Monthly Archives: Sep 2022

စစ်တပ်က ရေစကြို အရပ်သား ၂ ဦးကိုသတ်၊ ဈေး မီးရှို့ဟု ဒေသခံများပြော

ဩဂုတ် ၂၉ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့အရှေ့ဘက် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက အရပ်သား ၂ ဦးကို သတ်ဖြတ်ကာ ဈေးဆိုင် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

အင်အား ၁၀၀ ခန့်စီ ပါရှိသည် စစ်ကြောင်း ၃ ကြောင်းက ရေစကြိုမြို့ တောင်ဘက် ၆ မိုင်အကွာရှိ ချစ်သူရွာ၊ ရေစကြိုအရှေ့တောင်ဘက်ရှိ ရွှေ‌ချောင်းရွာ၊ ပေါက်ရွာတို့တွင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ရွှေချောင်းရွာခံ အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရာ ထိုအမျိုးသမီး ဆေးရုံသို့ အသွားလမ်းတွင် သေဆုံးသွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြို့တောင်ဘက် ချစ်သူရွာတွင်လည်း အမျိုးသားတစ်ဦးကို ပစ်သတ်ကာ ရုပ်အလောင်းကို ရွာဘေးရှိ ချင်းတွင်းမြစ်ထဲ ကန်ချလိုက်သည်ဟု အထက်ပါ ရေစကြိုမြို့ခံက မျက်မြင်သက်သေတစ်ဦးကို ကိုးကား၍ ပြောသည်။

ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် ရေစကြိုမြို့တောင်ဘက် ချင်းတွင်းမြစ်ကမ်းနဖူးပေါ်ရှိ ချစ်သူရွာသို့ ရောက်ချိန်တွင် အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်၍ မြစ်ထဲကန်ချလိုက်သည်ကို ဒေသခံတို့ တွေ့ခဲ့ရသည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ရန်ကြောင့် ရွာခံများ ထွက်ပြေးတိမ်းရှောင်နေကြရရာ သေဆုံးသူ ၂ ဦး၏ အမည်နှင့် အသက်များကို ထပ်မံ စုံစမ်း၍ မရသေးပေ။

သြဂုတ် ၂၉ နံနက်ပိုင်း ရေစကြိုမြို့ပေါ် ဘောလုံးကွင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို အမည်ထုတ်ဖော်ခြင်းမရှိသေးသည့် ကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး အဆိုပါ ဘောလုံးကွင်းဘေးရှိ စျေးဆိုင်ခန်း ၁၀၀ ကျော်နှင့် ပျံကျစျေးဆိုင်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ရေစကြိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကြောင်းက အင်အားအပြည့်နဲ့ ထိုးနေသလို ရံထားတဲ့ စစ်ကြောင်းလည်းရှိနေတော့ သတင်းအချက်အလက်တော့ မရသေးဘူး။ ပျံကျစျေးလို ဆောက်ထားတာတွေအကုန်လုံးကို မီးရှို့ဖျက်ဆီးပစ်တာ”ဟု သူက ပြောသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့အရှေ့ဘက် ကျေးရွာများကို မြေပြင်မှ စစ်ကြောင်းများထိုးနေသလို ဝေဟင်တွင်လည်း လေယာဉ်တစ်စီး ဝဲနေသည်ကို ဩဂုတ် ၃၀ တွင် တွေ့ရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။ အဆိုပါ စစ်ကြောင်းများသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံသည့်နေရာဖြစ်သော ရေလယ်ကျွန်းဒေသဘက်သို့ ဦးတည်နေသည်ဟုလည်း ရဲဘော်ဝေကြီးက ပြောသည်။

သြဂုတ် ၁၅ နှင့် ၁၈ ရက်နေ့တို့တွင်လည်း စစ်တပ်က ရေလယ်ကျွန်းဒေသတွင် ကျေးရွာ ၂ခုကို စီးနင်းမီးရှို့ရာ လှေခုတ်ရွာတွင် အိမ်ခြေ ၁၅၀ မီးလောင်သွားသည်။

အိမ်ခြေ ၆၅၀ ရှိသည့် ငတရော်ရွာမှာမူ ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားခဲ့ရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ ပြည်သူ့အိုးအိမ်ပေါင်း ၂၈,၄၃၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု အချက်အလက်များ ကောက်ယူထားသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်း အများဆုံး ဖျက်ဆီးမီးရှို့ခံခဲ့ရကာ ပျက်စီးသွားသည့် အိမ်အရေအတွက်မှာ ၂၀,၁၅၃ လုံး ဖြစ်သည်ဟု ဆိုသည်။

