Monthly Archives: Sep 2022

တိုက်ပွဲပြင်းထန်နေသော ရခိုင်တွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန် လှုံ့ဆော်

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲများဖြစ်လာရာ စစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုံ့ဆော်မှုများ ရခိုင်ပြည်နယ်အတွင်း မြင့်တက်လာသည်။ 

ဩဂုတ်နောက်ဆုံးပတ်မှ စတင်၍ စစ်တပ်ထုတ်ကုန်များဖြစ်သည့် Myanmar Beer, Andaman Gold, Black Shield စသည့် ယမကာများ၊ ပရီးမီးယား၊ ရူဘီ စသည့် စီးကရက်များ၊ ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel ဆင်းကတ်တို့ကို ရခိုင်ဒေသအတွင်း မသုံးစွဲကြရန် တက်ကြွလှုပ်ရှားသူများက လှုံဆော်လာကြသည်။

သြဂုတ် ၃၁ တွင် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်က မြန်မာစစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ (လုံးဝ) မသုံးစွဲကြရန်နှင့် ရောင်းဝယ်ဖောက်ကားမှုများလည်း မပြုလုပ်ကြရန် ထုတ်ပြန်ခဲ့သည်။

“စစ်တပ်ထုတ်ကုန်တွေကို ရခိုင်ပြည်သူတွေက အမှုမဲ့ အမှတ်မဲ့ သုံးနေကြတယ်။ သူတို့ထုတ်ကုန်ကို ဝယ်သုံးရင် ပေးလိုက်ရတဲ့ငွေတွေနဲ့ပဲ ကိုယ့်ရခိုင်ပြည်သူတွေကို သတ်ဖို့ လက်နက်တွေ၊ ကျည်တွေ ဖြစ်လာတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်” ဟု အဆိုပါကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်နှစ် နီးပါးကြာ တိုက်ပွဲ ပြင်းထန်ခဲ့သော ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ တစ်နှစ်လုံး စစ်ပွဲများ ရပ်တန့်နေခဲ့သည်။ 

သို့ရာတွင် ယခုနှစ်အစောပိုင်း ထိတွေ့တိုက်ပွဲတချို့ ရှိခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာလာကာ ဇူလိုင်နှင့် ဩဂုတ်လအတွင်း တိုက်ပွဲများပြင်းထန်လာရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သလို အရပ်သားသေဆုံးထိခိုက်မှုများရှိလာသည်။ 

ရခိုင်ပြည်သူများအနေဖြင့်  ကိုယ့်အိတ်ထဲမှ ငွေကို ဆိုးကျိုးအတွက် မသုံးရန် လိုအပ်ကြောင်း မြောက်ဦးမြို့ခံ လူငယ်တစ်ဦးက ပြောသည်။ 

“စစ်ကောင်စီဟာ ရခိုင်ပြည်ကထွက်တဲ့ ဓာတ်ငွေ့ရတဲ့ငွေတွေ၊ ရခိုင်ပြည်က တစ်နေ့တစ်နေ့ ထွက်သွားတဲ့ငွေတွေနဲ့ပဲ ရခိုင်ပြည်သူကို သတ်နေတယ်။ မြောက်ဦးမှာဆိုရင် တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ ရွာထဲကို လက်နက်ကြီး တမင်ပစ်တယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အို အမျိုးသမီးပါ သေဆုံးခဲ့ရတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပြန်အသတ်မခံရဖို့ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ရမယ်” ဟု သူက ဆိုသည်။ 

ထိုအခြေအနေတွင် စစ်တပ်ထုတ်ကုန်အမျိုးအစား အားလုံးနီးပါးမှာ ရခိုင်ပြည်နယ်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး၊ ပုံမှန်အတိုင်း သုံးစွဲမှုရှိနေကြဆဲဖြစ်သောကြောင့် အရောင်းသွက်ကြသည်ဟု ဒေသခံများ၏အဆိုအရ သိရသည်။

သို့သော် လိုင်းမမိသည့်ဒေသတွင် Mytel ဆင်းကတ်ကို အသုံးပြုကြခြင်းဖြစ်ပြီး အခြေခံလူသုံးကုန်ပစ္စည်းများမှအစ စားသောက်ကုန်လုပ်ငန်းများ၊ စက်မှုပစ္စည်းလုပ်ငန်းများ၊ ဒီဇယ်ဆီ စသည့်လုပ်ငန်းများမှာ စစ်တပ်နှင့် ဆက်နွှယ်သော ကုမ္ပဏီများဖြစ်နေသည့်အတွက် စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန်နှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြုလုပ်ရန် နှိုးဆော်ချက်မှာ မြေပြင်အခြေအနေတွင် အောင်မြင်ရန် မလွယ်ကူကြောင်း ဒေသခံတချို့က ဝေဖန်သည်။

အထူးသဖြင့် ထုတ်ကုန်ပစ္စည်းမရှိဘဲ ပြည်မမှ မှာယူနေရသည့် ရခိုင်ပြည်နယ်တွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်းမှုများကို လိုက်နာရန် ခက်ခဲသည်ဟု ဆိုကြသည်။

သို့ရာတွင် လူထု ထောက်ခံသော၊ သြဇာလွှမ်းမိုးမှုရှိသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကသာ စစ်တပ်ထုတ်ကုန်များကို လုံးဝ မသုံးစွဲကြရန်နှင့် ရောင်းဝယ်သူများကို အရေးယူမည်ဟု အမိန့်ထုတ်လျှင် ထိရောက်မှုရှိနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးသမားတစ်ဦးက ထောက်ပြသည်။

