ်ပြန်ခိုင်းပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် ၊ ခေးနင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက တိုက်ပွဲမရှိဘဲ ကျေးရွာများအနီးသို့ လက် နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းရရှိသည်။

နောင်ချို့မြို့နယ် ၊ ခေးနင်းကျေးရွာအတွင်း တပ်အခြေချကာ နေရာယူထားသော စစ်ကောင်စီတပ်သားများက စက်တင်ဘာလ ၂၃ ရက်နေ့နှင့် စက်တင်ဘာလ ၂၄ ရက်နေ့ နှစ်ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် နမ့်သုခရွာဘက်သို့ ပစ်ခတ်သွားခြင်းဖြစ်ပြီး လက်ရှိတွင် မည်သည့်တိုက်ပွဲမျှမရှိကြောင်း ဒေသခံအချို့၏ပြောကြားချက်အရ သိရသည်။

“စကစ(စစ်ကောင်စီတပ်)က ခေးနင်းနဲ့ကုလားကွဲရွာတွေထဲမှာကို ဝင်နေတာ။ မနေ့ကကော၊ ရှေ့ရက်ကကော ခေးနင်းကနေ နမ့်သုခထဲကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ တိုက်ပွဲလည်းမရှိဘူး ။ PDF တွေလာမှာကြောက်လို့ လို့လည်း ပြောကြတယ်။ အဓိက ကတော့ သူတို့ပစ်တာ လူနေအိမ်နဲ့ အရမ်းနီးတော့ ကျမတို့ဆီကျမှာ ကြောက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ နေရာယူထားပြီး လက်နက်ကြီးဖြင့် ပစ်နေသောကျေးရွာများသည် သြဂုတ်လနှင့် စက်တင်ဘာလဆန်းပိုင်းအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့သည့်နေရာများဖြစ်ပြီး ရွာသူရွာသားများမှာ တိုက်ပွဲများကြောင့် နောင်ချိုမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖိအားပေးခံရမှုကြောင့် နေအိမ်သို့ပြန်လာရခြင်းဖြစ်သည်။

စစ်ရေးအခြေအနေများ ဆက်လက်တင်းမာမှုရှိနေသော်လည်း စစ်ရှောင်ပြည်သူများ နေရပ်မပြန်လျှင် အိမ်မီးရှို့မည်ဟု အုပ်စုအုပ်ချုပ်ရေးမှူးများ၏ ခြိမ်းခြောက်ခံရမှုကြောင့် အိမ်ပြန်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်၏ လူသားတံတိုင်းအဖြစ် အသုံးချခံနေရကြောင်း ဒေ သခံအချို့က ပြောသည်။mizzima

တမူးတွင် ယမန်နေ့ စစ်တပ်နှင့်တိုက်ပွဲပြင်း ထန်ချိန် PDF အမျိုးသမီးရဲဘော်များပါ ပါဝင်တိုက်ခိုက်၊ စစ်တပ်အထိနာခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ယမန်နေ့ စစ်တပ်နှင့်တိုက်ပွဲပြင်းထန်ချိန် အမျိုးသမီးတော်လှန်ရေး ရဲဘော်များပါ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ် တပ်အထိနာခဲ့ကြောင်း တမူးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ၁ နာရီပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသာစီးဖြင့် စစ်ကောင်စီတပ်များ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသမီး စစ်သည်များကလည်း လက်သံပြောင်စွာ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

