Monthly Archives: Sep 2022

၂ လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးဟု CNDFထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ချင်းအမျိုးသားကာကွယ်ရေးချုပ်တပ်ဖွဲ့(CNDF)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ၂ လကြာတိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (C NO/CNDF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ် နှစ်လတွင်း စစ်ကောင်စီတပ်နဲ့ CNDFပူး‌ပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ၁၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် က သေဆုံးသူ ၁၃၃ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကတော့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားကာ ကွယ်ရေးအဖွဲ့ချုပ်က ဆိုပါတယ်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့်  စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲမကြာခဏဖြစ်နေပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။ DVB

အကယ်ဒမီ မီးလင်းရွှေ သိန်း ၃၁ နီးပါး ၊ တစ်ဒေါ်လာ ၃၅၀၀ ဝန်းကျင် စျေးပေါက်

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၉ သိန်းနီးပါးဖြင့်လည်းကောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၀၀ ဝန်းကျင်ဖြင့်လည်းကောင်း စျေးဖွင့်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သား သိန်း ၃၀ ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာ ၃၂၀၀ နှင့် ၃၃၀၀ ကျပ်အကြား စျေးအနည်းငယ် အပြောင်းအလဲဖြစ်ပေါ်လာကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် မီးလင်းရွှေစျေး ၃၁ သိန်း၊ ဒေါ်လာစျေး တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင် စျေးအပြောင်း အလဲဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က ရွှေစျေးနှုန်းသည် သိန်း ၃၀ ဝန်းကျင်၊ အမေရိကန်ဒေါ်လာစျေးမှာမူ ငွေကျပ် ၃၅၀၀ ဝန်းကျင် စျေးပေါက်ခဲ့ပြီး ယနေ့တွင်မူ အခေါက်ရွှေတစ်ကျပ်သား ၂၉ သိန်း နီးပါး၊ အမေရိကန်တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင် စျေးပေါက် နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်တွင်းရွှေစျေးကျတာက နှစ်ချက်။ တစ်ခုက ကမ္ဘာ့စျေးကျတယ်။ ကမ္ဘာ့စျေးက ရွှေတစ်အောင်စကို ဒေါ်လာ ၁၆၉၅ လောက်အထိကို မနေ့က ကျတယ်။ အခု ရွှေတစ်အောင်စ ဒေါ်လာ ၁၇၀၁ ပြန်တက်လာနေတယ်။ နောက်တစ်ခါ ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်နှုန်းမှာ ဒေါ်လာတန်ဖိုး နည်းနည်းကျတယ်။ အဲဒီတော့ မြန်မာ့ရွှေစျေးက ကျသွားတယ်။ ၂၉ သိန်း အောက်မှာပဲရှိတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက မနက်ပိုင်းတွင် ရန်ကုန်ခေတ်သစ်ထံသို့ ပြော သည်။

လက်ရှိတွင် မြန်မာကျပ်ငွေနှင့် ဒေါ်လာ လဲလှယ်နှုန်းထားမှာ တစ်ဒေါ်လာလျှင် ၃၂၀၀ ကျပ်မှ ၃၃၀၀ အကြား စျေးနှုန်း ရောင်းသူ၊ ဝယ်သူ ညှိနှိုင်းရောင်းဝယ်ကြကြောင်း၊ ပမာဏ များများ ဝယ်လိုသူရှိသော်လည်း ရောင်းသူ နည်းပါးကြောင်း ရန်ကုန်ဒေါ်လာဝယ်ရောင်းသမားက ပြောသည်။