“ရခိုင်ကလူတွေက ပြည်မက ဝင်လာသမျှကို ဝယ်စားနေရတဲ့အခြေအနေဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆိုပေမဲ့ ဘင်္ဂလားဒေ့ရှ်က စားသောက်ကုန်တွေ မဝင်ဘူး။ ဆိုတော့ ကုန်သည်တွေ တင်သွားတဲ့ပစ္စည်းတွေကိုပဲ ဝယ်သုံးနေရတဲ့အနေအထား” ဟု သူက ပြောသည်။

“ဆင်းကတ်ဆိုရင်လည်း Mytel မှ နယ်မှာ လိုင်းမိတယ်။ ဘီယာဆိုရင်လည်း မြန်မာဘီယာ ရောင်းအားကောင်းတယ်။ ဒါတွေဟာ စစ်တပ်ထုတ်ကုန်လို့လည်း မသိကြဘူး။ စစ်တပ်ထုတ်ကုန်ကို မသုံးဖို့ လိုင်းပေါ်မှာသာ ပြောနေတာ တကယ့်မြေပြင်မှာ လှုံ့ဆော်တာ မရှိသေးဘူး။  

ဩဂုတ် ၃၁ က ထုတ်ပြန်လာသော ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်မှ စစ်တပ်ထုတ်ကုန် မသုံးစွဲရေးလှုံ့ဆော်ချက်တွင်“ စစ်တပ်၏ နေ့စဉ်နှင့်အမျှ ရမ်းသန်းပစ်ခတ်နေသော လက်နက်ကြီးအန္တရာယ်များ၊ ကျေးရွာအနီး ထောင်ထားခဲ့သော မိုင်းအန္တရာယ်ကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေကြေပျက်စီးရသည့်အပြင် စစ်ဘေးရှောင်ပြည်သူအရေအတွက် ယခင်ထက်ပိုမိုများပြားကာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့ရသည်ဟု ပါရှိသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ ရခိုင်ဒေသနှင့် မြန်မာနိုင်ငံအတွင်း မြန်မာစစ်တပ်၏လူမဆန်သောလုပ်ရပ်များ ရပ်တန့်စေရန် ဖိအားပေးခြင်းများကို ပိုမိုပြင်းထန်စွာလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း အဆိုပါကွန်ရက်မှ တိုက်တွန်းထားသည်။

စစ်တပ်ထုတ်ကုန်သပိတ်မှောက်ရေးနှင့် ပတ်သက်ပြီး AA က ထုတ်ပြန်ခြင်း မရှိသေးသော်လည်း AA ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက လူထု၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း Myanmar Now ကို စက်တင်ဘာ ၁ တွင် ပြောသည်။ 

“ဒီဟာကတော့ ပြည်သူတွေအနေနဲ့ သူတို့ဘာလုပ်ရမယ်ဆိုတဲ့ဟာကို သူတို့အမြင်နဲ့သူတို့ လုပ်ကြတာကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ အဓိကတော့ ရန်သူကို ကိုယ်တတ်နိုင်တဲ့နေရာကနေပြီးတော့ ပူးပေါင်းပါဝင်ပြီးတော့ တိုက်ခိုက်ဖို့ပဲ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။ 

စစ်တပ်ထုတ် အရက်၊ ဘီယာ၊ အစားအသောက် စသည်တို့ကို မသုံးစွဲရန် ၂၀၂၂ သင်္ကြန်ကာလအတွင်း ULA/AA က တားမြစ်ခဲ့သည်။

ပြည်သူများကို လူသားအဖြစ် အသုံးပြုမှု၊ နေအိမ်များကို မီးရှို့မှုတို့မှာ ရခိုင်ဒေသတွင် ပြီးခဲ့သည့် ၂ နှစ်တာစစ်ပွဲအတွင်း စစ်တပ်က ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည်။

ထို့နောက် တိုက်ပွဲရပ်နားနေချိန် ရန်ကုန်-စစ်တွေ ကားလမ်းတွင် ဂိတ်ပေါင်းများစွာချပြီး ရခိုင်ကို ဝင်လာသည့် ကားတိုင်းကို စစ်ဆေးကာ ဆေးဝါးပစ္စည်း၊ အိမ်သုံးပစ္စည်းများမှအစ ရခိုင်ပြည်နယ်စစ်ကောင်စီ၏ နယ်လုံဝန်ကြီးလက်မှတ်ပြနိုင်မှ ဖြတ်သန်းခွင့်ပြုခဲ့သည်။ 

ယင်းအကျိုးဆက်ကြောင့် ရခိုင်တွင် တခြားဒေသထက် ကုန်ဈေးနှုန်း အဆမတန်မြင့်မားသည့်ဒဏ်ကို လူထုက ခါးစည်းခံစားခဲ့ရသည်။

လက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသ၊ မေယုတောင်ကြော ရသေ့တောင်ဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ရခိုင်တောင်ပိုင်း တောင်ကုတ်အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသကဲ့သို့ စစ်ရေးအရှိန်လည်း မြင့်တက်လာလျက်ရှိနေသည်။

ရခိုင်တွင် တစ်ကျော့ပြန်စစ်ပွဲများကြောင့် ဒေသခံပြည်သူလူထု နေရပ်စွန့်ခွာရမှု ဆက်လက်မြင့်တက်နေချိန် လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုများ ပါဝင်သည့် တိုက်ပွဲများ ပေါ်ပေါက်လာသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိ ရှိ ပစ်ခတ်နေသည့်အတွက် အပြစ်မဲ့ အရပ်သားပြည်သူများ၊ လူမမည် ကလေးငယ်များပါမကျန် လက်နက်ကြီးကျည် ထိမှန်သေဆုံး နေကြရသည်ကို မြင်တွေ့နေရသည်။

တစ်ဆက်တည်း တိုက်ပွဲနှင့် နီးသည့် ကျေးရွာများမှ ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