မကွေးတိုင်း အတွင်းမီးရှို့ခံခဲ့ရသည့် အိမ်အရေအတွက်မှာ ၅,၄၁၈ လုံးဖြစ်ပြီး ရေစကြိုမြို့နယ်အတွင်းမှ ၁,၂၅၅ လုံး ပါဝင်သည်ဟုလည်း Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အရပ်သားများကို သတ်ဖြတ်မှု၊ နေအိမ်များကို မီးရှို့မှုများ ရပ်ဆိုင်းရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဩဂုတ် ၁၇ တွင် စစ်ခေါင်းဆောင်တို့ကို တိုက်တွန်းထားသည်။

သို့သော် စစ်ခေါင်းဆောင်တို့ကမူ ကျေးရွာများကို မီးရှို့သည်မှာ ယင်းလက်အောက်ခံတပ်ဖွဲ့များမဟုတ်ဟု ငြင်းဆိုပြီး လေယာဉ်ဖြင့် တိုက်ခိုက်သည်မှာလည်း သောင်းကျန်းသူများကိုသာ ဦးတည်ပစ်မှတ်ထားသည်ဟု ဖြေရှင်းချက်ပေးသည်။myanmar now

စစ်အာဏာရှင်ကို ဒေါ်လာရှာပေးနေသည့် MO GE ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် ယူကေနှင့် အမေရိကန်ကို တောင်းဆို

မြန်မာစစ်အာဏာရှင်တွေအပေါ် အသစ်ချမှတ်လိုက်တဲ့ ယူကေနိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ မလုံလောက်သေးတဲ့အကြောင်းနဲ့ အထူးသဖြင့် မြန်မာစစ်တပ်ကို အဓိက နိုင်ငံခြားဝင်ငွေ ရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့ Global Witness အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ၅ နှစ် ပြည့်ပြီးခဲ့တဲ့ အချိန်ထိ အမေရိကန်ပြည်ထောင်စုနဲ့ ယူနိုက်တက်ကင်းဒမ်းတို့ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ မြန်မာစစ်အာဏာရှင်တွေ ရရှိနေတဲ့ အကျိုးအမြတ်နဲ့ ဝင်ငွေတွေကို ထိထိရောက်ရောက် တားဆီးပိတ်ဆို့နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်နွှယ်သူတချို့ကို ယူကေက တားဆီးပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်လိုက်တဲ့အပေါ် ကြိုဆိုလက်ခံပေမဲ့ အခုလုပ်ရပ်ထက် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သွားဖို့လိုတယ်လို့ Global Witness က တိုက်တွန်းပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးကြောင်း ယူကေက ကြေညာခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်တင်သွင်းနေတဲ့ ကုမ္ပဏီတွေအပြင် စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတခုကိုပါ ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအသစ်တွေ ပြီးခဲ့တဲ့သီတင်းပတ်က ချမှတ်ခဲ့ပါတယ်။

ဒီနောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ သူ့ရဲ့ခင်ပွန်း ကိုထိန်လင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲလိုက်တာဟာ မြန်မာစစ်အာဏာရှင်ရဲ့ တရားဥပဒေအပေါ် မထီမဲ့မြင်ပြုမှုနဲ့ စည်းကမ်းမဲ့ ထင်တိုင်းကျဲမှုတွေ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေကြောင်း ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအပေါ် လက်တုံ့ပြန်တဲ့ သဘောမျိုးနဲ့ ဗြိတိန်သံအမတ်ဟောင်းကို  စိတ်ထင်တိုင်း ဖမ်းဆီးလိုက်တာကြောင့် မြန်မာစစ်အာဏာရှင်တွေကို အရေးပေါ် တားဆီးထိန်းချုပ်ဖို့ နိုင်ငံတကာအနေနဲ့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း Global Witness က ထောက်ပြထားပါတယ်။

