Monthly Archives: Sep 2022

စစ်ကောင်စီတပ်က မင်းကင်းမြို့နယ်တွင် အ မျိုးသမီးနှင့်ကလေးအပါဝင် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခေါ် ဆောင်၍ စစ်ကြောင်းထိုး

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ဘေးရှောင်နေ သည့် အမျိုးသမီးလေးဦး၊ ကလေးငယ်တစ်ဦး နှင့် ပြည်သူငါးဦးကို ဖမ်းဆီးခေါ်ဆောင်၍ စစ်ကြောင်းထိုး လျက်ရှိကြောင်း သိရသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် သြဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ကလေးဝ – ယာကြီး – မင်းကင်းလမ်းပိုင်းမှတဆင့် မင်းကင်းမြို့နယ်သို့ ဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် ခင်ဦးကျေးရွာရှိ CDM ကျောင်းဆရာ၏နေအိမ်ကို စတင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးကျေးရွာကိုမီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် မြို့မကျေးရွာနှင့် ကျော်ရွာတို့ တွင်ညအိပ်စခန်းချခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်ကို ကျော်ရွာမှပျူစောထီး ဦးခင်မောင်တင့်က ဦးဆောင် ၍လမ်းပြခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဦးခင်မောင်တင့်၏လမ်းပြမှုဖြင့် တောထဲတွင် သုံးရက်ကြာစခန်းချ နေထိုင် ခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်နေ့တွင် တောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ် (People Defence Force Taung Dwin Region – Mingin) ၏ စခန်းဟောင်း (နွားကျတောင်စခန်း) ကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နွားကျတောင်စခန်းသည် စခန်းဟောင်းတစ်ခုဖြစ်ပြီး ရေအခက်အခဲကြောင့် စခန်းတွင် နေထိုင်ခြင်းမရှိ သည်မှာ ရှစ်လကျော် ကြာမြင့်ပြီဖြစ်ကြောင်း တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်၏ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် နွားကျတောင်တောင်ခြေရှိ စစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်၍ အမျိုးသမီးလေးဦးနှင့် ကလေးငယ်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရ သည်။

“ တောင်ခြေမှာ စစ်ဘေးရှောင်နေကြတာ။ မပြေးနိုင်တဲ့ အသက် ၃၀ ကျော် ကနေ ၅၀ ကျော်အရွယ် အမျိုး သမီးလေးဦးနဲ့ လေးနှစ်အရွယ်ကလေးငယ်တစ်ဦးကို ဖမ်းခေါ်သွားတယ်” ဟု တောင်တွင်း ပြည်သူ့ကာ ကွယ်ရေးတပ် သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၃ ရက်နေ့တွင် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ ကုန်းမော်ကျေးရွာသို့ ဝင်ရောက်၍ ရွာထိပ်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ဒေသခံငါးဦးကို ထပ်မံဖမ်းဆီးခေါ် ဆောင်ခဲ့သည်။

“ကျေးရွာဘေးက လယ်ကွင်းတွေမှာလွှတ်ထားတဲ့ နွားတွေကိုဖမ်းပြီး ကားပေါ်တင် ရောင်းစားကြတယ်။ သူတို့(စစ်ကောင်စီတပ်) ဖြတ်လာတဲ့ကျေးရွာတွေက နွား၊ ဝက်တွေကို သတ်စားကြတယ်။ ကျော်ရွာက ပျူခင်မောင်တင့်က စစ်တပ်နောက် တစ်လျှောက်လုံးလိုက်ပြီး ဦးဆောင်လမ်းပြနေတာ။ တောင်ခြေမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးလေးဦးနဲ့ ကလေးတစ်ဦးကို ဖမ်းသွားကြတယ်။ ဘုန်းကြီးကျောင်းကနေ ဖမ်းခေါ်သွားတဲ့ သူတွေကတော့ ဘယ်သူတွေမှန်း မသိသေးဘူး” ဟု ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်သည် ဒေသခံ စစ်ဘေးရှောင်ပြည်သူဆယ်ဦးကို လူသားဒိုင်းကာပြုလုပ်၍ ဆိတ်သာကျေး ရွာတွင် စခန်းချလျက်ရှိကြောင်း သိရသည်။

“အဖမ်းခံရတဲ့ ဆယ်ယောက်ကို မှန်ပြောင်းနဲ့ကြည့်တာ တွေ့ရတယ်။ သူတို့ကို ဒူးထောက် ခိုင်းထာတာ ။ အခုချိန်ထိပြန်လွတ်တဲ့ သတင်းမကြားရသေးဘူး။ ဖမ်းခေါ်ထားတုန်းပဲ။ ဒိုင်းကာသဘောမျိုး လုပ်ထားတဲ့ ပုံစံမျိုး” ဟု ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် သစ်ခေါင်းကျေးရွာနှင့် ထုံးကြီးကျေးရွာသို့ ဝင်ရောက် လျက်ရှိနေသည်။

“ကျွန်တော်တို့ သူတို့ကို လမ်းတစ်လျှောက် စောင့်ကြည့်နေပါတယ်။ ကနီဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းရထားတယ်” ဟု တောင်တွင်းဒေသပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ကုန်းမော်ကျေးရွာနှင့် လက်ပံတောကျေးရွာ များကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ကုန်းမော်ကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်နှင့် လက်ပံတောကျေးရွာ တွင် အိမ်ခြေ ၄၀ ကျော် ဆုံရှုံးခဲ့သည်။

စစ်ကောင်စီက မင်းကင်းမြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေ ပြီ ဖြစ်ပြီး အင်တာနက်ဖြတ်တောက်မှုကြောင့် အဆက်သွယ်များပြတ်တောက်နေသလို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များတွင်လည်း လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ mizzima

ဝမ်းတွင်းတွင် PDF ကို ထောင်ဖမ်းမည်ဆိုသော ပျူစောထီး ပစ်သတ်ခံရပြီးသေဆုံး၊ ရွှေဘို၊ ပေါင်းတည်နှင့်သာယာ၀တီတို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် PDF ကို ထောင်ဖမ်းမည်ဆိုသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် ထံမှ သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ မွန်းတည့်ပိုင်းတွင် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာမှပျူစောထီး ဇော်လွင်ဌေး(ခ)နဂါးသည် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ ဝမ်းတွင်းPDF များကို စစ်တပ်နှင့်ပေါင်း၍ထောင်ဖမ်းမည်ဟုကြွေးကြော်ထားသူဖြစ်ကြောင်း၊ ရပ်ရွာနေပြည်သူများကို အမျိုးမျိုးဒုက္ခပေးကာ ဆက်ကြေးများကောက်၍ စစ်တပ်အလိုကျ အရပ်ဝိုင်းများ ဖဲဝိုင်းများလုပ်နေကြောင်း၊ အပြစ်မဲ့ပြည်သူများကို အမှုအမျိုးမျိုးဆင်ကာ ရပ်ရွာကိုစိန်ခေါ်သူဖြစ်ကြောင်း၊ ယနေ့တွင် ခင်ဘန်းကျေးရွာအနီး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် VOW ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