စစ်တပ်ထုတ်ကုန်မျိုးစုံ

စစ်တပ်အာဏာသိမ်းပြီး အကြမ်းဖက်မှုကို အရပ်သား လက်နက်ကိုင် ပြန်ခုခံမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ရခိုင်ပြည်နယ်ပြင်ပတွင်မူ တော်လှန်ရေးအဖွဲ့အစည်းများနှင့်  ပူးပေါင်းကာ တစ်နိုင်ငံလုံးအနှံ့ စစ်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာချိန် မြန်မာစစ်တပ်၏ထုတ်ကုန်များကို မသုံးစွဲကြရန် ပိတ်ပင်တားဆီးမှုများလည်း ရှိနေသည်။

၂၀၂၁ နိုဝင်ဘာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီးပွားရေးနှင့် ကူးသန်းရေးရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်စီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်း ထည့်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဒဏ် အကြီးကျယ်ခံစားနေရသော စစ်ကိုင်းတိုင်း၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ ချင်းပြည်နယ် အပါအဝင် ဒေသအနှံ့အပြား၌ ဦးပိုင်ထုတ် ယမကာ၊ ဆေးလိပ်မျိုးစုံနှင့်  အာဏာသိမ်းစစ်ခေါင်းဆောင် အစုရှယ်ယာ ပါဝင်သည့် Mytel ဆက်သွယ်ရေးလုပ်ငန်းတို့ကို အဓိက သပိတ်မှောက်ခဲ့ကြသည်။

စစ်တပ်သည် လူ့အသုံးအဆောင်ပစ္စည်း အောက်ခြေသုံး ဆပ်ပြာမှစ၍ စားသောက်ကုန်၊ ကျန်းမာရေးနှင့် အလှအပရေးရာ၊ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိနေသည်။

အာဏာသိမ်းစစ်တပ်နှင့် ဆက်နွှယ်သည့်ကုန်ပစ္စည်းများမှာ ဆက်သွယ်ရေးလုပ်ငန်း၌ Mytel၊ စားသောက်ကုန်တွင် Premium Gold, Andaman Gold, Andaman Gold Special, Army Rum, Black Shield Stout, မြန်မာဘီယာ၊ ဒဂုံ၊ မန္တလေးတံဆိပ်ဘီယာများ၊ Red Ruby, Seven၊ Milky နို့ဆီ၊ နန်းမြိုင်ကော်ဖီ၊ Dagon Dairy Plant ထုတ်ကုန်များ၊ ရွှေဖီဦး၊ Seven 7 တံဆိပ် နို့ဆီများအပြင် ဆောက်လုပ်ရေးပစ္စည်းများဖြစ်သော ဆင်မင်း၊ ကြံ့တံဆိပ်ဘိလပ်မြေ စသည့် အခြားသော နာမည်များနှင့် ထုတ်လုပ်နေသည် စစ်တပ်ထုတ်ကုန်များလည်း ရှိသေးသည်ဟု သိရသည်။

ဒီမိုကရေစီကို လိုလားသော လူငယ်များ ဖွဲ့စည်းတည်ထောင်ထားသည့် Way Way Nay (ဝေးဝေးနေ) အဖွဲ့သည် ၎င်းတို့ ပြုစုထားသော သပိတ်မှောက်ရမည့် စာရင်းများ (၅၀၀ ကျော်) ကို လူမှုကွန်ရက်စာမျက်နှာတစ်ဆင့် မကြာခဏ ထုတ်ပြန်ပေးနေပြီး အများပြည်သူ အလွယ်တကူ သိရှိရှောင်ရှားနိုင်စေရန်အတွက်လည်း App များကို တီထွင်ထားသည်။

Way Way Nay က စစ်တပ်နှင့် ဆက်စပ်သော အာမခံ၊ ဘဏ်လုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှု၊ အသေးစားချေးငွေလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပညာရေး၊ ခရီးသွားနှင့် စားသောက်ကုန် လုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည်ဖြင့် ခွဲခြားပြီး သပိတ်မှောက်ရမည့် စာရင်းများကို ပြုစုထားသည်။

လက်နက်ကိုင်အဖွဲ့များ၏ အရေးယူမှု

စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ခြင်း၊ အသုံးပြုခြင်းများ မပြုလုပ်ကြရန် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) လှုပ်ရှားနယ်မြေများဖြစ်သည့် တောင်တန်းဒေသ၊ မြေပြန့်ဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

KIO လှုပ်ရှားနယ်မြေများ အပါအဝင် ကချင်ပြည်နယ်နေရာအတော်များများတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော အရက်၊ ဘီယာများကို ယခုနှစ် ဇန်နဝါရီ ၁၀ မှစ၍  ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း ဇန်နဝါရီ ၄ ရက်တွင် KIA က သတိပေးစာ ထုတ်ခဲ့သည်။

ဇန်နဝါရီ ၂၄ တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရောင်းချနေသည့် မြန်မာဘီယာ၊ ဒဂုံ၊ ABC စသည့် ဘီယာဖာ ၂၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းများရှိ မြို့ အဝင်/အထွက်ဂိတ် ၅ ခုတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ဦးဆောင် စစ်ဆေးနေပြီး စစ်တပ်ထုတ်ကုန်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန် ဆောင်ရွက်ခဲ့သည်။

ယင်းလအတွင်း ကောလင်းမြို့ ရွှေဘို၊ မြစ်ကြီးနား၊ ဗျူဟာလမ်းမပေါ်တွင် ဆင်မင်းဘိလပ်မြေ အိတ် ၈၀၀ သယ်လာသော မော်တော်ယာဉ်ကို ကောကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့သည်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသအတွင်း ထိုသို့ အရေးယူဆောင်ရွက်မှုများ ရှိနေသည်။   myanmar now