“ဒေါ်လာက အခုက ၃၃၀၀ တစ်ပတ်ချာလည်ပဲ။ စျေးဖွင့်တာ။ အရောင်းအဝယ်ကတော့ အများကြီး လာထုတ်ရောင်း တာမျိုးတော့ မရှိဘူး။ ပစ္စည်းရရင် ပေးပါ ဝယ်မယ်ဆိုတာမျိုး အမှာတော့ တက်တယ်။ ကြိုကြိုကြားကြား ဝယ်တာက လေယာဉ်လက်မှတ်ဝယ်မယ့်သူ ၊ စားမေးပွဲဖြေမယ့် ကျောင်းသားကျောင်းသူတွေ ဝယ်ကြတယ်။ နိုင်ငံခြား ထွက်မယ့်သူပေါ့။ များများစားစား ရင်းနှီးမြှုပ်နှံတဲ့ဟာမျိုးတွေအတွက်တော့ ပစ္စည်းမရှိဘူး” ဟု ရန်ကုန် ဒေါ်လာဝယ်ရောင်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရောင်းချပေးမည်ဟုလည်းကောင်း၊ ရွှေဒင်္ဂါးများ ရောင်း ချ ပေးမည်ဟု လည်း ကောင်း ကြေညာ ချက်များ ဆက်တိုက်ဆိုသလို ထုတ်ပြန်လျက်ရှိသည်။khit thit

မောင်တောမြောက်ပိုင်းတွင် စစ်ရေးပြင်းထန်နေပြီး ဒေသခံ ၁,၀၀၀ ​ကျော် ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှာ  စစ်ကောင်စီတပ်က  အထူးစစ်ဆင်ရေး ပြုလုပ်သွားဖို့ ရှိတဲ့အတွက် ကျေးရွာ ၂၀ ကျော်က ရွာသားတွေ ၁၀၀၀ ကျော်လောက်  နေရပ်စွန့်ခွာ ထွက်ပြေးလာကြပြီး အကူအညီ‌တွေ လိုအပ်နေပါတယ်။

၃ မိုင် ပရဟိတဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ မင်းကြီးရွာကျေးရွာကနေ ထွက်ပြေးလာတဲ့ အဘွားအိုတယောက်က “လက်နက်ကြီးက ကြိမ်ချောင်း စခန်းကြီး ၃ လုံးပစ်တာမှာ တလုံး ရွာအနားကိုကျပြီး အဘွားအိုတဦး သေဆုံးသွားပါတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုပြီး ထွက်ပြေးလာကြတာပါ။ တိုက်ပွဲက ပြင်းထန်လာဖို့ အခြေအနေ ရှိနေပါတယ်” လို့ ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ ကျေးရွာတွေမှာ ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ သက်ကိုင်ညာ၊ နန်ရာကိုင်း၊ တမန်းသား၊ ခုံတိုင်၊ သစ်တုံးနားခွဆုံ၊ ငါးခူရ၊ စံပယ်ပင်ရင်း၊ ခြံပြင်၊ ကြိမ်ချောင်း၊ မင်းကြီးရွာ၊ ရွက်ညိုးတောင်၊ ကြောင်နဘေ၊ ဝေလာ၊ သုပ္ပဏက စတဲ့ကျေးရွာတွေက ထွက် ပြေးလာကြတာလည်း ဖြစ်ပါတယ်။

ခမောင်းဆိပ်ကျေးရွာမှ အသက် ၆၀ အရွယ် အမျိုးသားကြီးတယောက်က “မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာနားမှာ လေယာဥ်နဲ့ ဗုံးကြဲနေတယ်။ လက်နက်ကြီးက နေ့တိုင်း နေ့ရောညပါ ပစ်နေတယ်။ တိုက်ပွဲပြင်းထန်လာပြီး လမ်းတွေပြန်ပိတ်ရင် ထွက်ပြေးဖို့ မလွယ်နိုင်ပါ။ စားနပ်ရိက္ခာတွေလည်း ယူသွားလို့မရ။ နောက် ဘာတွေဖြစ်လာမလဲ မပြောတတ်ပါ။ အဲ့ဒါကြောင့် အခုလို စစ်ဘေးရှောင်နေတာပါ” လို့ ပြောပါတယ်။