Global Witness ရဲ့ အကြီးတန်းအရာရှိ ဟန်နာဟင်ဒ်စထရောင်မ်က “နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်တွေနဲ့ အကန့်အသတ်တွေရှိတဲ့ ဆောင်ရွက်ချက်တွေဟာ အရေးပါတယ်ဆိုပေမဲ့ လိုအပ်တာထက်ကို အများကြီး အားနည်းပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး မြန်မာစစ်တပ်ဟာ ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေမှာ အသာစီး ရနေတာကြောင့် အင်အားနည်းနေပေမဲ့ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်နေဆဲ ဖြစ်ကြောင်းနဲ့ တကယ်လို့ နိုင်ငံခြားငွေမရှိဘူးဆိုရင် သူ့ရဲ့ လေယာဉ်ဆီနဲ့  ဗုံးတွေ ဝယ်နိုင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ ဝင်ငွေအများဆုံး ရရှိနေတာဖြစ်ပြီး အဲဒီကနေရတဲ့ ဝင်ငွေဟာ သူ့ရဲ့စုစုပေါင်းဝင်ငွေရဲ့ တဝက်နီးပါးရှိတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စီးပွားရေး ပိတ်ဆို့ထားသလို အမေရိကန်နဲ့ ယူကေတို့ကလည်း စီးပွားရေးပိတ်ဆို့မှုတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ Global Witness က ပြောပါတယ်။

အဲဒီစီးပွားရေးပိတ်ဆို့မှုတွေဟာ ထိရောက်မှုရှိတယ် ဆိုတာကိုလည်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အီးယူက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီး နောက်မှာ တရုတ်အစိုးရရဲ့ ရှယ်ယာအမြောက်အမြား ပါဝင်တဲ့ တရုတ်နိုင်ငံဘဏ် (Bank of China) ကနေ MOGE ပိုင် ငွေကြေးတွေကို တခြား သက်ဆိုင်ရာအကောင့်တွေဆီ လွှဲပြောင်းခဲ့ကြတာကို တွေ့ရကြောင်း AP သတင်းဌာနက ရေးသားထားပါတယ်။

အဲဒီနည်းလမ်းနဲ့ စစ်အာဏာရှင်တွေရဲ့ အကျိုးအမြတ်ကို ဖြတ်တောက်နိုင်သလို တပြိုင်နက်တည်းမှာပဲ အသုံးပြုသူတွေဆီကို လျှပ်စစ်နဲ့ ဆီတွေ ဆက်လက်ပို့ဆောင် သွားနိုင်မယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ယူကေတို့က ဥရောပသမဂ္ဂနဲ့ အတူပူးပေါင်းကာ MOGE ကို စီးပွားရေးပိတ်ဆို့ဖို့ ငြင်းဆန်နေတာဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ တခြားသော စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း အားပျော့စေတယ်လို့ ဆိုပါတယ်။

အကျိုးအမြတ်အများဆုံးရနေတဲ့ ငွေဝင်လမ်းကို မပိတ်ဆို့နိုင်သမျှတော့ မြန်မာစစ်အာဏာရှင်ဟာ ကျန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကို ဂရုစိုက်မှာ မဟုတ်ကြောင်းနဲ့ MOGE ကို စီးပွားရေးပိတ်ဆို့တာဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အမြစ်တခုကို တိုက်ရိုက်ချိုးဖျက်နိုင်မယ့် နည်းလမ်းတခုဖြစ်လို့ ချက်ချင်းပဲ ဆောင်ရွက်သင့်တယ်လို့ Global Witness က အကြံပြု တိုက်တွန်းထားပါတယ်။

လန်ဒန်နဲ့ ဝါရှင်တန်မှာ အခြေစိုက်တဲ့ Global Witness အဖွဲ့ဟာ ကမ္ဘာတဝန်း သဘာဝအရင်းအမြစ်နဲ့ ဆက်နွှယ်တဲ့ ပဋိပက္ခတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ သဘာဝပတ်ဝန်းကျင်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့် အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့   နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ DVB

မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဝေးထိန်းမ်ိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

မှော်ဘီမြို့နယ်အခြေစိုက် မြေအောက်တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် GUARDIANS UG အဖွဲ့က “ ဒေါင်းအလံလွှင့်” စစ်ဆင်ရေး၏ ဒုတိယမြောက် တိုက်ခိုက်မှုအဖြစ် မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ယမန်နေ့ သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ မနေ့က ည ၇ နာရီလောက်မှာ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ သုံးခဲ့တာက တီအမ်တီ အစာသွပ်ထားတဲ့ အဝေးထိန်းမိုင်းကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ” ဟု Guardians UG တပ်ဖွဲ့မှ တာဝန်ခံ Aemun Dragon က ပြောသည်။

အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစောင့်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ မြေပြင်အခြေအနေအရ ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်ပြီး အဝေးထိန်းနဲ့ တိုက်ခိုက်တာဆိုတော့ တွက်ဆထားတဲ့ အနေအထားအရ ဂိတ်မှာရှိတဲ့ ခွေး(စစ်ကောင်စီတပ်သား)တွေ ထိဖို့ အလားအလာများပါတယ်။ အနီးကပ်မဟုတ်တော့ အရေအတွက် အသေးစိတ်ကို သေချာပြောလို့ မရနိုင်သေးဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခ်ိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ဆက်ပြောသည်။

အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဖြစ်စဉ်ဖြစ်ပွားရာနေရာ အနီး တဝိုက် စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အခြေစ်ိုက်ကာ လှုပ်ရှားနေသည့် မြေအောက်တော်လှန်ရေးအဖွဲ့များ ဖြစ်သည့် SPT UG ၊ BRAVE EAGLE+ GR-1 ၊ GUARDIANS UG စသည့် မဟာမိတ်လေးဖွဲ့ပေါင်းကာ ပြည်သူများနှင့်အတူ ပြတ်သားစွာ ရပ်တည်ပြီး လွတ်လပ်မှုနှင့် တရားမျှတမှုကို ကိုယ်စားပြုကာ “ဒေါင်းအလံလွှင့်” စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ ညပိုင်းကလည်း “ဒေါင်းအလံလွှင့်”စစ်ဆေးရေး၏ ပထမဆုံးအကြိမ် တိုက်ခိုက်မှုအဖြစ် မှော်ဘီမြို့နယ် အမှတ် (၄)လမ်းဆုံ အနီးရှိ စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိခဲ့ကြောင်း GUARDIANS UG တပ်ဖွဲ့ထံက သိရသည်။ mizzima

ကနီမြို့ တိုက်နယ်ဆေးရုံမှ ဆေးနှင့် ဆေးပစ္စည်းများကို စစ်တပ် ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် စစ်ရှောင်များကို ဆေးဝါးကုသပေးနေသည့် တိုက်နယ်ဆေးရုံမှ ဆေးဝါးများ၊ ဆေးပစ္စည်း ကိရိယာများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ဩဂုတ် ၂၈ တွင် သရက်ပင်ရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် သရက်ပင် တိုက်နယ်ဆေးရုံ မှ ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိသည့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရေတွင်း ထဲသို့ ပစ်ချဖျက်ဆီးခဲ့သည်။

ရွာစာသင်ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင် ၂ ဆောင်၊ ထိုတဲအတွင်းရှိ စာရေးကိရိယာများ၊ စာသင်ခုံများပါမီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

“ဆေးရုံကနေ ဆေးပစ္စည်းတွေ၊ ကိရိယာတွေကို အကုန်အပြင်ထုတ်ပြီး မီးရှို့ဖျက်ဆီးသွားတယ်။ ပုံမှန်ဆိုရင် တော့ လူနာ ၅၀ ဝန်းကျင်လောက် ဆေးကုနိုင်တဲ့နေရာပါ။ အခက်အခဲတွေကြားက ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ကြကိုင်ကြတာပါ။ စစ်ဘေးရှောင်တွေကို ကုသပေးနေတဲ့ ဆေးရုံပါ ” ဟု ကနီမြို့နယ်မှ လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သရက်ပင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် လသားအရွယ် ကလေးငယ်အပါအဝင် အသက် ၈၀ ကျော် အရွယ်ထိ ပါဝင်သည့် ဒေသခံ ၉၀ ကျော်ကို တစ်ရက်ကြာ ဖမ်းဆီးစစ်ဆေးပြီး စစ်ကောင်စီနှင့် ပတ်သက်သည့် ဝါဒဖြန့်ဟောပြောမှုများပြုလုပ်ကာ နောက်နေ့ (ဩဂုတ် ၂၉) စစ်ကြောင်းပြန်ထွက်ချိန် တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထိုရွာမှ ထွက်လာသည့် စစ်ကြောင်းသည် ယင်းနေ့မှာပင် ၃ မိုင်ခန့်အကွာရှိ ဝါးတန်း(အရှေ့)ရွာကို ဝင်ရောက် စီးနင်းပြီး လူနေအိမ် ၁၀ လုံး၊ နွားတဲများ၊ မီးဖိုဆောင်များ စသည့် အဆောက်အဦ ၂၀ နီးပါး ကို မီးရှို့ဖျက်ဆီး သွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့နောက် စစ်ကြောင်းသည် ဝါးတန်း(အရှေ့ရွာ) မှ ၈ မိုင်ခန့်အကွာရှိ အုန်းပင်ဆိပ်ရွာ မှတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာသို့ ယနေ့ (ဩဂုတ် ၃၀) နံနက်တွင် ပြန်ထွက်ခွာသွားသည်။