မုန်းဒေသတွင် KNLA နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ပဲခူးတိုင်း၊ မုန်းဒေသ ကေအန်ယူ တပ်မဟာ ၃ တပ်ရင်း ၈ နယ်မြေ ကရင်ရေလဲနဲ့ ရွာကြီးအင်းကြားမှာ စက်တင်ဘာ ၂ ရက် ညနေ ၃ နာရီခွဲလောက်က KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မနေ့ည ၁၀ နာရီလောက်မှာလည်း ကျောက်ကြီးမြို့ကနေ ဗောဓိကုန်းဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ‌ဒေသခံ တယောက်က ပြောပါတယ်။  

တပ်ရင်း ၈ နယ်မြေမှာ ဇူလိုင်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က  ရဟတ်ယာဉ်နဲ့ လာ‌ရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

သြဂုတ် ၃၀ ရက်ကလည်း တပ်မဟာ ၃ တပ်ရင်း ၇ နယ်မြေမှာ KNLA က စစ်ကောင်စီစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီရဲ့ လက် နက်ကြီးစ ထိမှန်လို့ အသက် ၃ နှစ် နဲ့ ၁၀ နှစ်အရွယ် ကလေး ၂ ယောက် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။ DVB

မုံရွာတွင် အိမ်စီးကားများဖြင့် ဖြတ်သန်းသွား လာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက် ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အိမ်စီးကားများ အသုံးပြုကာ သွားလာနေသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးလေးဦး သေဆုံးခဲ့ကြောင်း South Monywa PDF ထံက သိရသည်။

မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ မုံရွာ ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားသုံးစီးဖြင့် သွားလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ မနေ့က ညနေခင်းမှာ စစ်ကိုင်းကထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အိမ်စီးကားသုံးစီးကို မုံရွာနဲ့ ချောင်းဦးကြားမှာ ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ နှစ်စီးမြောက်ကားက အနောက်ပိုင်းကို ထိသွားတယ်၊ သုံးစီးမြောက်ကားက ခေါင်းပိုင်းကို ထိတယ်” ဟု South Monywa PDF တာဝန်ရှိသူ Daung Karyan က မဇ္ဈိမကို ပြောသည်။

အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်မှ အံစာတုံး အမျိုးအစား အိမ်စီးကားနှစ်စီး၊ ဝှစ်အမျိုးအစား အိမ်စီးကားတစ်စီး စုစုပေါင်း အိမ်စီးကား သုံးစီးဖြင့် မုံရွာမြို့သို့ ဦးတည် မောင်းနှင်ထွက်ခွာလာခြင်းဖြစ်သည်။

ထိုသို့ မောင်းနှင်လာသည့် စစ်ကောင်စီ တပ်၏ အိမ်စီးကားယာဉ်တန်းသုံးစီးကို ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူများလည်း ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“ ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့အချိန် ထိသွားတဲ့ ဒုတိယမြောက်ကား က စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်) လေးဦး ပြုတ်ကျလာပြီး ကားလည်း ထိုးရပ်သွားတယ်၊ ပြီးတော့ ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ကြတာပဲ၊ ခဏနေတော့ ကားပေါ် ဆွဲတင်ပြီး မောင်းထွက်သွားကြတယ်၊ သုံးစီးမြောက်ကားက မောင်းသူနဲ့ ဘေးက ထိုင်လိုက်တဲ့ နှစ်ယောက်က မလှုပ်တော့လို့ လူလဲပြီး မောင်းသွားကြတာကို တွေ့လိုက်တယ်” ဟု South Monywa PDF တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်သည် ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးပတ်ဝန်းကျင်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ရှိမည်ထင်သည့် နေရာများကို သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်မှု များ ပြုလုပ်ခဲ့ကြပြီး မုံရွာဘက်သို့ ဆက်လက်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။

ယနေ့နံနက် နောက်ဆုံးရရှိထားသည့် သတင်းများအရ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံ ရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိကာ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း South Monywa PDF တာဝန်ရှိသူ Daung Karyan ကပြောကြားသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကားများအပြင် အိမ်စီးကားများဖြင့် ဖြတ်သန်းသွားလာမှုများရှိနေ၍ လမ်းတစ်လျှောက်တွင်ရှိသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် အဆိုပါ လမ်းမကြီးများပေါ်တွင် ဖြတ်သန်းသွားလာ နေသည့် ပြည်သူများအား ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ မဖြစ်မနေသွားလာရမည့် ပြည်သူများအနေဖြင့်မူ ကာကွယ်ရေး တပ်ဖွဲ့များကို အကြောင်းကြား၍ သွားလာကြရန်နှင့် မော်တော်ယာဉ်များကို မှန်ချမောင်းနှင်ကြရန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်ထားသည်။ mizzima

မန္တလေးမြို့ အမှတ် ၇ ရဲစခန်းအနီး မပေါက်ကွဲသေးသည့် ဗုံးတလုံး တွေ့ရှိ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၉၁ လမ်း၊ ၃၅ လမ်း ၃၆ လမ်းကြား၊ အမှတ်(၇) နယ်မြေ ရဲစခန်းနားမှာ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံး တလုံးတွေ့ ရှိခဲ့တယ်လို့ ရဲစခန်းနားနေ ဒေသခံတွေက ပြောပါတယ်။

ဗုံးတွေ့အပြီးမှာ ၃၅ လမ်း နဲ့ ၉၁ လမ်းထောင့်မှာ စစ်ကောင်စီတပ်သားတွေနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေ ရောက်လာပြီး စိန်ပန်းရပ်ကွက် အ ဝင်အထွက်ပိတ်ကာ သွားလာနေသူတွေကို လှည့်ပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