အလားတူ ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ဇီးပင်လှကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သောင်းစိန်ကို စက် တင်ဘာ ၁ ရက် ညနေ ၅နာရီ ၅၀မိနစ်အချိန် ပေါင်းတည်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) က ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူတိုင်း၊ သာယာဝတီမြို့နယ်မှ စစ်ကောင်စီခန့် ရေတွင်းကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ကျော်အေးကို သြဂုတ်၃၀ရက်နေ့ မွန်း တည့် ၁၂နာရီခန့်အချိန် သေနတ်သမားများက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဒဏ်ရာရ အပြင်းအထန်ရရှိခဲ့ပြီး သေဆုံးနိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကောက်စိုက်သမများကို ပျူစောထီးခေါင်းဆောင်၏ လယ် မစိုက်မနေရ လယ်ကူစိုက်ပေးရန် လက်နက်ပြခြိမ်းခြောက်စေခိုင်းခဲ့သော စစ်ကောင်စီခန့် တက်တူးကျေးရွာမှ ရာအိမ်မှူး ပျူစောထီး သန်းထိုက်ကို PDF များက စုပေါင်း ရှင်း လင်းရာ သေဆုံးသွားကြောင်း C&T Shwebo အဖွဲ့ထံမှ သိရှိရသည်။

ပျူစောထီး သန်းထိုက်ကို ရှင်းလင်းရန် မဟာမိတ် C&T SHWEBO (LPDF)၊ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမာန်-ရွှေဘို(LPDF)၊ ဗိုလ်ကျားရိုင်း ရွှေဘို (LPDF)၊ SHWEBO FEDERRL ARmy၊ရွှေဘို စွန်ရဲ(LPDF)၊ SNAKE EYES (LPDF). MDF – ShweBo၊ ဇေယျာသွေး ကျားရိုင်း(LPDF) ဇာမဏီဒေါင်း. ALPHR 7 (LPDF). BO BA TAW (LPDF). SBO ဗိုလ်မြင်းပျံ(LPDF) စသည့်အဖွဲ့များက တော်လှန်ရေးရဲဘော်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ khit thit

ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ် ရာရ

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသမှာ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ The Youth Force (ဆော၊ကျောက်ထု) ကနေ သိရပါတယ်။

ကျောက်ထုအမြောက်တပ်ထဲကနေ အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာချိန် စက်တင်ဘာ ၃ ရက် မနက် ၈ နာရီခွဲလောက်မှာ ကျောက်ထုPDF(YRPA)နဲ့ TYF(ဆော၊ကျောက်ထု)တို့ ပူးပေါင်းပြီး သရက်ချဉ်ရွာနဲ့ ကျောက်ထုမြို့ကြားမှာ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက်ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကာ အလောင်းတွေနဲ့ လူနာတွေကို ကားတစီးနဲ့လာသယ်သွားတယ်လို့ TYF ရဲ့ခေါင်းဆောင် ကိုဇင်ကိုဝင်းက ပြောပါတယ်။

စစ်ကောင်စီ ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ကျောက်ထု အမြှောက်တပ် ကလည်း ၁၂၀မမ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့လို့ မိနစ် ၃၀ လောက် အပြင်းထန် တိုက်ပွဲ ဖြစ်ပွားကာ မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ သြဂုတ် ၂၉ ရက်ကတည်းက ကျောက်ထုအမြှောက်တပ်ထဲကနေ စတင် ထွက်ခွာပြီး ဒေသခံပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းနဲ့ငွေကြေးတွေကို ခိုးယူတာတွေ ပြည်သူတွေ မွေးမြူထားတဲ့ ကြက်ဝက်တွေကို သတ်ဖြတ်စားသောက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကိုဇင်ကိုဝင်းက ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

မြောက်ဦးမြို့က လူငယ် ဖမ်းဆီးခံရ၊ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပစ်ခတ်မှုပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု မြောက်ဦးမြို့ခံများက ပြောသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈နာရီ ၁၅မိနစ်တွင် မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက်၊ ကန်လှတံတားဦးအနီးတွင် နေထိုင်သည့် ရင်ဆို့(ခေါ်) ကိုကျော်ဇံဝေ ဆိုသူကို စစ်ကောင်စီတပ်သားများက နေအိမ်တွင်လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

ရင်ဆို့(ခေါ်) ဦးကျော်ဇံဝေသည် လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ဟာသဆယ်လီတစ်ဦးဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က ၎င်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသေးကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက် ၈နာရီ ၁၅မိနစ်မှာ စစ်သားတွေလာဖမ်းသွားပါတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ ကျနော်တို့လည်း မသိဘူးဗျ” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့က မြောက်ဦးမြို့ပေါ်ရှိ တောင်ရပ်ကွက် (၃)လမ်းထဲနှင့် နန်းရာကုန်းတို့တွင် စစ်ကောင်စီတပ်သားများက လမ်းပေါ်တွင် သွားလာနေစဉ် သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ကြသည်ဟု သိရသည်။

ယမန်နေ့ ည ၁၂နာရီခန့်တွင်လည်း မြောက်ဦးမြို့ ခမရ(၃၇၇)၊ခမရ (၃၇၈)တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကင်းဆိပ်ကျေးရွာအနီးသို့ ကျရောက်ခဲ့သည်ဟုသိရသည်။

မြောက်ဦးမြို့စျေးအတွင်းသို့လည်း လက်နက်ငယ်ကျည်တစ်ခု ကျရောက်ခဲ့သည်ဟု မြောက်ဦးမြို့ခံများက ပြောသည်။

ထိုသို့ပစ်ခတ်ခြင်းမှာ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ့ ဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က ခြောက်လှန့်ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ဒေသခံတချို့က မှတ်ချက်ပြုထားသည်။