“မနေ့ မွန်းလွဲ ၂ နာရီ ၄၀ ကနေ ညနေ ‌၄ နာရီ ၁၅ မိနစ်အထိ တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲက ၁နာရီခွဲလောက် ကြာခဲ့တယ်။ PDFတပ်ရင်း-၁နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တမူးအထက်ပိုင်းအောင်ဇေယျရွာက ဆင်းလာတဲ့ စစ်ခွေး စစ်ကြောင်း သံချပ်ကာ၁စီး၊ ကား၅စီးနဲ့ အင်အား၆၀ ၀န်းကျင်ကို တမူးအဝင်ချောက်နက်ကြီးနားမှာ နှစ်ဖက်ညှပ်ပြီးတိုက်ခိုက်ခဲ့ကြတာပါ။ ကျနော်တို့ပစ်တဲ့ ၄၀မမကျည်တွေ အီနာဂါတွေက ခွေးတွေရဲ့ယာဥ်တန်းကြားတွေထဲကျပြီး ကားတွေရပ်ကုန်တယ်။ ခွေးတွေ ကစဥ့်ကလျားပြေးလွှားနေတာ။ ကျနော်တို့ရဲဘော်တွေကအပေါ်စီးကနေ တရစပ်ပစ်ကြတော့ ခွေးတွေ မြို့ထဲမဝင်နိုင်ပဲ ပိတ်မိနေကြတယ်၊ ကျနော်တို့ မျက်စိရှေ့မှာတင် ခွေးတွေ တုံးခနဲလဲလဲကျသွားတာတွေကို ကျနော်တို့က အပေါ်စီးကနေ အတိုင်းသးမြင်နေကြရတယ်၊သူတို့ ပိတ်မိပြီး မထွက်နိုင်ကြတော့ တမူးက စစ်တပ်နဲ့ပျူတွေက ကား၆စီး ဆိုင်ကယ်၁၂စီးနဲ့စစ်ကူလာကြတယ်။ အဲ့ဒီကျမှသူတို့ ကျနော်တို့ဘက်ကို လက်နက်ကြီးတွေ စကလတ် ငါးကြင်းမြှီးတွေနဲ့တရစပ်ပစ်လို့ ကျနော်တို့ခေါင်းမဖော်နိုင်မှ သူတို့ မြို့ထဲကိုဝင်နိုင်သွားတာ ၊ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့၀င်တွေအားလုံးဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြပါတယ်” ဟု ဒေသကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ တမူးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်း ကျန်းနေသည့် စစ်အုပ်စုကို စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ABSDF ကျောင်းသားတပ်မတော်၊ ကူကီး အမျိုးသားတပ်မတော် – KNA (Burma) နှင့် PDF – CEU တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ကစဉ့်ကလျှား ဆုတ်ခွာ ထွက်ပြေး သွားကြောင်း PDF – CEU တပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။ khit thit

ပုလောမြို့နယ် KNU ထိန်းချုပ် နယ်မြေတွင် စစ်တပ် ထုတ်ကုန်များ သယ်ယူခြင်း တားမြစ်ရန် ဂိတ်ချ စစ်ဆေးနေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ပုလောမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်ထုတ်ကုန်များ သယ်ယူခြင်း တားမြစ်ရန် ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပုလော)က ဂိတ်ချ၍ စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

စစ်တပ်ထုတ်ကုန်များကို သယ်ယူခြင်းမပြုလုပ်ရန်အတွက်လည်း စက်တင်ဘာလ ၂၃ ရက်နေ့က ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ( ပုလော )က သတိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ကြေညာချက်တွင် စစ်တပ်ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးများအပြင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာမည့် ဒေသခံခရီးသွား ပြည် သူများနှင့် အဖွဲ့ဝင်များသည် အဖွဲ့မှ ထုတ်ပြန် သတ်မှတ်ထားသော စည်းကမ်းချက် အတိုင်း လိုက်နာရမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ထိုသို့ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက(သို့မဟုတ်) ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာ ဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ mizzima

တိုက်ပွဲကြောင့် မောင်တော ပရဟိတကျောင်းက လူ ၄၀၀ ကျော်ပိတ်မိ၊ ကျောက်တော်ဂိတ်၌ စစ်ဆေးရေးတင်းကျပ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် နံ့သာတောင်ရွာ ပရဟိတကျောင်းက ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေ ပိတ်မိ နေတယ်လို့ နံ့သာတောင်ပရဟိတကျောင်း ဆရာတော် ဦးစာရဏက မိန့်ပါတယ်။

“ကျောင်းသူ/ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ တစ်စုံတရာ ထိခိုက်မှု မရှိရအောင် မောင်တော မြို့ပေါ်က အ.ထ.က(၂)ကို ပြောင်းဖို့ ဆုံး ဖြတ်လိုက်ကြတာ။ သွားခွင့်တင်ထားတယ်။ ခွင့်ပြုချက် မရသေးဘူး။ ဒီနေ့မှာတော့ မိဘတွေက စိတ်မချလို့ သား/သမီးတွေကို လာခေါ်ကြတာရှိတယ်။”