စိန်ပန်းရပ်နေသူတဦးက “အစက တအိမ်ဝင် တအိမ်ထွက် စစ်မယ်ထင်နေတာ။ လမ်းကို အဝင်အထွက် အကုန်လိုက်ပိတ်တော့ ဘာဖြစ်တာလဲ မသိဘူးပေါ့။ ပြီးတော့မှ ဗုံးတွေ့လို့ဆိုတာ သိရတယ်” လို့ ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ လက်ပစ်ဗုံးကို စစ်ကောင်စီတပ်က အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ DVB

ကညွတ်ကွင်းတွင် မီတာခ မဆောင်မှုဖြင့် ဆင်းရဲ နွမ်းပါးသူ ဦးကျင်ရွှေကို ဒုရဲအုပ်ဌေးလှိုင်က လက် ထိပ်ခတ်ပြီး စခန်းတွင် သေနတ်ဖြင့် ပစ်ခတ်၊ ကလေးငယ် မောင်စိုးသူရထွန်းကိုလည်း ရဲက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်၍ ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြိူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ စျေးတန်းဟောင်းရပ်ကွက်တွင် လျှပ်စစ်မီတာမဆောင်သည့်အတွက်ဟုဆိုကာ ဒုရဲအုပ် ဌေးလှိုင်က ဦးကျင်ရွှေ ဆိုသည့် ပြည်သူ ၁ ဦးကို လက်ထိပ်ခတ် ဖမ်းခေါ်ပြီး ရဲစခန်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ဦးကျင်ရွှေ၏ တူဖြစ်သူ မောင်စိုးသူရထွန်းကိုလည်း သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်အချိန် ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ စျေးတန်းဟောင်းရပ်ကွက်မှ ဦးကျင်ရွှေ၏ နေအိမ်ကို မီတာခမဆောင်၍ မီတာ လာဖြုတ်ရာ မီတာစာရေးနှင့် ဦးကျင်ရွှေ စကားများကြကြောင်း၊ မီတာစာရေးက ရဲခေါ်ပြီး ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဦးကျင်ရွှေ၏ တူဖြစ်သူ ကလေးငယ် မောင်စိုးသူရထွန်း၏ ပေါင်ကို ကျည် နှစ်ချက်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဦးကျင်ရွှေအား ကညွှတ်ကွင်းရဲစခန်းသို့ လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒုရဲအုပ်ဌေးလှိုင်က ” မင်းနဲ့ငါနဲ့ ပြောရမလား” ဟုဆိုကာ ဦးကျင်ရွှေကို စခန်းထဲတွင် သေနတ်ဖြင့် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

” မီတာရုံးက မီတာမဆောင်လို့ဆိုပြီး မီတာတာဖြုတ်တယ်၊ ကာယကံရှင်က မလုပ်ပါနဲ့ပေါ့၊ မီတာခဆောင်ပါ့မယ်လို့ပြောတာ မရဘူး၊ မီတာကိုဖြုတ်တယ်၊ စကားများကြတာပေါ့၊ အဲ့ဒီမှာ မီတာစာရေးက ရဲစခန်းကို ဖုန်းဆက်ခေါ်တယ်။ ရဲတွေရောက်လာတော့ ကလေးငယ်လေးက ကြောက်အားလန့်အားနဲ့ ပြေးထွက်လာတာ၊ အဲဒီမှာ ရဲက သေနတ်နဲ့ ပစ်တယ်၊ မောင်စိုးသူရထွန်းရဲ့ ပေါင်ကို နှစ်ချက်မှန်တယ်၊ အဲ့ဒီကနေ နှစ်ယောက်စလုံးကို ရဲစခန်းခေါ်သွားတယ်ပေါ့၊ ရဲစခန်းရောက်တော့ ဒုရဲအုပ်ဌေးလှိုင်က ဦးကျင်ရွှေကို မင်းနဲ့ငါနဲ့ ပြောလို့ဆိုပြီး သေနတ်နဲ့ပစ်လို့ ဦးကျင်ရွှေ သေနတ်ထိမှန်တယ်” ဟု ဖြစ်စဉ်ကို တွေ့ရှိခဲ့ရသူ မျက်မြင်သက်သေ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ကလေးငယ် မောင်စိုးသူရထွန်းသည် ဖြူးမြို့နယ်ဆေးရုံတွင် တက်ရောက် ဆေးကုသနေပြီး ဦးကျင်‌ရွှေမှာ အခြေအ နေ မကောင်းမွန်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း၊ ဦးကျင်ရွှေမှာ ဆင်းရဲနွမ်းပါးသူတဦးဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် ကညွတ်ကွင်း မြို့လျှပ်စစ်မှူး ကျော်စံလင်းက တိုင်းဒေသကြီး လျှပ်စစ်ဌာနသို့ အစီရင်ခံစာရတွင် လိမ်ညာလွဲမှား အစီရင်ခံထားကြောင်း၊ အိမ်ရှင်မှ တုတ်ဖြင့် ရိုက်သည်ဟူ၍ လည်းကောင်း၊ ဓားဖြင့်ခုတ်သည်ဟူ၍ လည်း ကောင်း မဟုတ်မမှန်ရေးသား အစီရင်ခံထားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ ဦးကျင်ရွှေနှင့် ကလေးငယ် မောင်စိုးသူရထွန်းတို့ကို ထပ်မံ အမှုဖွင့် တရားစွဲရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ khit thit

မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲသူများထံမှ ခြိမ်းခြောက်ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် ၁၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူတွေကို ဖမ်းဆီးအရေးမယူဘဲ ငွေကျပ် သိန်း ၇၀၀ ကျော်ဖိုး ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ ရဲပြေး ၁ ဦးနဲ့ တခြား   အမျိုးသား ၅ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့  စစ်တပ်သတင်းမှန်ပြန်ကြားရေးက စက်တင်ဘာ ၂ ရက်မှာ သတင်းထုတ်ပါတယ်။