“ပြည်သူတွေကို ခြောက်လှန့်တဲ့ သဘောပဲ။ပြည်သူတွေ စိုးရိမ်စိတ်တွေ မြင့်တက်လာအောင်လုပ်နေတာ။ အခုက ကုန်စျေးနှုန်းတွေကလည်းတက်နေတယ်။ ပြည်သူတွေကလည်း စီးပွားရေးအဆင်မပြေကြတာရယ် ကြားထဲမှာ သူတို့ကြောင့် စျေးတွေကိုလည်းပိတ်ထားရတယ်။နယ်မှာ ရှိတဲ့သူတွေကလည်း စျေးဝယ်ရန် မလာရဲကြတော့ဘူးလေ။မြို့ထဲကလူတွေလည်း အိမ်ပြင်ကို မထွက်ရဲကြဘူး” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြောက်ဦးမြို့လမ်းများ၌ စစ်ကောင်စီတပ်သားများ နေရာယူထားကြသည်ဟုသိရသည်။ မြောက်ဦးမြို့မ စျေးကြီးကိုလည်း ပိတ်ထားရသည်ဟု မြောက်ဦးမြို့ခံများကပြောသည်။ mizzima

တစ်နိုင်ငံလျှပ်စစ်မီးများ မှန်အောင်မပေးနိုင်သော်လည်း လျှပ်စစ်သုံးကား ၅၀ စီး တပြိုင် နက်တည်း အားသွင်း နေရာ ၅ ခု ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်၊ ဗိုလ်ချုပ်ဆွေမျိုးသားသမီး ကောင်းစားရေး ပရောဂျက်ဖန်တီး၍ ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးမှုဟု ရှုမြင်

ဖက်ဆစ်မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံး လျှပ်စစ်မီးများ မှန်အောင် မပေးနိုင်သော်လည်း လျှပ် စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အားသွင်းနိုင်သော နေရာ ၅ ခုကို ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။

လျှပ်စစ် ဓာတ်အားသွင်း နေရာ ၅ ခုကို အမှတ် ၃ လမ်းဆုံ၊ ဖြူး ၁၁၅ မိုင်၊ နေပြည်တော်စီလမ်းဆုံ၊ သီးကုန်း ယာဉ်ရပ်နားရာနေရာ၊ စကားအင်းလမ်းဆုံတို့တွင် တည်ဆောက်မည်ဖြစ်ပြီး ကား ၅၀ စီး လျှပ် စစ်ဓာတ် အားသွင်းနိုင်မည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ စာရွက်စာတမ်းများအရ သိရှိရသည်။

ရန်ကုန်စီးပွားရေးသမားကမူ လက်ရှိတွင် စက်မှုဇုန်နှင့် စက်ရုံများကို အလှည့်ကျ မီးပေးစနစ်ဖြင့်သာ ပေးနေပြီး လျှပ်စစ်လိုအပ်ချက်မှာ တစ် နိုင်ငံလုံးအတွက် မလောက်ငှကြောင်း၊ စစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်များက စီမံကိန်းနှင့် ပရောဂျက်များ ဖန်တီး၍ ဆွေမျိုး မိသားစုကောင်း စားရေး လုပ်ဆောင်မည့် လုပ်ရပ်ပင် ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ ဖေ့ဘုတ်စ်မှာ မြင်ဖူးမှာပေါ့။ ရထားမရှိတဲ့ဘူတာ၊ မြက်တွေ ခြုံတွေ ထူနေတဲ့ ဘူတာ အဲဒီလို ပြည်သူ့ဘဏ္ဍာတွေ အလဟသ ဖြစ်သွားမယ့် ပရောဂျက်စီမံကိန်းတွေပေါ့။ ပရောဂျက် စီမံကိန်းရတဲ့သူက တော့ ပရောဂျက်ရအောင် ဆောက်လုပ်ပြီး ငွေထုပ်ပိုက်။ အသုံးမဝင်တော့ နောက်ဆုံးခြုံနွယ်ပိတ်ပေါင်း တွေ ထူထပ်သွားတာပါပဲ။ အခုတောင် ဖြေနေရင်း မီးပျက်နေတယ်။ ဘယ်လို လျှပ်စစ်ကား တွေ သုံးမလဲနော်” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

ရန်ကုန်မြို့နှင့်မြို့ကြီးများတွင် ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး မီးလုံလောက်အောင် မပေးနိုင်သည့်အတွက် တစ်နေ့လုံး၊ တစ်ညလုံး မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။ khit thit

ငါးသိုင်းချောင်းမြို့ ငဝန်တံတားပေါ်မှ လူငယ်တဦး ခုန်ချ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ ငဝန်တံတားပေါ်မှ အသက်နှစ်ဆယ်အရွယ် လူငယ်တဦး စက်တင်ဘာ ၃ ရက်နေ့ ည ၉ နာရီက ခုန်ချခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး နေအိမ်ကိုပြန်လာစဥ် တံတားပေါ် အရောက်မှာ ဆိုင်ကယ်ကိုရပ်ပြီး ခုန်ချခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

“တံတားပေါ်ရောက်တော့ ဆိုင်ကယ်ရပ်ပြီးခုန်ချသွားတာ။ ဦးထုပ်ရယ်၊ ဖုန်းရယ်၊ ဖိနပ်ရယ် တံတားပေါ်မှာ တွေ့တယ်။ အခုချိန်ထိ ရှာနေကြတုန်းပဲ ဘာကြောင့်ခုန်ချသွားမှန်းမသိဘူး။”

အဆိုပါလူငယ်မှာ ငဝန်တံတားပေါ်အရောက် ဆိုင်ကယ်ကိုရပ်ကာ တံတားအောက်ကို ငုံ့ကြည့်ပြီးမှ ခုန်သွားတာဖြစ်ပြီး ဒေသခံတဦးက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ရာမှ သိရှိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“တံတားပေါ်မှာ Redmi 8 ဖုန်းတလုံးရယ်၊ ရှာထိုးဦးထုပ်တလုံးရယ်၊ ဖိနပ်ရယ်၊ ဆိုင်ကယ်ရယ် တွေ့တယ်။ တံတားအလယ်ညာဘက် ခုန်ချသွားတယ်လို့ သိရတယ်။ ဒီမနက်ရှာနေကြတယ်။”

ရေထဲခုန်ချသွားသူမှာ ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်ရွှေတောင်လမ်းနေ အသက် ၂၀ အရွယ် မောင်သျှားသူဟန် ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။