ထိုစစ်ကြောင်းသည် ယခုလ ၁၁ ရက်က ရင်ပေါင်တိုင်ရွာကို လေကြောင်းမှ ရောက်ရှိစီးနင်းခဲ့ပြီး ပုလဲ၊ ယင်းမာပင်၊ ကနီ နယ်တဝိုက် သုံးပတ်နီးပါးကြာ ရွာစဉ် လှည့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ရွာများကို ဝင်ရောက်စီးနင်းစဉ် နေအိမ်များ အတွင်း ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာများ၊ အဖိုးတန်ပစ္စည်းများကိုလည်း မွှေနှောက်ယူငင်သွားကြောင်း၊ နေအိမ် အများအပြားကို မီးရှို့ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းထိုးရာလမ်းတလျှောက် ကျေးရွာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ် တိုက်ခိုက်ကြပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များ ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ဩဂုတ်တတိယပတ်အထိ တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့ များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၈၀၀၀ ကျော် ပျက်စီးခဲ့သည့်အနက် လေးပုံသုံးပုံနီးပါးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။

ကုလသမဂ္ဂက စစ်ကောင်စီကို တောင်းဆိုထားသည့် အချက်များထဲတွင် အရပ်သားများကို သတ်ဖြတ်မှု၊ အိမ်မီးရှို့မှုများ ရပ်ဆိုင်းရေး ပါဝင်သည်။

စစ်ကောင်စီက ၎င်းတို့ ထိုလုပ်ရပ် ကျူးလွန်ခြင်း မရှိကြောင်း၊ အရပ်သားများကို အကာအကွယ် ပေးနေခြင်း ဖြစ်ကြောင်း တုံ့ပြန်လေ့ရှိသည်။ myanmar now

မြောင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာသား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ညဘက် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါတပ်ဟာ ‌ရေစကြိုမြို့နယ်ကနေ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ် ဖြစ်ပြီး  ဇီးကျွန်းရွာနဲ့ သနပ်ကုန်းရွာတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ သေဆုံး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ 

ဒေသခံရွာသားတယောက်က “သူတို့က ညအချိန်တွေပါ စစ်ကြောင်းထိုးတယ်။ အဲလိုစစ်ကြောင်းထိုးရင်း ရွာတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တယ်။ မနေ့ ဩဂုတ်လ ၃၁ ရက်နေ့ ညဦးပိုင်းက ဇီးကျွန်းကျေးရွာကို အကြောင်းမဲ့ လက်နက်ကြီးနဲ ပစ်ခတ်ခဲ့တယ်ဗျ။ အဲ့ရွာက ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ၆ ဦး ဒဏ်ရာရတယ်။ အဲရွာပြီးတော့ သနပ်ကုန်းကျေးရွာကို သန်းခေါင်အချိန်မှာ ထပ်ဝင်ပြီး လက်နက်ကြီးနဲ့ ထပ်ပစ်ခတ်တယ်။ အဲ့မှာ ရွာသား ၁ ဦး သေဆုံးတယ်၊ ၅ ဦး ဒဏ်ရာထပ်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာတွေဟာ လတ်တလောမှာတော့ မြောင်မြို့နယ် မြစ်သာရွာမှာ တပ်စွဲထားပြီး ပစ်ခတ်နေတာကြောငင့် နနွင်းကိုင်းရွာ၊ မြစ်သာရွာ၊ ပရိမ္မရွာအပါအဝင် ၁၀ ရွာထက်မနည်းက ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြောင် MUA အဖွဲ့ခေါင်းဆောက် ကိုတိုက်ဂါးက “စစ်ကောင်စီတပ်က ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျောက်ရစ်ရဲစခန်းကို သိမ်းမယ်လို့ သတင်းအမှားရပြီး အခုလို စစ်ကြောင်းထိုးနေတာ ဖြစ်နိုင်တယ်ဗျ။ ကျနော်တို့အဖွဲ့အနေနဲ့ ကျောက်ရစ်စခန်းကို တိုက်ဖို့ရာ အစီအစဉ်လည်း မရှိဘူးဗျ။ ဒါဟာ သတင်းအမှားပါ။ ကျနော်တို့အနေနဲ့ မဆိုင်တဲ့ ပြည်သူတွေကို အခုလိုမလုပ်ဘဲ ကျနော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ဒေသတွင်းမှာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ အများအပြားဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်တာမရှိတော့လို့ ပျက်စီးဆုံးရှုံးတာတွေ အများအပြား ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