အကျင့်ပျက်ဝန်ထမ်းတချို့နဲ့ မသမာသူတွေက မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်သူတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းနေတယ်ဆိုတဲ့  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသွင်ယူ စုံစမ်းထောက်လှမ်း စောင့်ဆိုင်း ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဩဂုတ် ၂၈ ရက်ညက ဗဟန်းမြို့နယ်၊ ရေတာရှည် လမ်းဟောင်းမှာ အမျိုးသား၂ ဦး၊ ရန်ကင်းမြို့နယ်၊ “Real Link” Hotel မှာ အမျိုးသား၂ ဦးနဲ့ ရဲပြေးရဲတပ်သား ၁ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ အမျိုးသား၁ ဦး စုစုပေါင်း  ၆ ဦး ကို စတင်ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါဖမ်းဆီးရမိသူ ၆ ဦးရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူတွေထံက ခြိမ်းခြောက်ငွေကြေးတောင်းခံရာမှာ ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်သား ၄ ဦးနဲ့ ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ၂ ဦးတို့ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း သိရလို့ အဆိုပါ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို သက်ဆိုင်ရာရဲစခန်းတွေမှာ  ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ခြိမ်းခြောက်ငွေတောင်းခံမှု စုစုပေါင်း ၁၄  ကြိမ်မှာ  ငွေကျပ် ၇၀၇ သိန်း ၃ သောင်းရရှိ ခွဲဝေသုံးစွဲခဲ့ကြတာစစ်ဆေးတွေ့ရှိတဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ရော  ရာဇသတ်ကြီး ဥပဒေအရပါ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက် နေတယ်လို့ စစ်တပ်သတင်းမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် တခြားမြို့ကြီးတော်တော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုတွေကို ထိန်းချုပ်တာ မရှိတော့တဲ့အတွက် မူးယစ်ဆေးဝါးတွေ ပုံစံမျိုးစုံနဲ့ အရင်ကထက် ပိုမို ပေါပေါများများ ထွက်ပေါ်နေပြီး KTV၊ နိုက်က လပ်နဲ့ ရပ်ကွက်တွေထဲအထိ  ပေါ်ပေါ်တင်တင် ရောင်းချသုံးစွဲလာနေကြပါတယ်။။  DVB

မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့များ ဖွဲ့စည်းကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ မြို့နယ်သုံးမြို့နယ်တွင် ပြည်သူရဲ့တပ်ဖွဲ့များဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ရဲ့တပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄(ခ) အရ ပြည်သူ့ရဲ့တပ်ဖွဲ့ လက်အောက်တွင် ကလေးမြို့နယ် ရဲတပ်ဖွဲ့ ၊ တမူးမြို့နယ်ရဲတပ်ဖွဲ့ နှင့် ဝက်လက် မြို့နယ်ရဲတပ်ဖွဲ့ တို့ အားဖွဲ့စည်းလိုက်ကြောင်း ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လက် မှတ်ဖြင့် ထုတ်ပြန်ထားသည်။

“အခု လုပ်နေရတဲ့ ရဲလုပ်ငန်းက အရင် ရဲလုပ်ငန်းထက် ပိုထိရောက်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ နေရာတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေပြီး သူတို့ကို တရားခံဖမ်းဆီးရာမှာ ကျနော်တို့က ချိတ်ဆက်ဆောင်ရွက်ရုံပါပဲ ၊ အဲဒီတော့ တပ်ဖွဲ့အင်အားဆိုတာထက် အားလုံးကရဲဖြစ်နေတယ်၊ ရဲလုပ်ငန်းကို ပံ့ပိုးနေတယ်လို့ သုံးသပ်လို့ရတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ ရဲ တာဝန်ခံမှ ပြောသည်။

ယခုကဲ့သို့ တရားဝင်စာထွက်လာခြင်းအားဖြင့် တာဝန်ယူမှု ၊ တာဝန်ခံမှုတွင် ပိုမိုလေးနက်လာသည်ဟု ထင်မြင်ကြောင်း ကလေးမြို့နယ်ပြည်သူရဲတပ်ဖွဲ့အနေဖြင့် တရားစီရင်ရေးလမ်းကြောင်းအတိုင်းသွားနေပြီး ထောင် ၊ တရားရေး အဖွဲ့ များ ဖွဲ့စည်းတည်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် CDM ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်ဟောင်းများအား ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေနှင့်အညီ အခြေပြုဖွဲစည်း ထားကြောင်း ဆိုသည်။

ကျေးရွာများတွင် အစိုးရ အခေါ် ပလဖ (ပြည်သူ့လုံခြုံရေးတပ်ဖွဲ့) တစ်နည်းအားဖြင့် ရပ်ကျေးရဲများအား လုပ်ထုံးလုပ်နည်းများ သင်တန်းပေးလျက်ရှိကြောင်း သိရှိရသည်။

၎င်းတို့ ကလေးမြို့ပြည်သူရဲများအနေဖြင့် အလှူခံသော သီးသန့်လုပ်ငန်းစဉ် မရှိသောကြောင့် NUG အစိုးအရအနေဖြင့် အနည်းဆုံး ရိက္ခာထောက်ပံ့ပေးနိုင်လျှင် အမြဲတမ်းတပ်ဖွဲ့ဝင်များ စုဆောင်းနိုင်ပြီး တပ်ဖွဲ့အနေဖြင့် အင်အားကောင်းလာမည် ဖြစ်ကြောင်း ဆိုသည်။