လက်တလောမှာ ငဝန်မြစ်အတွင်း နယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းကာ  စက်လှေတွေနဲ့ လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်တံတားနဝဒေးတံတားပေါ်က သားအမိ နှစ်ဦး ခုန်ချခဲ့သလို ကမာရွတ် အင်းယားကန်ထဲကိုလည်း အမျိုသားတဦး ခုန်ချပြီး သတ်သေခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။ DVB

မင်းကင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ရှောင်ပြည်သူများကို ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ရှောင်ပြည်သူတချို့ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေဟာ ကုန်းမော်ကျေးရွာဒေသခံတွေဖြစ်ပြီး သူတို့ရဲ့နေအိမ်တွေဟာလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေစရာအိမ်မရှိတာကြောင့် တောထဲမှာဖြစ်သလို တဲထိုးနေကြရတဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိပြီး အဲဒီအထဲမှာ အသက် ၅ နှစ်အရွယ်နဲ့ ၁၂ အရွယ် ကလေးငယ်တွေလည်းပါဝင်သလို အမျိုးသမီးတွေလည်း ပါဝင်ကာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ သူတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အဖွဲ့ဟာ ကျော်ရွာကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး အဲဒီတပ်ဖွဲ့ဟာ တောင်တွင်းဒေသကို စက်တင်ဘာ ၁ ရက်နေ့ကတည်းက စတင်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေတာကြောင့် ဒေသခံအများအပြားလည်း အိုးအိမ်စွန့် ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

တောင်တွင်းဒေသဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF အဖွဲ့တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။ DVB

မင်းအောင်လှိုင် အသက်ရှူပေါက်ရနေသော ကိုယ်ကျိုးစီးပွားကြည့် ပိတ်ဆို့အရေးယူမှု

အာဏာသိမ်းစစ်တပ်နှင့် ဆက်နွှယ်သော လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများကို အနောက်နိုင်ငံများက တစ်ကျော့ပြန် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုလာသည်မှာ တစ်နှစ်ခွဲကျော်ပြီ ဖြစ်သည်။ 

ပိတ်ဆို့အရေးယူမှုများ မည်မျှထိရောက်မှုရှိသည်ကို သက်ဆိုင်ရာနိုင်ငံများက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသဖြင့် မြန်မာပြည်သူများလည်း တိတိကျကျ မသိရပေ။

ပြည်သူတို့ကမူ ထိရောက်မှု ရှိမရှိ ဆိုသည်ထက် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အရေးယူသည့်သတင်း ကြားရရုံမျှဖြင့် ကျေနပ်အားရကြပြီး၊ နိုင်ငံတကာက ပြည်သူများနှင့်အတူ ရပ်တည်နေသည်ဟူသော သိစိတ်က နွေဦးတော်လှန်ရေးအတွက် ကြီးမားသော အားဆေးတစ်ခွက် ဖြစ်ခဲ့သည်။

ပမာနှိုင်းရလျှင် မြင်မြင်ရာ ဖျက်ဆီးနေသော ဆင်ရိုင်းတစ်ကောင်၏ အင်အားကို မယှဉ်နိုင်သော်ငြားလည်း ထိုဆင်ရိုင်း၏ နှာမောင်းအတွင်းထိ ဝင်ရောက်ပြီး အသားနုကို ခဲလိုက်မည်ဆိုသည့် ခါချဉ်ကောင်ငယ်၏ စိတ်ဓာတ်မျိုးဖြင့် တော်လှန်နေကြသော ပြည်သူများသည် နိုင်ငံတကာမှ မည်သည့် ထောက်ခံမှုမျိုးကိုမဆို အကျိုးအပြစ် ဝေဖန်ဆန်းစစ်ခြင်းထက် ဝမ်းသာအားရ လက်ခံကြိုဆိုခဲ့ခြင်းက ပိုပါသည်။  

သို့သော် အနောက်နိုင်ငံများ၏ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများသည် တော်လှန်ရေး တစ်နှစ်ခွဲကျော်လာချိန်တွင် မည်မျှထိရောက်မှု ရှိခဲ့သနည်း ဆိုသည့်အချက်ကို ယခုအချိန်တွင် ဆန်းစစ်လေ့လာရန် လိုအပ်လာပါသည်။

ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ၏ ဦးတည်ချက်များ

စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှု အဓိကပြုလုပ်သည့်နိုင်ငံများမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများ ဖြစ်ပြီး၊ ယေဘုယျအားဖြင့် ဦးတည်ချက် သုံးရပ်ဖြင့် ပိတ်ဆို့အရေးယူလေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။ 

ပထမဦးတည်ချက်မှာ မြန်မာပြည်သူများ၏ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားရေး ရုန်းကန်ကြိုးပမ်းမှုကို ကျင့်ဝတ်သိက္ခာအရ ထောက်ခံကြောင်း (Moral Support) ပြသလိုခြင်း ဖြစ်သည်။ ထိုဦးတည်ချက်အတွက် မေးခွန်းထုတ်စရာ ဝိရောဓိ မဖြစ်ပါ။

ဒုတိယဦးတည်ချက်မှာ စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံ မပြုလုပ်ရန် သက်ဆိုင်ရာနိုင်ငံအစိုးရများက စီးပွားရေးလုပ်ငန်းများကို သတိပေးလိုက်ခြင်း ဖြစ်သည်။ ဤဦးတည်ချက်သည် စစ်ကောင်စီကို လတ်တလော မည်သည့်ဖိအားမျိုးမှ သက်ရောက်ခြင်းမရှိပါ။ သို့သော် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းသစ်များ မရရှိရန် တားဆီးခြင်းဖြစ်၍ ဝိရောဓိ မဖြစ်ပါ။  

တတိယဦးတည်ချက်မှာ စစ်အာဏာသိမ်းချိန်တွင် မြန်မာနိုင်ငံ၌ ရောက်ရှိနေပြီးသား ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားများ မဆုံးရှုံးစေရန် အကာအကွယ်ပေးသော ပိတ်ဆို့အရေးယူခြင်းမျိုး ဖြစ်သည်။ ဤအချက်ကို လက်ရှိအချိန်ထိ အနောက်နိုင်ငံများ၏ ပစ်မှတ်ထား အရေးယူမှုများတွင် ထင်ထင်ရှားရှား တွေ့မြင်နေရပြီး၊ ထိုနိုင်ငံများ၏ မြန်မာ့အရေး ရပ်တည်ချက် ဝိရောဓိများက အလေးထား ဆင်ခြင်သင့်သော အချက်ဖြစ်သည်။ 