ဆရာ/ဆရာမ ၂၀ ကျော် နဲ့ Grade 5 မှ Grade 11 အထိ ကျောင်းသူ/ကျောင်းသား ၅၀၀ ကျော် ရှိပြီး မောင်တောမြို့ပေါ် သွားခွင့်ရရှိဖို့ စစ်အာ ဏာပိုင်တွေဆီ တင်ပြထားပေမဲ့ ခွင့်ပြုချက် မရသေးသလို အခုလို လူ ၅၀၀ လောက် ပြန်ဖို့  ပို့ဆောင်ပေးမယ့် ကား အခက်အခဲရှိနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာတော့  မိဘတွေ ခေါ်ဆောင်သွားတဲ့ ကျောင်းသူ/ကျောင်းသား ၁၀၀ လောက်ရှိပြီး  ကျောင်းသူ/ကျောင်းသား ၄၀၀ ကျော် နဲ့ ဆရာ/ဆရာမ ၂၀ ကျော် ပိတ်မိနေသေးတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက်က ကျောက်တော်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က အချိန်ကြာမြင့်စွာ စစ်ဆေး‌နေတာကြောင့် ခရီးသည်ကားနဲ့ ကုန်တင်ကား ၅၀ လောက် ၁ ရက်ကြာ ပိတ်မိနေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ရန်ကုန်မှ စစ်တွေကို ဆင်းလာတဲ့ ခရီးသည် တဦးက “အခုဆို တရက် ကျော်နေပြီ မသွားရ သေးဘူး။ လူ တဦးချင်းစီကို စစ်နေတာ။ ဖုန်းတွေကို စစ်တယ်။ မှတ်ပုံတင်စစ်တယ်။ ဘယ်က လာတယ်။ ဘယ်ကို သွားမယ်။ ဘယ်မှာ နေတယ်။ စုံနေတာပဲ”လို့ ပြောပါတယ်။

အရင်က ရခိုင်မှ ပြည်ပဘက်ကို သွားမှသာ မှတ်ပုံတင် မဖြစ်မနေ စစ်ဆေးခံရတာ ဖြစ်ပြီး အခုအခါ ရန်ကုန်မှ ရခိုင်ရှိ မိမိနေရပ်ကို  ပြန်လာပါကလည်း မှတ်ပုံတင်အပြင် စစ်ဆေးမှုမျိုးစုံ ခံ နေရတာလို့ နေရပ်ပြန်ခရီးသည် တဦးက ဆိုပါတယ်။

စစ်ကောင်စီက စစ်တွေ-အမ်းကားလမ်းမကြီးတလျောက် စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ကာ ခရီးသွားတွေကို စစ်ဆေးနေသလို ရေလမ်းကြောင်းခရီးတွေမှာလည်း ဌာနဆိုင်ရာပေါင်းစုံက စစ်ဆေးနေပါတယ်။

ရခိုင်မှာ ၂၀၂၀ ခုနှစ်ကတည်းက စစ်ဆေးရေးဂိတ်တွေ တိုးချခဲ့ပေမဲ့ အခုလိုမျိုး စစ်ဆေးရေး မတင်းကျပ်ပဲ အခုနှစ် ဖေဖော်ဝါရီလကစလို စစ်ကောင်စီနဲ့ အေအေတို့ တကျော့ပြန်တိုက်ပွဲ ဖြစ် လာပြီးနောက် ပိုမိုတင်းကျပ်စွာ စစ်‌ဆေးနေပါတယ်။ DVB

NUG နှင့် KIO ဗဟိုအစိုးရတို့ ပူးပေါင်းဖွင့်လှစ်သည့် လိုင်ဇာမြို့က ပညာရပ်စုံသင် KSCU တက္ကသိုလ်ကြီး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် KIO ဗဟိုအစိုးရတို့ပူးပေါင်း၍ Kachin State Comprehensive University (KSCU) ဟုခေါ်သည့် ကချင်ပြည်နယ် ပညာရပ်စုံသင်တက္ကသိုလ်ကြီးအား ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ ပညာရပ်စုံသင် တက္ကသိုလ်ကြီးကို လွန်ခဲ့သော ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီးယခု စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ သင်ကြားခြင်းများကို ပြုလုပ်လျက်ရှိသည်။