စစ်ကောင်စီမှ ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာပြီးနောက် စက်သုံးဆီစျေးပြန်ကျ‌

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဟုကြေညာပြီးနောက် စက်တင်ဘာ ၁ ရက်၌ စက်သုံးဆီစျေးနှုန်းများ ပြန်ကျနေသည်ဟု သိရသည်။

စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များအား နိုင်ငံခြားငွေစျေးကွက်မှ တစ်ဆင့် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၃၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

” ဆီဈေးတက်ပြီး ပြန်ကျတဲ့ရက်တွေမှာ ဒီနေ့စံချိန်တင်ကျတယ်လို့ပြောလို့ရတယ်။ နောက်ရက်တွေမှာ ဒီထပ်ပိုကျနိုင်တယ်။ ဒါပေမဲ့ အတက်ဘက်ကိုပြန်ပြီးရောက်မှာမို့ ကျရိပ်ပြတယ်ဆိုရင်တော့ ဘာမှမထူးဘူး” ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

ယနေ့စက်တင်ဘာ ၁ ရက်နေ့ တွင် ၉၂ တစ်လီတာလျှင် ၂,၃၇၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၄၄၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၃,၁၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃,၂၂၅ ကျပ်အထိ ကျဆင်းသွားခြင်းဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၃၁ရက် ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ကြည့်လျှင် ၉၂ နှင့် ၉၅ တစ်လီတာလျှင်၂၃၀ ကျပ်စီနှင့် ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၁၀၅ ကျပ်စီ ကျဆင်းသွားသည်။

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု စကစမှ ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ mizzima

လောင်းလုံးတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၏နေအိမ်ကို ပျူစောထီးအဖွဲ့က ဓားပြတိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာမှာ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်တလုံးကို သြဂုတ် ၃၁ ရက်၊ ည ၉ နာရီခွဲလောက်က ဓားပြဝင်တိုက်ပြီး ရွှေထည်နဲ့ ငွေသားတချို့ ယူသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

ပျူစောထီးအဖွဲ့​ခေါင်းဆောင် ဦးချစ်စန်းမောင် ဦးဆောင်တဲ့ ကျောက်နီမော်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၁၀ ယောက်ကျော်က ​ဆိုင်ကယ် ၅ စီး၊ ကားငယ်တစီးနဲ့ ရွာထဲဝင်လာပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ဦးမောင်သိန်းဝင်း နေအိမ်ထဲကို တံခါးဖျက်ဆီး ဝင်ရောက် ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။

ဓားပြတိုက်ခံရတဲ့ မိသားစုနဲ့ နီးစပ်တဲ့ ရွာခံတယောက်က “အိမ်ထဲရောက်တာနဲ့ လူတွေကို သေနတ်နဲ့ချိန်တယ်။ ပြီးရင် သူတို့က PDF အဖွဲ့ဆိုပြီး ပြောတယ်။ ကိုယ်မှာဝတ်ထားတဲ့ လက်ဝတ်လက်စားတွေရော ဗီရိုထဲက ရွှေနဲ့ ပိုက်ဆံတွေပါ ယူသွားတာ” လို့ ပြောပါတယ်။

ပျူစောထီးတွေက အဲဒီလို ဓားပြဝင်တိုက်စဥ် သေနတ် ၁၀ ချက်လောက် ပစ်ဖောက်ခဲ့တာရှိပြီး ပတ်ဝန်းကျင်က နေအိမ်တွေကိုလည်း ကိုယ်နဲ့မဆိုင်ရင် ဝင်မပါကြဖို့ နာမည်တပ်ခေါ် အော်ဟစ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဓားပြတိုက်ခံရလို့ နေအိမ်ရှိ ရွှေ ၃၀ ကျပ်သားနဲ့ ငွေသား ကျပ် သိန်း၁၀၀ လောက် ပါသွားတယ်လို့ ရွာခံတချို့ ပြောကြပေမဲ့ ဆုံးရှုံးမှုတန်ဖိုးနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိပါဘူး။