အမှန်အားဖြင့် မြန်မာ့စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများမှာ အာရှတိုက်မှ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများက အဓိက ဖြစ် သည်။

အနောက်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု သိပ်မရှိလှသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍကဲ့သို့ စီးပွားရေးနယ်ပယ်များတွင် ရင်းနှီးမြုပ်နှံထားသည်ကို တွေ့ရမည် ဖြစ်သည်။ 

ထို့ကြောင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏အကျိုးစီးပွားများကို ကာကွယ်ရေးအခြေခံဖြင့် လုပ်ဆောင်ခဲ့သော ပိတ်ဆို့အရေးယူမှုသည် စစ်ကောင်စီကို မထိခိုက်ရုံမျှမက ပို၍ စီးပွားရေးအကျိုးအမြတ်များ ရရှိသွားခဲ့သည်ကို တွေ့မြင်လာရသည်။  

ထိုအချက်ကို အကြောင်းမဲ့ ပြောဆိုခြင်းမဟုတ်ပါ။ စစ်ကောင်စီကို နိုင်ငံခြားငွေ အလုံးအရင်းရှာဖွေပေးလျက်ရှိသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့ရန် “သွေး စွန်းငွေ” (Blood Money) ပိတ်ဆို့ရေး လှုပ်ရှားမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိသည်။

ထိုလှုပ်ရှားမှု၏ အဓိကပစ်မှတ်ထားခြင်းခံရသော မြန်မာ့ကမ်းလွန် ရတနာသဘာဝဓာတ်ငွေ့သိုက်နှင့် ပိုက်လိုင်းတွင် ရင်းနှီးမြုပ်နှံထားသည့် ပြင်သစ်အခြေစိုက် တိုတယ်လ် (TotalEnergies) ရေနံကုမ္ပဏီကြီးသည် နောက်ဆုံးတွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထဲက တစ်ခုတည်းသော ရေနံကုမ္ပဏီကြီး ထွက်ခွာရန် ဆုံးဖြတ်ပြီးမှ ဥရောပကောင်စီ (European Council) က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ အရေးယူမှု စတင်လုပ်ဆောင်ခဲ့သည်။ 

ထိုဖြစ်စဉ်နှစ်ခု၏ ဆက်စပ်မှုကို လေ့လာခဲ့ရာ ဥရောပကောင်စီ၏ ပိတ်ဆို့အရေးယူမှုကြောင့် MOGE သည် နိုင်ငံခြားငွေရရှိမှု ထိခိုက်သွားရမည့်အစား ပို၍ရရှိသွားကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ ယင်းဖြစ်ရပ်သည် အလွန်ဆိုးရွားသော လွဲချော်မှုကြီး ဖြစ်သွားခဲ့သည်။ 

ထိုသို့ဖြစ်ခဲ့သော အဓိကအကြောင်းရင်းမှာ ဥရောပကောင်စီသည် တိုတယ်လ်၏ အကျိုးစီးပွား မထိခိုက်ရေး အခြေခံပေါ်ကနေ MOGE ကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဥရောပကောင်စီ၏ တိုတယ်လ်ကို ဥပဒေအကာအကွယ်ပေးခြင်းမှ MOGE အမြတ်ထွက်  

၂၀၂၂ ဇန်နဝါရီ ၂၁ တွင် TotalEnergies သည် ရတနာဓာတ်ငွေ့သိုက်နှင့် ပိုက်လိုင်းလုပ်ငန်းများ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ နောက်တစ်လတိတိအကြာ ဖေဖော်ဝါရီ ၂၁ တွင် မြန်မာစစ်တပ်ကို ၄ ကြိမ်မြောက် ပစ်မှတ်ထား အရေးယူမှု ပြုလုပ်ခဲ့ရာ MOGE ကိုပါ ထည့်သွင်းအရေးယူခဲ့သည်။

MOGE ကို ပိတ်ဆို့အရေးယူရသည့် အကြောင်းရင်းကို ဖော်ပြရာတွင် စစ်ကောင်စီသည် ယခုအခါ “MOGE ကို အပြည့်အဝထိန်းချုပ်ထားခြင်းနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အကျိုးအမြတ်များ ခံစားရရှိနေပြီး၊ နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီရှင်သန်မှုကို ဖျက်ဆီးနေသောကြောင့်” ဟု European Council’s Regulation တွင် ဖော်ပြထားပါသည်။

မြန်မာစစ်တပ်၏ နေ့စဉ်နှင့်အမျှ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ အမြောက်အမြားသုံးပြီး ပြည်သူအပေါ် စစ်ပွဲဆင်နွှဲနေသော ကုန်ကျစရိတ်အတွက် နိုင်ငံခြားငွေ အလုံးအရင်းရှာဖွေ ကျားကန်ပေးနေသည်မှာ MOGE ဖြစ်ပါသည်။ MOGE ကို နိုင်ငံခြားငွေရှာဖွေပေးနေသော ကုမ္ပဏီများထဲတွင် တိုတယ်လ်အပြင် အမေရိကန်အခြေစိုက် Chervon ရေနံကုမ္ပဏီကြီးလည်း ပါဝင်နေသည်။  

အဆိုပါ နိုင်ငံခြားငွေများ ရရှိနေမှုကို ပိတ်ဆို့တားဆီးနိုင်မည်ဆိုလျှင် စစ်မိစ္ဆာတို့၏ အဖျက်စွမ်းအားကို ထိရောက်စွာ ကန့်သတ်ရာရောက်ပြီး၊ ပြည်သူများ နေ့စဉ် အသက်ဆုံးရှုံးမှုများကို ကာကွယ်ရာရောက်ပါသည်။ 

ထို့ကြောင့် MOGE နှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသော ပြင်သစ်အခြေစိုက် တိုတယ်လ်နှင့် အမေရိကန်အခြေစိုက် Chevron ရေနံကုမ္ပဏီကြီးတို့ကို MOGE ထံ သွေးစွန်းငွေများ မစီးဆင်းရေးနှင့် သက်ဆိုင်ရာအစိုးရများက အရေးယူပိတ်ဆို့ရေး မြန်မာပြည်သူများ မျှော်လင့်တကြီး တောင်းဆိုနေခဲ့သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။