ပညာရပ်စုံသင် KSCU တက္ကသိုလ်ကြီးတွင် ကချင်ပြည်နယ်အတွင်းရှိ ယခင် ပြည်ထောင်စုအဆင့်ဆင့် ဖွဲ့စည်းတည်ထောင်ထားခဲ့သော တက္ကသိုလ် ရှစ် ခု ပါဝင်ကြောင်း တာဝန်သူများထံက စုံစမ်းသိရှိရသည်။

KSCU တက္ကသိုလ်၏ မူလပင်မအစသည် တက္ကသိုလ်ကောင်စီဝင် တက္ကသိုလ်များဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း နွေဦးတော်လှန်ရေးနှင့်အတူ တက္ကသိုလ်ကောင်စီများ အလျှိုလျှိုပေါက်ဖွားပေါ်ထွက်လာခဲ့သည်။ တက္ကသိုလ်ကောင်စီ ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေး ဝန်ကြီးဌာနမှ တိုက်တွန်းညွှန်ကြားချက်အရ စုပေါင်းဖွဲ့စည်းထားသော တက္ကသိုလ်များ ဖြစ်သည်။

“စစ်အာဏာရှင်ကို တော်လှန်နေပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူလူထု ဘက်ကနေ ရပ်တည်ကာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်း သားကျောင်းသူတွေနဲ့ ဆရာဆရာမတွေကို ကူညီပေးနိုင်ဖို့ရယ်၊ နောက်ထပ် ကြားကာလ ပညာရေးဆိုင်ရာလုပ်ငန်း တွေကို လုပ်ဆောင်သွားဖို့ရယ်ကို ရည်ရွယ်ပြီး တက္ကသိုလ် ကောင်စီကို စုပေါင်းဖွဲ့စည်းခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ တက္ကသိုလ်ကောင်စီဝင် တက္ကသိုလ် တစ်ခုခြင်းစီမှာလုပ်မယ့်အစား ပြည်နယ်တစ်ခုလုံးကိုကိုယ်စားပြုနိုင်တဲ့ အင်းအားတောင့်တင်းခိုင်မာတဲ့ တက္ကသိုလ်ကြီးကို လုပ်ဆောင်ကြမယ်ဆိုပြီး KS CU တက္ကသိုလ်ကြီးကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်”ဟု KSCU ကျောင်း၏ လက်ထောက် အဓိပတိ တာဝန်ယူထားသူ ဒေါက်တာအောင်ကိုကိုလင်းက ဆိုသည်။

KSCUရဲ့ ရည်ရွယ်ချက်နဲ့ သင်ကြားပေးသော ပညာရပ်များ

“ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်က အနာဂတ် ကချင်ပြည်နယ် ဒေသအစိုးရရဲ့ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်တွေကို တိုက်ရိုက်ဖြည့်ဆည်းဖို့အတွက် တည်ထောင်ထားတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ အဓိကအားကိုးအားထားရတဲ့ လူ့စွမ်းအား အရင်းအမြစ်ကြီးဖြစ်ရမယ်။ ဒါကပထမရည်မှန်းချက်ပါ။ ဒီထက်ပိုပြီး ချဲ့မယ်ဆိုရင်တော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရဲ့ ပြည်သူလူထုတစ်ရပ်လုံး အားကိုး အားထားရတဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်မှာပေါ့။ ဒါက ဒုတိယရည်မှန်းချက်ပါ။ တတိယအဆင့်အနေနဲ့ကတော့ လာမယ့် ၁၀ နှစ်အတွင်းမှာ အရှေ့တောင် အာရှတန်းဝင်တဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်လာဖို့ဖြစ်တယ်” ဟု ပညာရပ်စုံသင် တက္ကသိုလ်ကြီးရဲ့ ရည်ရွယ်ချက်သုံးချက်ကို ကျောင်း၏ လက် ထောက်အဓိပတိ တာဝန်ယူထားသူ ဒေါက်တာအောင်ကိုကိုလင်းက ကချင်ပြည်နယ်အခြေစိုက် KNG သတင်းဌာကို ဖြေဆိုခဲ့သည်။