ပြည်သူရဲများအနေဖြင့် ဥပဒေနှင့်မညီသော လုပ်ရပ်များ မလုပ်မိနိုင်စေရန်နှင့် အင်အားအလွန်အကျွံသုံး ဖမ်းဆီးမှုများ မလုပ်မိရန် တာဝန်ခံကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေစိုးမိုးရေး ၊ ပြည်သူလူထု စိတ်နှလုံးချမ်းမြေ့စေရေးနှင့် တော်လှန်ရေးအား ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်နေကြောင်း၊ ဥပဒေနှင့်အညီ ရာဇဝတ်မှုများကို ကိုင်တွယ်သွားမည်ဖြစ်ပြီး အခြားဘက်တွင် အုပ်ချုပ်ရေးလုပ်ငန်းများ အောင်မြင်စေရန် ပံ့ပိုးလုပ်ဆောင်သွားမည် ဖြစ်ကြောင်းဆိုသည်။

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ရာဇဝတ်မှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး အတတ်နိုင်ဆုံး လိုက်လံထိန်းချုပ်လျက်ရှိကြောင်း နှင့် လတ်တလော အခြား အမှုသေးများအား ကိုင်တွယ်နေကြောင်း သိရသည်။

သို့ရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူအများစုမှာ မြို့တွင်းတွင် နေထိုင်ကြပြီး မြို့အား မထိန်းချုပ်နိုင်သေးသောကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးတွင် အခက်အခဲများရှိ နေကြောင်း ဆိုသည်။

စက်တင်ဘာလ ၁ရက်နေ့တွင် နတ်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလုပ်ကိုင်စဉ် မူးယစ်ဆေးဝါးရောင်းချသူ နှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိပြီး ကလေးမြို့ပြည်သူ့ရဲထံ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့် အညီလာရောက်လွှဲပြောင်းခဲ့ခြင်းအား ကလေးမြို့နယ်တရားရေး အဖွဲ့သို့ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။ mizzima

နိုင်ငံခေါင်းဆောင် ၂ ဦးအား ထောင်ဒဏ် ၃ နှစ်ချသည့်အပေါ် အာရှရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ ကန့်ကွက်

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲမသမာမှုနဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့အပေါ်   အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာနေတဲ့ လွတ်လပ်သောရွေး ကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL)အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာ ၂ ရက်က ကြေညာပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး   သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို နေပြည်တော်အချုပ် ထောင်ရှိ အထူးတရားရုံးမှာ စက်တင်ဘာ ၂ ရက်က ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချခဲ့ပါတယ်။

အခုလို ထောင်ဒဏ်အမိန့်ချမှတ်လိုက်တာဟာ စစ်အာဏာရှင်အနေနဲ့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို စိတ်ဝင်စားမှုမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာလို့ ANFREL အဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမသမာမှုဆိုပြီး အခြေအမြစ်မရှိ တရားစွဲဆိုကာ တံခါးပိတ်တရားစီရင်ခဲ့တဲ့အပေါ်မှာလည်း အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်မှာ အန်အယ်လ်ဒီအနိုင်ရခဲ့တာ မဲစာရင်းမှားယွင်းမှုကြောင့်ဖြစ်တယ်ဆိုပြီး သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြသနိုင်ခြင်းမရှိပဲ စွပ်စွဲကာ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့တာပါ။

မဲစာရင်းမှားယွင်းပါက အာဏာသိမ်းရမယ်လို့ စစ်တပ်စိတ်တိုင်းကျရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပဒေမှာလည်း ပြဋ္ဌာန်းထားမရှိသလို ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးလည်း စစ်တပ်မှာ ဝင်ရောက် စွက်ဖက်ဆောင်ရွက်ခွင့်မရှိဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၉ လလောက်အကြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ  စစ်ကောင်စီက အသစ် ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ယူအီးစီ)က သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူ ၁၄ ယောက်တို့ကို ရွေးကောက်ပွဲ မလျော်ဩဇာအသုံးပြုမှုနဲ့ တရားစွဲခဲ့ပါတယ်။

စစ်ကောင်စီ ကော်မရှင်ရဲ့ အပြောအရ ရွေးကောက်ပွဲ မသမာမှုနဲ့ လူပေါင်း ၄၂၂ ယောက်ကို တရားစွဲထားတယ်လို့ သိရပြီး  အန်အယ်လ်အစိုးရလက်ထက်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့  ကော်မရှင် အဖွဲ့ဝင် နှစ်ယောက်ကို  ၂၀၂၂ ခုနှစ် ဇူလိုင်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP ) ရဲ့ စာရင်းအရတော့ ယူအီးစီ ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ဖမ်းဆီးခံထားရတဲ့ ကော်မရှင်အရာရှိပေါင်း ၂၃ ယောက်ရှိတယ်လို့ သိရပါတယ်။ 

လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) ကတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေအပေါ် နိုင်ငံရေးအရ တရားစွဲဆိုထားတာတွေကို ပယ်ဖျက်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့နဲ့ အရပ်သားအစိုးရလက်ထဲ အာဏာပြန်ပေးဖို့ စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုမရှိတဲ့အပေါ်စိတ်ပျက်မိကြောင်းနဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  စစ်အာဏာရှင်စနစ်ရပ်စဲရေးနဲ့ စစ်အာဏာရှင်တာဝန်ခံမှုရှိစေရေးအတွက် အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးအရှိန်မြှင့် လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။

ANFREL အဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက  မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေအနှံ့ ရွေးကောက်ပွဲလေ့လာသူကိုယ်စားလှယ်တွေ စေလွှတ်ပြီး စောင့်ကြည့်လေ့လာခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတခု ဖြစ်ပါတယ်။

ကိုဗစ် – ၁၉ ကပ်ရောဂါကာလအတွင်း ကန့်သတ်ချုပ်ချယ်မှုတွေအပါအဝင် စိန်ခေါ်မှုတွေကို ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး ချို့ယွင်းအားနည်းချက်ရှိခဲ့ပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့  စိတ်ဆန္ဒမှန်ကို ထင်ဟပ် ကိုယ်စားပြုတယ်လို့ ANFREL အဖွဲ့ရဲ့ ရွေးကောက်ပွဲအပြီးသတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာထားပြီး  အခုလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ပယ်ဖျက်မှုဟာ တရားမဝင်သလို အသိအမှတ်လည်း မပြုဘူးလို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြန်လည် တုံ့ပြန်ကြေညာထားပါတယ်။  DVB

ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း KNDF ထုတ်ပြန်

ကယားပြည်နယ်(ကရင်နီ)၊ ဖရူဆိုမြို့နယ်၌ စစ်အုပ်စုအား ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၅)က ယနေ့ စက်တင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်သည်

အဆိုပါတိုက်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ထီးပေါ်ဆိုကျေးရွာအနီး ကင်းရှည်ဆွဲထားသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးရှိနိုင်ပြီး တိုက်ပွဲတွင် မိမိတို့တပ်ရင်းမှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း” အသိပေးထားသည်။

သြဂုတ်လမှစ၍ စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့မှ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့အထိ စစ်ရေးအရ ထိန်းချုပ်နိုင်ရန်ကြိုးစားလျက်ရှိပြီး ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် တပ်ဖြန့်စစ်ကြောင်းထိုးနေကြောင်း KNDFက ဆိုထားသည်။

ထို့ကြောင့် ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်း တိုက်ပွဲပေါင်း အနည်းဆုံး ၄၆ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄၀ဦးသေဆုံးခဲ့ပြီး ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ mizzima

ကရင်နီနှင့် ပလက်ဝတို့တွင် စစ်ဘေးရှောင်ဦး ရေ များလာ၊ မြန်မာစစ်ဘေးရှာင် အရေအ တွက် တိုးလာနေပြီး အကူအညီ ပိုလိုဟု UNO CHA ပြော

အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA ကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စက်တင်ဘာလ ၁ ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိတ်စာဝ ကျေးရွာ ဒေသခံ ၅၆၀ ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ချင်းသတင်းရင်းမြစ်များက ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် မိတ်စာဝကျေးရွာများမှ ဒေသခံများသည် မိုင် ၆၀ ခန့် အကွာရှိ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ကျေးရွာ ၄ ခုသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

စစ်ရှောင်များကို လောင်တလိုင်ခရိုင် Central Young Lai Association (CYLA) က ကူညီဆောင်ရွက်ပေးနေသည်ဟု ချင်းသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA ကြား စစ်ရေးတင်းမာမှု မြင့်တက်လာခြင်းကြောင့် စစ်ရှောင်ဦးရေးများပြားလာပြီး အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်လျှက်ရှိကြောင်း UNOCHA ၏ စက်တင်ဘာလ ၂ ရက် ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ရှောင်ပြည်သူ ၉၇၄,၀၀၀ ထက်မနည်းရှိနေပြီး ဩဂုတ်လ တစ်လအတွင်း စစ်ရှောင်ဦးရေ တစ်သိန်းနီးပါး တိုးလာခဲ့သည်ဟု ဖော်ပြထားသည်။

အလားတူ ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလာသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီး ဒေသခံပြည်သူ ၂၂၂,၀၀၀ ဦးထက်မနည်း စစ်ရှောင်နေကြရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ဇူလိုင်လ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် အိမ်ထောင်စု ၄၃ စုနှင့် လူဦးရေ ၂၀၀ ဝန်းကျင် ရှိနေပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အဓိက လိုအပ်လျှက်ရှိသည်။

“ဒီစခန်းကို စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရောက်တာလည်း လေး၊ ငါးလလောက် ရှိနေပါပြီ၊ ကျနော်တို့ စစ်ရှောင်လာတာ တစ်နှစ်ကျော် ရှိပြီပေါ့။ ဒီစခန်းမှာက ငွေတောင်၊ အောင်ချမ်းသာ၊ ဘုရားကုန်းဘက်က ပြည်သူတွေပေါ့။ မိသားစု ၄၃ စု၊ အယောက် ၂၀၀ လောက် ရှိပါဝယ်။ ကျနော်တို့ဆီမှာ ရိက္ခာတွေ ပြတ်နေတယ်။ အဓိကကတော့ ဆန်၊ ဆီပေါ့။ တချို့ မိသားစုတွေက ယာခင်းထဲသွား ဟင်းသီးဟင်းရွက်တွေရှာ ညနေဆိုရင် အထောင်းလေး ထောင်းပြီး ထမင်းစားနေရပါတယ်။” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ရှောင်များအတွက် နေ့စားအလုပ်ပေးမည့် သူများလည်း နည်းပါးလာသည့်အတွက် စားဝတ်နေရးဖြေရှင်းရသည်မှာ ပိုမိုခက်ခဲလာကြောင်း စစ်ရှောင် အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။

“ရိက္ခာတွေ မလာတဲ့အတွက် အခက်အခဲအများကြီး ကြုံရတယ်၊ အလုပ်ခေါ်တဲ့သူလည်း မရှိတော့ စားဝတ်နေရေး ဖြေရှင်းရတာ ခက်လာတယ်။ ချက်ပြုတ်စားသောက်ဖို့အတွက် ဆန်၊ ဆီနဲ့ ကြက်သွန်တွေ လိုအပ်နေပါတယ်” ဟု စစ်ရှောင် အိမ်ရှင်မတစ်ဦးက ပြောသည်။

UNOCHA ၏ ထုတ်ပြန်ချက်အရ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ အကူအညီများသည် ၂၀၂၁ ခုနှစ် ထက်စာရင် နည်းပါးနေသေးပြီး မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း၌ စစ်ရှောင်ဦးရေ ပိုများလာသလို အကူအညီလိုအပ်ချက်များ မြင့်တက်လာကြောင်း သိရှိရသည်။ khit thit

« Older Entries