ယခု ဥရောပကောင်စီက MOGE ကို ပိတ်ဆို့အရေးယူလိုက်သဖြင့် မြန်မာစစ်ခေါင်းဆောင်များထံ ရောက်ရှိမည့် နိုင်ငံခြားငွေများ မရောက်ရှိစေရန် ၎င်းတို့၏ ကြိုးပမ်းမှုများ အရာထင်ခဲ့ပြီဟု အစပိုင်းတွင် မြန်မာပြည်သူများ အားတက်ဝမ်းသာခဲ့ကြသည်။ 

သို့သော် ဥရောပကောင်စီ၏ ပိတ်ဆို့အရေးယူမှုသည် MOGE ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း မရှိသည့်အပြင် တိုတယ်လ် မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရန် စာချုပ်စည်းကမ်းများအရ မြန်မာနှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရမည် ဟူသော အကြောင်းပြချက်ဖြင့် MOGE ကို ငွေပေးချေမှုများ အပါအဝင် အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်းတို့ကို ခြွင်းချက်ထား ခွင့်ပြုခဲ့သည်။ 

ထို့ကြောင့် ဥရောပကောင်စီသည် MOGE ကို ပိတ်ဆို့အရေးယူခြင်းထက် တိုတယ်လ်အတွက် လိုအပ်သော ဥပဒေဆိုင်ရာ အထောက်အပံ့ပေးခြင်းအား လုပ်ဆောင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ရလဒ်အနေဖြင့် MOGE သည် ပို၍ပင် အကျိုးအမြတ် ရရှိသွားခဲ့သည်။

ဥရောပကောင်စီ၏ လုပ်ရပ်သည် တစ်နည်းဆိုရလျှင် မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးနှင့် လူသားလုံခြုံမှု ခြိမ်းခြောက်ခံနေရခြင်းကို တုန့်ပြန်ဆောင်ရွက်ခြင်းထက် ကုမ္ပဏီတစ်ခု၏ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးရန် ပို၍ဦးစားပေးခဲ့သောကြောင့် ဖြစ်သည်။  

တိုတယ်လ်နေရာတွင် PTTEP အစားထိုး တာဝန်ယူခဲ့ခြင်း 

တိုတယ်လ်သည် ရတနာသဘာဝဓာတ်ငွေ့သိုက်နှင့် မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (Moattama Gas Transportation Company) နှစ်ခုစလုံးမှ နုတ်ထွက်သွားရာ ၎င်းပိုင်ဆိုင်သော အစုရှယ်ယာ ၃၁.၂၄ ရာခိုင်နှုန်းကို ထိုစီမံကိန်းတွင် ပါဝင်သော Chevron ၏ ကုမ္ပဏီခွဲဖြစ်သည့် UNOCAL Offshore Co. Ltd,  PTTEPနှင့် MOGE တို့က အသီးသီးခွဲဝေရယူခဲ့ကြသည်။

တိုတယ်လ်သည် ရတနာစီမံကိန်းမှ နုတ်ထွက်သွားသော်လည်း မြန်မာနိုင်ငံ၏ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အပြီးတိုင် ထွက်ခွာသွားခြင်းမဟုတ်ကြောင်း သတိချပ်သင့်သည်။ 

မုတ္တမပင်လယ်ကွေ့တွင် နောက်ထပ် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်သော Block MD-7 တွင် PTTEP နှင့် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ထည့်ဝင်လျက် သဘာဝဓာတ်ငွေ့ရှာဖွေရေးကို ဆက်လက်လုပ်ကိုင်လျက် ရှိနေသေးသည်။ ထိုအစုရှယ်ယာများကို တိုတယ်လ်အနေဖြင့် ရောင်းချထားခြင်းမရှိသလို PTTEP ၏ တရားဝင်အင်တာနက်စာမျက်နှာတွင် တိုတယ်လ်ကို Block MD-7 ၏ ရှယ်ယာရှင်အဖြစ် ဖော်ပြထားဆဲ ဖြစ်သည်။

ဤနေရာတွင် သတိပြုသင့်သည့် အချက်တစ်ခုမှာ တိုတယ်လ် မြန်မာနိုင်ငံမှ ထွက်ခွာမည့်အကြောင်း ကြေညာသည့် ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တစ်နေ့တည်းမှာ Chevron ကလည်း မြန်မာနိုင်ငံက ထွက်ခွာမည့်အကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစပြီး Chevron သည် မြန်မာနိုင်ငံက ထွက်ခွာရန် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ပဲ ပြန်လည်ငြိမ်သက်သွားခဲ့သည်။ 

Chevron  ထွက်ခွာမည်ဆိုလျှင် တိုတယ်လ်ကဲ့သို့ စာချုပ်စည်းကမ်း သတ်မှတ်ချက်အတိုင်း ရှယ်ယာရှင်များကို ၆ လ ကြိုတင်အကြောင်းကြားရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင် တိုတယ်လ်၏ အစုရှယ်ယာအများစုကိုပင် ထပ်မံရယူ ပိုင်ဆိုင်ခဲ့ရာ ရှယ်ယာပိုင်ဆိုင်မှု ၄၁.၁၀၁၆ ရာခိုင်နှုန်းဖြင့် ရတနာဓာတ်ငွေ့စီမံကိန်းကို အများဆုံး ပိုင်ဆိုင်ထားသည်။

မကြာသေးခင်က မြန်မာနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော် လက်မှတ်ရေးထိုး ပြီး သဘာဝဓာတ်ငွေ့မှ ဝင်ငွေများ စစ်ကောင်စီထံ မရောက်ရှိရေး MOGE ကို ပိတ်ဆို့အရေးယူရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ စာပေးပို့ တောင်းဆိုခဲ့သည်ကို တွေ့ရှိရသည်။

အကယ်၍ Chevron သည် ၎င်းကိုယ်တိုင် ဇန်နဝါရီလက ကြေညာထားသည့်အတိုင်း ထွက်ခွာမည်ဆိုလျှင် တိုတယ်လ် ထွက်ခွာသည့်နည်းလမ်းအတိုင်း အမေရိကန်အစိုးရ၏ ဥပဒေအကာအကွယ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ၎င်း၏ အစုရှယ်ယာများကို ပြန်လည်ရောင်းချတွင် ဝယ်ယူမည့်သူများမှာ PTTEP နှင့် MOGE သာ ကျန်ရှိမည်ဖြစ်သည်။ 