Comprehensive University ဆိုသည့်အတိုင်း ဝိဇ္ဇာသိပ္ပံ၊ သူနာပြုသိပ္ပံ၊ ကွန်ပျုတာသိပ္ပံနှင့် စိုက်ပျိုးသိပ္ပံ အစရှိသော ပညာရပ်စုံကို သင်ကြားပေးသွားမည် ဖြစ်တဲ့အကြောင်းကိုလည်း ဒေါက်တာ အောင်ကိုကိုလင်းက ယခုလိုပြောကြားခဲ့သည်။

“ပညာရပ်စုံတက္ကသိုလ်လို့ပြောပေမယ့် လောလောဆယ်မှာ ကျွန်တော်တို့က ဝိဇ္ဇာသိပ္ပံ ပညာရပ်ကိုပဲ စပြီးတော့ သင်ကြားပေးနိုင်သေးတယ်။ မရှေးမနှောင်းမှာပဲအခြား ပညာရပ်တွေကို သင်ကြားပေးဖို့ ပြင်ဆင်နေပါတယ်” ဟု ပြောပြသည်။

အသက်မွေးဝမ်းကျောင်း အတက်ပညာရပ်နှင့် ဆက်နွယ်နေသည့် ဘာသာရပ်များကို သင်ကြားပေးရာတွင် အသုံးပြုရန် ဓါတ်ခွဲခန်းများ၊ အ လုပ် ရုံခန်းများ လိုအပ်မှုရှိနေသေး၍ ယခုကဲ့သို့ ဝိဇ္ဇာသိပ္ပံ ပညာရပ်တစ်ခုအဖြစ် သင်ကြားပေး နေခြင်းသာဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ဘယ်သူတွေတက်ရောက်နိုင်မှာလဲ

KSCU တက္ကသိုလ်သို့ မြန်မာနိုင်ငံစာစစ်အဖွဲ့ ဟုခေါ်သည့် မြန်မာအစိုးရစစ် အထက်တန်း အောင်မြင်ပြီး သူတိုင်း တက်ရောက်နိုင်သည်။ သို့သော် စစ်တပ်အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီစာမေးပွဲများမှ အောင်မြင်သူများအနေဖြင့် တက်ရောက်ခွင့်ရနိုင်မည် မဟုတ်ကြောင်း ဒေါက်တာ အောင်ကိုကိုလင်း က ဆိုသည်။

“အခြားပြည်နယ်နဲ့တိုင်းက ကျောင်းသားတွေအနေနဲ့ ၂၀၂၀ ဆယ်တန်းအောင်နဲ့ အဲ့ဒီမတိုင်ခင်က ဆယ်တန်းအောင်ဆိုရင် လက်ခံပါတယ်။ အကယ်၍ မအလ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ရဲ့ စစ်ကောင်စီကစစ်တဲ့ စာမေးပွဲကို ဖြေမိခဲ့ရင် ကျွန်တော်တို့က လုံးဝလက်ခံမှာ မဟုတ်ပါဘူး” ဟု KSCU ကျောင်း၏လက်ထောက်အဓိပတိ ဒေါက်တာ အောင်ကိုကိုလင်းက ပြောသည်။

စစ်ကောင်စီစစ်သည့် စာမေးပွဲကို အောင်မြင်ခဲ့သည့် ကျောင်းသူ၊ကျောင်းသားများ အနေဖြင့် KSCU တက္ကသိုလ်ကြီးကို တက်ရောက်မည်ဆိုပါက KIO အစိုးရ၏ ပညာရေးဌာနကကြီးကြပ်စစ်ဆေးသော အထက်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမည် ဖြစ်သည်။ အဆိုပါ စာမေးပွဲမှရရှိသည့် ရလဒ်ကိုကြည်ပြီးမှ လက်ခံသွားမည်ဖြစ်ပြီး KIO အစိုးရ၏ ပညာရေးဌာနမှ အထက်တန်းအောင်မြင်ထားသူများ အနေဖြင့်မူ တက္ကသိုလ် အကြိုပြင်ဆင်မှုအတန်းများကို တက်ရောက်စရာမလိုဘဲ နှစ်သက်ရာပညာရပ်များကို ပထမနှစ်မှစတင်၍ တက်ရောက်နိုင်မည် ဖြစ်သည်။