ညောပြင်ကျေးရွာကနေ ၃ မိုင်လောက်သာဝေးတဲ့ ကျောက်နီမော်ကျေးရွာမှာ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၂၀ နီးပါးရှိပြီး ငါးဖမ်းလှေတွေမှာ ဆက်ကြေးကောက်တာ၊ ရွာထဲ လောင်းကစားဝိုင်းထောင်ပြီး ပိုက်ဆံကောက်တာတွေ ပြုလုပ်လေ့ရှိတဲ့အပြင် လမ်းသွားလမ်းလာတွေကိုလည်း မကြာခဏ တားဆီးစစ်ဆေးလေ့ ရှိပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ အခုနှစ် ဧပြီလနောက်ပိုင်း နေအိမ် ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် အနည်းဆုံး ၇ ကြိမ်လောက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကတော့ အဲဒီဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး တစုံတရာ စုံစမ်းစစ်ဆေးတာမျိုး လုပ်လေ့မရှိပါဘူး။ DVB

နမ့်စမ်လေတပ်မှ တပ်ကြပ်စာရေး ချမ်းငြိမ်း မြန်မာ့ဩဘာပေါင်းဆေးသောက်ပြီး ဆေးရုံတွင် သေဆုံး၊ အရာရှိက စာရင်းလိမ်ခိုင်းမှု မနိုင်နင်းဖြစ်ရာမှ ပြဿ နာတက် သေဆုံးခဲ့ခြင်းဖြစ်ဟုဆို

ရှမ်းပြည်နယ်၊ နမ့်စမ် လေတပ်မှ တပ်ကြပ်စာရေး ချမ်းငြိမ်းသည် ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်း မြန်မာ့ဩဘာ ပေါင်းဆေးသောက်ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်များနှင့်ဒေသခံများထံမှ သိရှိရသည်။

“ဖြစ်တာက မနေ့ညနေခင်းက ဖြစ်တာ။ လေတပ်ထဲမှာ ဖြစ်တာ။ ဩဘာဆေးသောက်ပြီးတော့ သူ့ကို ဆေးရုံပို့တယ်။ အောင်ပန်း စစ်ဆေးရုံကို ပို့တာ။ ညသန်းခေါင်လောက်မှာ ဆုံးသွားတယ်။ ပြသနာဖြစ်တာက တပ်တွင်းမှာဖြစ်ကြပြီး တပ်တွင်းမှာပဲ ဩဘာဆေးသောက်လိုက်တာ။ နှစ်ရစ်နဲ့ တပ်ကြပ်စာရေး။ လေတပ် စစ်ခွေးကြီးတကောင် က တွေ့ကရာစားပြီး စာရင်းလိမ်ခိုင်းတာ စာရင်း မနိုင်လို့ ပြဿနာတက်တာလို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

တပ်ကြပ်စာရေး ချမ်းငြိမ်း၏ မိသားစုသည် တပ်တွင်းမနေဘဲ အပြင်တွင်နေထိုင်ကြောင်း၊ မိသားစုနှင့်လည်းပြဿနာ တစ်စုံတစ်ရာမရှိကြောင်း၊ အိမ်ထောင်ရေးပြဿနာလည်းမရှိသည့်အပြင် စီးပွားရေးပြဿနာလည်း မရှိကြောင်း၊ တပ်တွင်း စာရင်းပြဿနာကြောင့် နောက်ဆက်တွဲ ဖြစ်လာခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရှိရသည်။ khit thit

ရွှေလုပ်ငန်းရှင်များအသင်းမှ ကျပ်သိန်း ၂၀ ဖြင့် ဈေးကွက်စဖွင့်သော်လည်း ​ပြင်ပရွှေဈေး ကွက်တွင် မွန်းလွဲပိုင်းအချိန်ထိ ဈေးကွက်မဖွင့်

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့ စက်တင်ဘာလ ၁ရက် မနက် ၁၀နာရီတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း၂,၀၀၁,၀၀၀ (ကျပ်သိန်းနှစ်ဆယ့်တစ်ထောင်)ဖြင့် ဈေးကွက်စ ဖွင့်ခဲ့သည်။

သို့သော် ပြင်ပရွှေစျေးကွက်တွင် ယနေ့ စက်တင်ဘာလ ၁ရက်နေ မွန်းလွဲ ၁နာရီအချိန်အထိ ဈေးကွက်ဖွင့်ခြင်း မရှိသေးကြောင်း သိရသည်။