တိုတယ်လ်နှင့် ဥရောပကောင်စီအကြား လက်ဝါးချင်းရိုက် လုပ်ဆောင်သကဲ့သို့၊ Chervon နှင့် ဘိုင်ဒင်အစိုးရအကြား Chervon အကျိုးစီးပွားကာကွယ်ရေး လက်ဝါးချင်းရိုက် ဆောင်ရွက်လာပါက MOGE အတွက် နောက်ထပ် အကျိုးအမြတ် ထပ်မံရရှိသွားမည့် အမှားမျိုး ဒုတိယအကြိမ် မကျူးလွန်မိစေရန် အလေးထားလုပ်ဆောင်ရန် လိုအပ်သည်။

စစ်ကောင်စီထံ သွေးစွန်းငွေ မစီးဆင်းရေး နည်းလမ်းမရှိတော့ပြီလော

ယခုနှစ် ဇန်နဝါရီလက Human Rights Watch သည် တိုတယ်လ်ကို စာပေးပို့၍ သဘာဝဓာတ်ငွေ့ရောင်းချရငွေများကို စစ်ကောင်စီအား လွှဲပြောင်းမပေးဘဲ သီးခြားဘဏ်စာရင်း (Escrow account) ဖွင့်လှစ်ပြီး ထိန်းသိမ်းထားရန် တောင်းဆိုခဲ့ဖူးသည်။

HRW ၏ပေးစာကို တုန့်ပြန်ရာတွင် ၎င်းတို့ကုမ္ပဏီအနေဖြင့် MOGE ကို တိုက်ရိုက်ငွေပေးချေမှု မရှိဘဲ၊ သဘာဝဓာတ်ငွေ့ဝယ်ယူသော ထိုင်းအစိုးရပိုင် PTT ကသာ တာဝန်ယူ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် HRW က တောင်းဆိုသကဲ့သို့ သီးခြား ဘဏ်စာရင်းတစ်ခုဖြင့် ထိန်းသိမ်းထားရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း တုန့်ပြန်ခဲ့သည်။

တိုတယ်လ်သည် ရတနာဓာတ်ငွေ့စီမံကိန်း၏ အော်ပရေတာဖြစ်ပြီး၊ လုပ်ငန်းတစ်ခုလုံး၏ ငွေကြေးစီးဆင်းမှုတွင် အဓိကတာဝန်ရှိသော်လည်း။ ၎င်းသည် မည်သို့မျှတာဝန်မရှိပဲ PTT တွင်သာ တာဝန်ရှိကြောင်း ငြင်းဆိုချက်က ကျေနပ်ဖွယ် မရှိလှပါ။ 

ယခုအခါ ထိုင်းအစိုးရပိုင် PTT ၏ နိုင်ငံတကာကုမ္ပဏီခွဲဖြစ်သော PTTEP သည် ရတနာစီမံကိန်း၏ အော်ပရေတာနေရာကို ရယူခဲ့ရာ ထိုင်းနှင့် မြန်မာစစ်ကောင်စီတို့အကြား နီးစပ်မှုကြောင့် MOGE ထံ သွေးစွန်းငွေစီးဆင်းရေးမှာ ပို၍ပင် ခက်ခဲသွားသည့် အနေအထားရှိနိုင်ပါသည်။ 

PTT ကုမ္ပဏီသည် ရတနာ၊ ရဲတခွန်နှင့် ဇောတိက သဘာဝဓာတ်ငွေ့သိုက်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်း ၃ လိုင်းဖြင့် တစ်ဦးတည်းဝယ်လျက်ရှိသည်။ 

ထိုင်းအစိုးရ အကောက်ခွန်ဌာနစာရင်းများအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှစပြီး ၂၀၂၂  ဇူလိုင်အထိ ၁၈ လအတွင်း မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှု တန်ဖိုးမှာ လစဉ် တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရှိရသည်။

ထိုသို့ တန်ဖိုးမြင့်တက်လာခြင်း၏ အကြောင်းရင်းတစ်ခုမှာ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရေနံဈေးနှုန်းများ မြင့်တက်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်သလို၊ လစဉ်သဘာဝဓာတ်ငွေ့ပမာဏကို တိုးမြှင့်တင်သွင်းလာမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ဒေါ်လာ ၁၁၅ သန်းဖိုး တင်သွင်းခဲ့ရာမှ ၂၀၂၂ ဧပြီနှင့် ဇွန်လများတွင် သန်း ၂၀၀ အထိ အမြင့်ဆုံး တင်သွင်းခဲ့သည်။ ၂၀၂၁  ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ (၁၁) လအတွင်း သဘာဝဓာတ်ငွေ့တင်သွင်းမှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁.၆ ဘီလီယံခန့် ရှိပါသည်။ 

၂၀၂၂ ဇန်နဝါရီမှ ဇူလိုင်အထိ (၇) လအတွင်း စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁.၃ သန်းနီးပါခန့် ရှိသဖြင့် ဒီဇင်ဘာလအထိ လက်ကျန် (၅) လအတွင်း တစ်လ ဒေါ်လာ သန်း ၂၀၀ နီးပါး ဝယ်ယူမည်ဆိုပါက တနှစ်လုံးအတွက် သဘာဝဓာတ်ငွေ့တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဘီလီယံကျော်မည်ဟု ခန့်မှန်းနိုင်ပါသည်။ အဆိုပါ တင်သွင်းမှု တန်ဖိုးထဲမှ Chervon, PTTEP နှင့် MOGE က အချိုးကျ ခွဲဝေရရှိမည် ဖြစ်သည်။ 

ယင်းပမာဏသည် ထိုင်းနိုင်ငံတစ်ခုတည်းက ဝယ်ယူတင်သွင်းမှုဖြစ်ပြီး၊ ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့သိုက်မှ တရုတ်နိုင်ငံသို့ တင်ပို့သော ပမာဏတန်ဖိုး ပါဝင်ခြင်းမရှိသေးပါ။

ကမ္ဘာ့ရေနံဈေးနှုန်းမြင့်မားလာသည်နှင့်အမျှ သဘာဝဓာတ်ငွေ့ဈေးနှုန်းများလည်း မြင့်တက်လာတတ်သည့်အတွက် MOGE သည် ယခင်ကာလများထက် သဘာဝဓာတ်ငွေရောင်းချငွေ ပို၍ရရှိနေသည်ကို တွေ့ရှိရသည်။ 