စာသင်နှစ်နဲ့ သင်ကြားရေးပုံ

ယခု စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ယခင်အဝေးသင်တက္ကသိုလ်များတွင် တက် လက်စဖြစ်သည့် ဝိဇ္ဇာအထူးပြုကျောင်းသားများဖြစ်သည့် တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသူကျောင်းသားများ၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ် ဥပဒေ ကျောင်းသူ ကျောင်းသား များအတွက် တန်းခွဲများကိုဖွင့်လှစ်ပေးထားကြောင်း သိရသည်။ စနစ်သစ် ပထမနှစ် အတန်းများကိုမူ ယခုလာမည့် ဒီဇင်ဘာလတွင် စတင်သင်ကြားပေးသွားမည်ဖြစ်သည်။

KSCU တက္ကသိုလ်အနေဖြင့် စာသင်ကြားရာတွင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် စစ်ကောင်စီ၏ အင်တာနက်ထိန်းချုပ်မှုကြောင့် အင်တာနက်လိုင်း အသုံးပြုကာ အွန်လိုင်းမှ သင်ကြားသည့်စနစ်ကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း သိရသည်။ အချိန်သတ်မှတ်၊ နေရာသတ်မှတ်ကာ သင်ကြားသင်ယူသည့် စနစ်ဖြင့်သာ ဖွင့်လှစ်သွားမည်ဟု ဒေါက်တာအောင်ကိုကိုလင်းက ဆိုထားသည်။

“အွန်လိုင်းကို အားမထားတော့ဘူး။ အခြံအရံအနေနဲ့ပဲ သွားမယ်။ အွန်လိုင်း မသုံးတော့ တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အွန်လိုင်းသုံးတာသည် မြေပြင်သင်တန်းတွေကို အစားထိုးဖို့မဟုတ်ဘူး။ ပိုကောင်းအောင် အရည်အသွေးဖြည့်ဖို့” ဟု ၎င်းက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ပညာသင်ယူနေကြသည့် ကျောင်းသူ၊ကျောင်းသားများသည် ပြည်နယ် အတွင်းသာမက ကချင်ပြည်နယ်နှင့် ထိစပ်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသဘက်မှ ကျောင်းသူ၊ကျောင်းသားများ ဖြစ်ကြသည်။ အဆိုပါ ဒေသများတွင် စစ်ကောင်စီက အင်တာနက် သုံးစွဲမှုကို ထိန်းချုပ်ထားသည့်အတွက် အွန်လိုင်းမှ သင်ကြား တက်ရောက်ရန် ခက်ခဲလျက်ရှိနေသည်။

ကချင်ပြည်နယ်၏ အဆင့်မြင့်တက္ကသိုလ်တစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပညာရပ်စုံ သင်တက္ကသိုလ်ဖွင့်ပွဲကို ပြီးခဲ့သည့် ယခုလ (စက်တင် ဘာလ) ၁၂ ရက်နေ့က လိုင်ဇာ မြို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ KIO အစိုးရ၏ ကချင်အမျိုးသားပညာရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်တွင် ယခုကဲ့သို့ အဆင့်မြင့်တက္ကသိုလ်ပေါ်ပေါက်လာခြင်းအပေါ် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ယခုလို မှတ်ချက်ပြု ပြောကြားသည်။

“မကြီးကျယ်သော်ငြားလည်း ကြီးမားသောခြေလှမ်းများ လျှောက်လှမ်းရန် စတင်လိုက်ခြင်း ဖြစ်တယ်” mizzima

ကသာခရိုင်တွင် တိုက်ပွဲပြင်းထန်နေ၍ ပြည်သူသောင်းချီ ထွက်ပြေး၊ အင်းတော်လမ်းပိုင်းများ ယာယီပိတ်

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ကောလင်းမြို့နယ် အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၂၅ ရက် နေ့လယ် ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့  ပစ်ကာ  စစ်ကြောင်းထိုး ဝင်ရောက် လာတာကြောင့် ကျေးရွာအုပ်စု ၃ အုပ်စုက ရွာသူ/ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ် လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကောလင်းအရှေ့တောင်ပိုင်း စစ်ကောင်စီတပ်ရဲ့ အင်ပင်သာအဖွဲ့က ဝါးရုံခုံရွာအရှေ့ချောင်းရိုးကို ရောက်တယ်။ ပွဲခံရွာက ဦးကျော်ဘင်ချောင်းအဖွဲ့က ဇီးဖြူကုန်းအနောက်က တောင်ရိုးမှာ ရောက်တယ်။ နေ့လယ် ၂ နာရီခွဲမှာ တောင်ဘို့လှအုပ်စု၊ သပြေအိုင်အုပ်စု၊ အင်ပင်သာအုပ်စုက ပြည်သူတွေ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။”

ထဲထီးရှိုရွာက‌နေ စစ်ကောင်စီတပ်ဟာ ပွဲခံရွာနဲ့ တောင်ဘို့လှရွာကြား ရောက်နေကြပြီး အဲဒီနေရာကနေ တောင်ဘို့လှနဲ့ ဇီးဖြူကုန်းရွာဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ Kawlin Info အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကသာခရိုင် အင်းတော်မြို့နယ်မှာလည်း စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီ တိုက်ပွဲတွေ ဖြစ်ပွားနေရာ ကားလမ်း ယာယီပိတ်ထားတယ်လို့ PDF တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

“ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါ။ အင်တာနက်လိုင်းရသူတွေက  ဖုန်းနဲ့ ဒါမှမဟုတ် သင့်ရာ နည်းနဲ့ အချင်းချင်းဆက်သွယ်ပြီး သတိလှမ်းပေးပေးထားကြပါ။” 

အင်းတော်-ကသာ၊ အင်းတော်-ဗန်းမောက်၊ အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော်-မော်လူး လမ်းပိုင်းတွေကို ဒီနေ့ ညနေ ၅ နာရီက‌စပြီး ခရီး သည်တင်လိုင်းကားနဲ့ ကုန်တင်ကားတွေ သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်မယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အင်းတော်ဒေသကာကွယ်ရေးအဖွဲ့ Indaw Revolation – IR က တာဝန်ရှိသူက  “လတ်တလော ဒေသတွင်းက ရွာတွေမှာ စစ်ကောင်စီတပ်က အင်အားအလုံးရင်းသုံးပြီး စစ်ကြောင်းထိုးနေတယ်။ နေရာတချို့မှာလည်း တိုက်ပွဲတွေ ရှိနေတာကြောင့် ယာယီပိတ်ထားလိုက်တာဖြစ်ပါတယ်။ စစ်ရေးအခြေနေလည်း တင်းမာနေပါတယ်။ အများပြည်သူတွေအနေနဲ့ ဘေးကင်းစေဖို့ ထုတ်ပြန်ချက်ကို အတိကျလိုက်နာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ” လို့ ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းက လမ်းနေရာ တချို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးတာတွေနဲ့ တပ်ဖြန့်ထားတာတွေ ရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

တားမြစ်ထားတဲ့ လမ်းပိုင်းများအတွင်း ခရီးသည်တင်လိုင်းကား၊ ကုန်တင်ကား၊ အိမ်စီးကားတွေ မောင်းနှင်သွားလာကြလို့ တစုတရာဖြစ်ပွားပါက ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ လုံးဝ တာဝန်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်တာဘာ ၂၄ ရက်နေ့ကလဲ မော်လူးနဲ့ နန့်စီအောင်ကြားက ကားလမ်းမမှာ စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာတာရှိပြီး ကျေးရွာများဘက်ကို တပ်ဖြန့်လာတာလဲ ရှိတယ်လို့ သိရပါတယ်။ DVB

ပန်းပင်နီလမ်းတွင် ဖမ်းဆီးခံရသည့် ကျောင်း သားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုမင်းသူရိန် ပျောက်ဆုံးနေ

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ၊ ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း) တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုမင်းသူရိန်ကို လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးကြောင်း သိရသည်။

“စစ်ကြောရေးဘက်ကို ပါသွားရင် ပုံမှန်အားဖြင့် ဒီလောက်တော့ ကြာလေ့ရှိတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက ဘယ်နေရာကိုရောက်နေမှန်းမသိတာပေါ့” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ကိုမင်းသန့်လူက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပန်းပင်နီလမ်း၌ ပြုလုပ်မည့် လူထုလှုပ်ရှားသပိတ် ပြုလုပ်ရန်သွားရောက်သည့် လူငယ်များနှင့် သ တင်းရယူရန်သွားသည့် သတင်းသမားနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး စုစုပေါင်း၂၀ကျော် ဖမ်းဆီးခံရကြောင်း သပိတ်အဖွဲ့များထံက သိရသည်။

ကိုမင်းသူရိန်သည် စတင်ဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့အချိန်အထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် စိုးရိမ်လျက်ရှိနေကြသည်။

ရက်သတ္တနှစ်ပတ်နီးပါး ပျောက်ဆုံးနေသည့် ကိုမင်းသူရိန်ကို ပြန်လည်တွေ့ရှိရေးနှင့် အသက်အန္တရာယ်ကင်းရေးအတွက် နိုင်ငံတကာ ကြက် ခြေနီ ကော်မတီ(ICRC)သို့ အကြောင်းကြားထားသည် ဟု သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပန်းပင်ကြီးလမ်းတွင် ပြုလုပ်သည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတစ်ခုကို စစ်ကောင်စီက ကားဖြင့်တိုက်၍ ဖမ်းဆီးခြင်းပြုလုပ်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးခံရသူ ၁၀ ဦး ထက်မနည်းရှိခဲ့သည်။ထို့ကြောင့် အဆိုပါလမ်းကို ပန်းပင်နီလမ်းဟု ဒီမိုကရေစီအရေးလှုပ်ရှားသူများက သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ၁၅,၆၀၇ဦး ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကစက် တင်ဘာလ၂၃ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ mizzima

မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲ တိုက်ခိုက်ခံရသဖြင့် ၃ ဦး သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကျောက်ခွက်ရွာဘက်ကို ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က အင်အား ၆၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မြိုင် ပ.က.ဖ က မိုင်းပွိုင့် အကြီး ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့  မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်ထဲကို အင်အားအလုံးရင်နဲ့ စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာကြောင့် မြိုင် ပ.က.ဖ အနေနဲ့ အ မြစ်ပြတ် တိုက်ခိုက် ခြေမှုန်းသွားမယ်လို့ ဆိုပါတယ်။

မိုင်းခွဲခံရအပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပေမဲ့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်က  သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။ DVB

ပုလောမြို့ ကြဲကျေးရွာတွင် စစ်ကောင်စီခန့် ရာအိမ်မှူး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကြဲကျေးရွာ အုပ်စု၊ ကြဲကျေးရွာ တွင်ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ၎င်း၏ နေအိမ်တွင် သေနတ်နှင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရ သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူမှာ ရာအိမ်မှူး ဦးဂွမ်တင် အသက် (၅၀) နှစ်ခန့် ဖြစ်ပြီး စစ်ကောင်စီရဲ့ အမာခံ ဒေါက်တိုင် တစ်ဦးဖြစ် ကြောင်းသိရသည်။ ဦးဂွမ်တင်သည် စစ်ကောင်စီကို သတင်းပေးခြင်း၊ ကျေးရွာနေ ပြည်သူများထံမှ ငွေကြေး ကောက်ခံခြင်း၊ မလျော် သြဇာသုံး၍ ပြည်သူများကို ဒုက္ခ အမျိုးမျိုးပေးနေသူဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

“ပစ်ခတ်ခံရတာက နေအိမ်မှာပါ။ ဘယ်အဖွဲ့က လာပစ်တယ် ဆိုတာ မသိရသေးဘူး။ အခင်း ဖြစ်ပွားတဲ့ အချိန်မှာ ကလေးတစ်ဦးလည်း ထိ ခိုက်ဒဏ်ရာ ရသွားတယ်”ဟု ကြဲကျေးရွာနေ ဒေသခံ တစ်ဦးက ပြော သည်။

အဆိုပါ စစ်ကောင်စီခန့် ရာအိမ်မှူးကို မည်သည့် အဖွဲ့ကပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်းကို လက်ရှိ အချိန် အထိ ထုတ်ပြန်ထားခြင်း မရှိပေ။

အလားတူပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း လက္ကူးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းကြွယ်ကို ပုလောဒေ သ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုမှ နန်းထိုက်အောင် စစ်ဆင်ရေး လှုပ်ရှားမှုဖြင့် ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း ပုလောဒေသ ကာ ကွယ်ရေးတပ်ဖွဲ့ (PRDF) က ထုတ်ပြန် ထား သည်။ mizzima

« Older Entries