ယခင်ရက်များတွင် ပြင်ပရွှေစျေးကွက်ရှိ နာမည်ရရွှေဆိုင်အချို့​၏ တရားဝင် Viber Group များနှင့် Telegram Group စသည့် အွန်လိုင်းပလက်ဖောင်းများတွင် ရွှေဈေးနှုန်းများအား အချိန်အလိုက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့ မွန်းလွဲပိုင်းအထိ ဈေးကွက်ဖွင့်ခြင်းမရှိသလို၊ မည်သည့်ပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်ကြသည်ကို မသိရှိရသည့်အတွက် မဇ္ဈိမအနေဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းရာ ” ရွှေဈေးနှုန်းကို ဖုန်းကနေ မဖြေကြားနိုင်ကြောင်း” ရန်ကုန်မြို့ရှိ နာမည်ရရွှေဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

ထပ်မံ၍ နာမည်ရရွှေဆိုင်တစ်ခု​၏ ရွှေဈေးနှုန်းများတင်ပေးသည့် Viber ဖုန်းနံပါတ်မှတစ်ဆင့် “ယနေ့ရွှေဈေးနှုန်းသိပါရစေ” ဟု မေးမြန်းခဲ့ရာ အဆိုပါစာအားဖတ်ရှုပြီးနောက် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ယမန်နေ့ ဩဂုတ်လ ၃၁ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၃၅သိန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီးနောက် အဆိုပါဈေးနှုန်းဖြင့် အရောင်းသာရှိခဲ့ပြီး ဝယ်ယူခြင်းမရှိကြောင်းလည်း သိရသည်။

“မနေ့က ရွှေဈေးက ၃၅သိန်းအထိဈေးပေါက်တယ်ကြားတယ်။ ဒါပေမဲ့ ညနေပိုင်းမှာ ၃၂သိန်းအထိကျသွားတယ်။ ဒီနေ့ ဈေးကွက် စမဖွင့်ကြရင် မနက်ဖြန်တော့ ဈေးကွက်ဖွင့်ကြမယ်ထင်ပါတယ်။ တချို့ကလည်း ရွှေဈေးပြန်ကျမှာကိုစိုးရိမ်နေတဲ့သူတွေကရှိနေတယ်” ဟု ရွှေဈေးနှုန်း မတည်ငြိမ်မှုကြောင့် သုံးလကျော် အရောင်းအဝယ်ရပ်နားထားသည့် ရွှေလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုဖြေကြားသည်။

စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက် လုပ်ငန်းကော်မတီက ရွှေလုပ်ငန်းရှင်များအား ဩဂုတ်လ ၂၇ ရက်က ခေါ်ယူတွေ့ဆုံကာ ရွှေလုပ်ငန်းရှင်များအနေဖြင့် ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန် ပြောဆိုထားကြောင်းသိရသည်။ mizzima

မြဝတီ-ဝေါလေကားလမ်း ကျော်ဝါးဘိုးဘုရားကုန်းအနီး စစ်ကောင်စီတပ်ဖွဲ့ကို Cobra နှင့် Federal wings အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ တပ်မဟာ ၆ အုပ်ချုပ်နယ်မြေ၊ မြဝတီ-ဝေါလေကားလမ်း ကျော်ဝါးဘိုးဘုရားအနီး ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းတပ် ကော်ဘရာစစ်ကြောင်းနှင့် Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်သည့် ဗီဒီယိုကို Federal Wings အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

အဆိုပါရုပ်သံတွင် ကျော်ဝါးဘိုးဘုရားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို မည်သည့်နေရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။

ဩဂုတ်လ ၂၈ ရက် ညသန်းခေါင်တွင်လည်း ကော်ဘရာစစ်ကြောင်းနှင့် Federal Wings တို့က ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်မှ အရာရှိ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

မြဝတီ-ဝေါလေကားလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က စိုးမိုးနိုင်ရန် တပ်ရင်း ၁၇ ရင်းဖြင့် နှစ်လကျော်ကြာ ထိုးစစ်ဆင်နေပြီး ယခုတိုင် ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။

ကော်ဘရာစစ်ကြောင်း ထိန်းချုပ်ထားရာ မြဝတီ-ဝေါလေကားလမ်းရှိ သုံးထပ်ကွေ့ကို အကြမ်းဖက်စစ်တပ်က ကြည်းကြောင်း၊ လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိတွင် ကျော်ဝါးဘိုးဘုရားအနီး အကြမ်းဖက်စစ်တပ်က တပ်စွဲထားခြင်းဖြစ်သည်။

ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မြဝတီ-ဝေါလေကားလမ်း သရက်တစ်ပင် ဂိတ်အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ ကျော်ဝါးဘိုးကုန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ khit thit

« Older Entries