လက်ရှိ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ မောင်တောမြို့ပေါ်ရှိ ဆွေမျိုးတွေနဲ့ စစ်တွေ၊ အစရှိတဲ့ မြို့တွေကို ထွက်ပြေးခိုလှုံနေကြပြီး ဆွေမျိုးမရှိတဲ့ ဒုက္ခသည် ၂၀၀ လောက်ကတော့  မောင်တော ၃ မိုင် ပရဟိတကျောင်းရှိ ဓမ္မာရုံနဲ့ ရွှေတောင်ကျေးရွာမှာ လူဦးရေ ၁၀၀ ကျော် စစ်ဘေးခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်နေပြီး ခမောင်းဆိပ်မြို့အနီးရှိ စစ်ဗျူဟာကုန်းနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြား မှတ် တိုင်အမှတ် ၄၀ အနီးရှိ စစ်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က သြဂုတ် ၃၁ ရက်မနက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ DVB

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ​နေပြည်​တော်အချုပ်​ထောင်အတွင်းရှိ အထူးတရားရုံးက ​အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်စီ ထပ်မံချမှတ်လိုက်​ကြောင်း တရားရုံးနှင့် နီးစပ်သူများက​ပြောသည်။

၎င်းတို့နှင့်အတူ ပူးတွဲစွဲဆိုခံထားရသည့် NLDအစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကိုလည်း ထောင်ဒဏ်သုံးနှစ် ကျခံ​စေရန် ဇမ္ဗူသီရိမြို့နယ်တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိချမှတ်နိုင်သည့် ပုဒ်မ ၁၃၀(က)ဖြင့် စွဲဆိုထားသည့် အဆိုပါအမှုကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်စစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ယခုအမှုကို အယူခံဆက်တက်မည်ဖြစ်​ကြောင်း တရားရုံး

နှင့်နီးစပ်သူတစ်ဦးက​ပြောသည်။

စွပ်စွဲခံရသူ သုံးဦးသည် ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာလွှမ်းမိုးခဲ့သည်ဆိုသည့် တရားလိုဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၏ စွဲချက်နှင့် ပတ်သတ်ပြီး “အပြစ်မရှိကြောင်း “ စွပ်စွဲခံရသူ သုံးဦးစလုံးက ငြင်းဆိုခဲ့ကြသည်။

စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး တရားလိုဘက်က သက်သေအထင်အရှားပြသနိုင်ခြင်းမရှိသည့်အတွက် စွပ်စွဲခံရသူများကို အပြစ်မပေးသင့်ကြောင်း ၎င်းတို့၏ ရှေ့နေအဖွဲ့က ဩဂုတ်လ ၂၆ရက်နေ့ရုံးတွင် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး တစ်ပတ်အကြာတွင် အပြီးသတ်အမိန့်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးပုဒ်မ ၂၅ဖြင့်နှစ်မှု၊ ပုဒ်မ ၅၀၅(ခ)၊ ပို့ကုန်၊ သွင်းကုန်ဉပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၅ဖြင့် ငါးမှု စသည့်အမှုများအတွက် ထောင်ဒဏ် ၁၇နှစ် ကျခံ​နေရသည်။ ထို့ကြောင့် လက်ရှိအမှုအပါအဝင် အမှု​ပေါင်း ၁၁မှုအတွက် ထောင်ဒဏ် စုစုပေါင်း အနှစ် ၂၀ အထိရှိလာပြီး အမှုပေါင်း ရှစ်မှုကို ဆက် လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့်လည်း သဘာဝဘေးပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့အတွက် ထောင်ဒဏ် နှစ်နှစ်ကျခံ​နေရကာ ရဟတ်ယာဉ်ကိစ္စဖြင့်စွပ်စွဲထားသည့် အဂတိအမှုငါးမှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ထို့အပြင် အဂတိအမှုအပါအဝင် အမှုလေးမှုဖြင့် စွပ်စွဲခံထားရသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအနေဖြင့်လည်း လွန်ခဲ့သည့်ရက်ပိုင်း ဩ ဂုတ်လ ၃၁ရက်နေ့ကပင် အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသည်။

စွပ်စွဲခံရသူသုံးဦးထဲမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့မှာ နေပြည်တော်အချုပ် ထောင်အတွင်း ထိန်းသိမ်းခံထားရပြီး သမ္မတဦးဝင်းမြင့်မှာမူ ရုံးချိန်းများသို့ စစ်ကောင်စီ ထိန်းသိမ်းထားသည့် နေရာတစ်ခုမှ လာရောက်လေ့ရှိသည်ဟု တရားရုံးနှင့် နီးစပ်သူများကပြောသည်။ mizzima

မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့် စ ခန်း ငယ် ၃၀ ခန့် ရုပ်သိမ်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ သြဂုတ်လဆန်းပိုင်းကစပြီး စက် တင်ဘာ ၁ ရက် ဒီနေ့အထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေရာမှာ နယ်ခြား မှတ်တိုင်အမှတ် ၄၀ စစ်စခန်းကျသွားပြီးနောက် မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့် စခန်းငယ် ၃၀ လောက် ရုပ်သိမ်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မောင်တောဒေသခံတဦးက “အောင်မင်္ဂလာကျေးရွာက စခန်းတောင်မရှိတော့ဘူး။ မောင်တောမြောက်ပိုင်းက နယ်ခြားစောင့် တပ်စခန်းငယ် ၃၀ လောက် အင်အားနည်းတာကြောင်း နောက်ဆုတ်ပေးလိုက်ရတယ်လို့သိရတယ်။ မောင်တောက ကြိမ်ချောင်း တလျှောက် လမ်းတွေမှာ  အေအေက စစ်ဆေးရေးတွေ လုပ်နေ​ကြတယ်။”လို့ ဆိုပါတယ်။

ကျန်နေတဲ့ နယ်ခြားစောင့်စခန်းတွေမှာတော့ စစ်ကောင်စီတပ်က တာဝန်ယူ လုံခြုံရေးချထားတယ်လို့  မျင်မြင်ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်းချောင်းကနေ ဘူးသီးတောင် ဂုတ်ပိကျေးရွာသွားလမ်း ဂြစ်ချောင်းကျေးရွာအနီးမှာတော့ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီကျော်မှာ အေအေက ပစ်လိုက်တဲ့ လက်နက်ကြီး​ထိမှန်ပြီး စစ်ကောင်စီတပ် နခခ (၇) က စစ်သား တယောက် သေဆုံးသွားတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

“ညနေ ၄ နာရီကျော်လောက်မှာ အပစ်ခံရတာ။ ဂြစ်ချောင်း မြိုရွာနားမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတဦး ကျဆုံးပြီး နခခရ (၇) ကိုသယ်ယူသွားတယ်။”

လက်ရှိ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်အလွန်မှ ကြိမ်ချောင်းတလျှောက်အထိ  အေအေတပ်တွေက စစ်ဆေးနေပြီး  ဂိတ်တွေပါ ဖွင့်လာနိုင်ဖို့ကြိုးစားနေတယ်လို့ အေအေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့အနီးရှိ စစ်ဗျူဟာကုန်းနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြား မှတ်တိုင်အမှတ် ၄၀ စစ်စခန်းကို သြဂုတ် ၃၁ ရက်မနက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ကြေညာထားပါတယ်။

အေအေအဖွဲ့ရဲ့ မတန်တဆများပြားတဲ့ အင်အားအလုံးအရင်းနဲ့ အလစ်အငိုက် ရယူတိုက်ခိုက်ခဲ့လို့ နယ်ခြားမှတ်တိုင်အမှတ် ဘီပီ- ၄၀ ရှိ  စခန်းကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့ရကြောင်းနဲ့ အဆိုပါစခန်းအား ပြန်လည် သိမ်းပိုက်ရရှိရေး ဆက် လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။ DVB

ရေနံချောင်းမှ CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုး အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချခံရ၊ မန္တလေး သပိတ်အဖွဲ့ဝင် ၄ ဦးလည်း ထောင် ဒဏ် များ ချမှတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှ CDM ကျောင်း ဆရာမ ဒေါ်စန္ဒာမိုးကို ဩ ဂုတ်လ ၃၁ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရကြောင်း မိတ်ဆွေများနှင့် ပညာရေးအသိုင်းအ၀ိုင်းက ပြော ဆိုသည်။

CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးကို PDF တွေကိုထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းသွားခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် လူမှုရေး မကျေနပ်ချက်ဖြင့် တိုင်ကြားမှု ကြောင့် အချုပ်ထဲတွင် ၃ ရက်နေပြီး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် တွင်မူ PDF ထောက် ပံ့သည်ဆိုသော သတင်း ပေးတိုင်ကြားမှုဖြင့် အဖမ်းခံရပြီး ထောင်ဒဏ် ၃ နှစ်နှင့် အလုပ်ကြမ်း ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးသည် မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး လက်ရှိတွင် မကွေးဒေါင်းနေအကျဉ်းထောင်တွင် ထောင်သွင်းအကျဉ်း ကျခြင်းခံထားရကြောင်း သိရှိရသည်။

အလားတူ မန္တလေး သပိတ် အင်အားစု အဖွဲ့ဝင် ကိုကျော်သီဟစိုးကို အကြမ်း ဖက် စစ်အုပ်စုက သြဂုတ်လ ၃၁ ရက်နေ့တွင်ထောင်တွင်း တ ရား ရုံး၌ ရုံးထုတ်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်​ခဲ့ကြောင်း မန္တလေး သပိတ် အင်အားစုများထံမှ သိရသည်။

ကိုကျော်သီဟစိုးသည် မန္တလေးတက္ကသိုလ် မြန်မာစာ မေဂျာ ဒုတိယနှစ် ကျောင်း သားတစ်ဦးဖြစ်ပြီး အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်အထိ မန္တလေးမြို့ မြေပြင် သပိတ် တိုက်ပွဲများတွင် တက်ကြွစွာ ဦးဆောင် ပါဝင်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရခြင်း အပြင် ပုဒ်မ ၅၀၅ အမှုအတွက်ပါ ထပ်မံ ရင်ဆိုင်နေရကြောင်း သိရသည်။

မန္တလေး သပိတ်အင်အားစု အဖွဲ့ဝင်များဖြစ်ကြသည့် ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနှင့် မဂျာဆိုင်းအောင်(၃)ဦးကိုလည်း စက်တင်ဘာ ၁ ရက်နေ့တွင် ထောင်တွင်းတရားရုံး၌ ထောင်ဒဏ် ၃ နှစ် စီချမှတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါများ အနေဖြင့် မန္တလေး သပိတ် အင်အားစု အဖွဲ့ဝင်များအား မတရားသော အမိန့်များဖြင့် ထောင်ဒဏ် ချမှတ်မှုအပေါ် မန္တလေးသပိတ် အင်အားစုမှ အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသား သူရဲကောင်းများနှင့် အကျဉ်းချခံ ဓမ္မဘက်တော်သား များအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် မန္တလေးသပိတ်အင်အားစုက လေးနက်စွာတောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်။ khit thit

ဧရာဝတီတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး ရန်ကုန်မြို့၌ ဖမ်းဆီးခံရ

ဧရာဝတီတိုင်းအတွင်းက မြို့ပြပြောက်ကျားတော်လှန်ရေးမစ်ရှင်တွေ လုပ်ဆောင်နေတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦး ရန်ကုန်တိုင်း၊ အလုံမြို့ နယ်မှာ ဩဂုတ် ၃၁ ရက်နေ့ ညပိုင်းက ပစ်ခတ်ဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

တိုက်ခန်းကို စစ်ကောင်စီတပ်သားတွေ ဝင်ဖမ်းချိန်မှာ မအူပင်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ သေမင်းလက်ရာအဖွဲ့က တာဝန်ရှိသူအပါအဝင် ၅ ဦးလောက် ဖမ်းဆီးခံလိုက်ရတာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။ 

“သူတို့ပုန်းနေတဲ့ တိုက်ခန်းကို ဝင်စီးတဲ့ပုံစံမျိုးပေါ့။ အောက်ကနေသေနတ်တွေနဲ့ပစ်ပြီး တံခါးသော့ဖျက်ဝင်ဖမ်းတာ အားလုံး ၅ ယောက်လောက်ပါသွားတယ် ကြားတယ်။ မအူပင်သေမင်းလက်ယာတာဝန်ရှိသူကတော့ သေချာတယ်၊ ကျန်တဲ့သူတွေကတော့ မသိသေးဘူး။”