အဆိုပါ အခြေအနေက ပြည်သူများကို ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်ရန် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများက စစ်လက်နက်များ ပိုမိုဝယ်ယူရန် အခွင့်အလမ်းပေးနေသကဲ့သို့ ရှိနေပါသည်။ 

ထို့ကြောင့် သွေးစွန်းငွေ ဖြတ်တောက်ရေး အမေရိကန်နှင့် မဟာမိတ်များက MOGE ကို အရေးယူ ပိတ်ဆို့မှုရန် မည်မျှအရေးကြီးကြောင်း အထက်ပါ ကိန်းဂဏန်းများက သက်သေပြလျက် ရှိသည်။

သို့သော် ဥရောပကောင်စီကဲ့သို့ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်ပြီး ခြွင်းချက်ထား အရေးယူပိတ်ဆို့မှုမျိုး ထပ်မံ မပြုလုပ်သင့်ကြောင်းနှင့် MOGE ကို ပိုမိုကြီးထွားသွားစေမည့် အရေးယူမှု အမှားမျိုး ထပ်မံ မကျူးလွန်သင့်ကြောင်း သတိပေး သုံးသပ်တင်ပြလိုက်ရပါသည်။ myanmar now

စစ်ကောင်စီတပ် အကြမ်းဖက်မှုကြောင့် မြောင် ပြည်သူ ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ် ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ချင်းတွင်းမြစ်ဆုံဝန်းကျင် ကျေးရွာတွေမှာ စစ်ကောင်စီက ဆက်တိုက်အကြမ်းဖက်နေတာကြောင့် ပြည်သူ ၅ ယောက်သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရထားတယ်လို့ မြောင်ဒေသခံ PDF တွေက ပြောပါတယ်။ 

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ချင်းတွင်းမြစ်ဆုံအနီးကျေးရွာတွေကို စစ်ကောင်စီက ဩဂုတ် ၂၄ ရက်နေ့ကနေ စက်တင်ဘာ ၄ ရက်နေ့အထိ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြောင်ဗိုလ်တောက်ထွန်း Special Force တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီက မြောင်မြို့နယ်ထဲကို ရေစကြိုဘက်ကနေ ရေကြောင်းနဲ့ဝင်ရောက်ပြီး လေကြောင်းကနေလည်း အင်အားတွေချထားခဲ့တယ်လို့ ဆိုပါတယ်။ မြောင်မြို့နယ်မှာ စစ်ကောင်စီက အင်အား ၃၀၀ ကျော်အသုံးပြုအကြမ်းဖက်နေတာဖြစ်ပြီး ၁၆ ရက်အတွင်းမှာ ပြည်သူ ၅ယောက်သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရထားပါတယ်။ 

အပြန်အလှန်ပစ်ခတ်တာတွေလည်းရှိခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရတာတွေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြောင် BTT Special Force တာဝန်ရှိ ကိုတောက်တွန်းက “စစ်ကြောင်းက မြစ်ဆုံကိုထိုး၊ မြစ်ဆုံကနေ ငါးရံ့အူ-မင်းလှကိုထိုး၊ မနေ့ကမနက်ခင်းက ကျောက်ရစ်ကျေးရွာမှာ ပြန်ပြီးပူးပေါင်းလိုက်တာလေ။ လောလောဆယ် ကျောက်ရစ်အထိုင်စခန်းမှာ အင်အား ၁၀၀ ကျော်ရှိတယ်။ ပန်းညိုကျေးရွာဘက်မှာက အင်အား ၁၅၀ လောက်ရှိတယ်။ မြောင်မြို့ပေါ်မှာ အခြေချထားတာကလည်း ၇၀ ပတ်ဝန်းကျင်လောက်ရှိတယ်။ ပြည်သူတွေကတော့ အခုလောလောဆယ် လက်နက်ကြီးနဲ့ထုနေတော့ လွတ်ရာရှောင်နေရတာပေါ့။ သေတာက ပြည်သူ ၅ ယောက်ရှိပြီ။ ၁၁ ယောက်ဒဏ်ရာရထားတယ်။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အကြမ်းဖက်နေသလို မကွေးတိုင်းထဲက ကျေးရွာတွေမှာလည်း အကြမ်းဖက်မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဩဂုတ်လအတွင်း မကွေးတိုင်းမှာ နေအိမ် ၁၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မကွေးဒေသခံပြည်သူတွေဟာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီးနောက်ပိုင်း ပစ်ခတ်မှုတွေဆက်ရှိနေတဲ့အတွက် ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ နေအိမ်မီးရှို့ခံထားရသူ  မြိုင်ဒေသခံတယောက်က ပြောပါတယ်။

“အခုလက်ရှိကတော့ ကျမတို့ရွာထဲမှာ မနေရဘူးရှင့်၊ တောထဲမှာ နေရတာ။ ရွာတွေက အကုန်မီးရှို့သွားတာဆိုတော့လေ။ မိုးမလုံ လေမလုံနဲ့ ခက်တောင့်ခက်ခဲတွေနေနေရတာ။ ခံစားရတာက အများကြီးပဲ။ ကျမတို့မှာ တောင်ယာဆိုလို့စပါးပဲရှိတာ။ စပါးတွေ အိမ်တွေ အကုန်လုံး မီးရှို့သွားတယ်ဆိုတော့ စားစရာ ဆန်ရေစပါးလည်းမရှိဘူး။ နေရတာတောထဲမှာ။ လူအိုတွေရော၊ ကလေးငယ်တွေရော အကုန်လုံး ဒုက္ခတွေရောက် နေတယ်ရှင့်။ တောကြိုကြားထဲ ချုံကြားတွေမှာ အမိုးမိုးပြီးနေရတာရှင့်။” 

စစ်ကိုင်းဒေသတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG PDF တွေနဲ့ Local PDF တွေဟာ အတိုင်းအတာတခုအထိ နယ်မြေစိုးမိုးမှု ရလာတယ်ဆိုပေမယ့် စစ်တပ်ကအင်အားသုံးပြီး ထိုးစစ်ဆင်တဲ့အခါမျိုးမှာတော့ လက်နက်ချင်းမယှဉ်နိုင်တဲ့အတွက် အခုလို ပြည်သူတွေအထိနာနေရတာပါ။ 

စစ်ကောင်စီကတော့ စစ်ကိုင်းဒေသတွင်း သတင်းတွေကို ပုံမှန်ထုတ်ပြန်လေ့မရှိဘဲ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ပါတယ်။ DVB

« Older Entries