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးမှုကြောင့် မအူပင်မြို့ သေမင်းလက်ရာအဖွဲ့တာဝန်ရှိသူအပြင် ဖျာပုံနဲ့ ကျိုက်လတ်က တော်လှန်ရေးတပ်ဖွဲ့ဝင်ပါ ဖမ်းဆီးခံရတယ်လို့ သတင်းရထားပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ပုန်းခိုနေတဲ့ တိုက်ခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်းချိန်မှာ သေနတ် ၉ ချက်ထက်မနည်းပစ်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမျိုးလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

အလုံမြို့နယ်ရှိ တိုက်တစ်တိုက်အား ဧည့် စာ ရင်းစစ်ရာမှ လူငယ်အချို့ ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းလမ်းနှင့်ငုဝါလမ်းထောင့်ရှိ တိုက်တစ်တိုက်အား သြဂုတ်လ ၃၁ ရက်နေ့က ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ရာမှ ပစ်ခတ်သံများလည်းထွက်ပေါ်ခဲ့ပြီး အဆိုပါနေ့က လူငယ်အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်သည့်ညတွင် ၎င်းတိုက်အား စစ်ကောင်စီတပ်နှင့် ရဲများက အင်အားအများအပြားဖြင့် ဝိုင်းထားကာ အချိန်အတော်ကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာမှ ပစ်ခတ်ဖမ်းဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်းကို ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ငါးလွှာ၊ ခြောက်လွှာကို ပစ်တာ၊ ပိတ်ပြီးဖမ်းတာ၊ ဒလန်ကြောင့်၊ သေတယ်လည်းပြောသလို မသေဘူးလည်းပြောကြတယ်၊ အဖမ်းခံရတဲ့သူတွေတော့ရှိတယ်။” ဟူ၍ဖြစ်သည်။

အဖမ်းခံရသူများ၏ နောက်ဆက်တွဲ သတင်းအချက်အလက်များကို အတိအကျမသိရှိရသေးသော်လည်း ဖြစ်စဉ်ကြောင့် သုံးဦးမှ ခြောက်ဦးအထိ အဖမ်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ဖမ်းဆီးမှုများကြောင့် တိုက်ခေါင်မိုးပေါ်တက်ကာ ပုန်းရှောင်သည့် သူလည်းရှိသလို နောက်ဖေးလမ်းကြားထဲ ခုန်ချသွားသူများလည်းရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပေ။

ထို့နောက်တွင်မူ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံအဖွဲ့များက ဆင်မင်းလမ်းနှင့် ငုဝါလမ်းနောက်ဘက်ရှိ ရထားသံလမ်းတွင်လည်း ရှာဖွေမှုများပြုလုပ်ခဲ့သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပေါ်နေချိန် သြဂုတ်လ ၃၁ ရက်ညပိုင်းက မြို့နယ် ရှစ်ခုကျော်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သလို အခြားသောမြို့နယ်များတွင်လည်း တစ်ကျော့ပြန် ဧည့်စာရင်းစစ်ဆေးမှုများအား ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ mizzima

တရက်တည်း ကိုဗစ်အတည်ပြုလူနာသစ် အယောက် ၉၀ ကျော်တွေ့ရှိ၊ ၁ ဦးထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၉၀ ကျော် ထပ်မံပြီးတော့ စံချိန်တင်စစ်ဆေးတွေ့ရှိခဲ့ရပြီး အဲဒီထဲက ၉၃ ဒသမ ၆ ရာခိုင်နှုန်းက ပြည်တွင်း ကူးစက်ဖြစ်ပွားသူတွေ ဖြစ် တယ်လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၄၃၉ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၉၄ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၁၁ ရာခိုင်နှုန်း ရှိခဲ့တာပါ။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ၁ ဦးထပ်မံသေဆုံးခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၃၉ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၅,၃၁၅ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၃,၆၅၂ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီးတယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်း လောက်တောင် မရှိတော့ဘဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်က စတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ခွဲကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက် ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ အကြမ်းဖက်စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ အသက် ၁၈ နှစ်အထက် လူဦးရေသန်း ၃၀ ကျော် ထိုးနှံပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries