Monthly Archives: Sep 2022

အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၂၂၆၅ ဦးထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၆၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၃၅၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၂၅၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၃၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရ သူ အရေတွက်ကတော့ ၈၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လွတ်လာသူဦးရေကတော့ ၃,၀၇၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုကျော်သီဟစိုးကို အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်မှာ ထောင် ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တဲ့အပြင် တခြားသပိတ်အဖွဲ့ဝင် ၃ ယောက်ဖြစ်ကြ တဲ့ ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင်တို့ကိုလည်း အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးကပဲ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ စက်တင်ဘာလ ၁ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကိုအောင်နိုင်သူကိုလည်း အိုးဘို အကျဉ်း ထောင်တွင်း အထူးတရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့ တဲ့ စက်တင်ဘာ ၁ ရက်က  ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုအောင်နိုင်သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၁၂ ရက်က မန္တလေးဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခြင်းခံရချိန်မှာ ဖမ်းဆီးခံခဲ့ရတာ  ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

သထုံမြို့နယ်၊ ကြာဘန်းစစ်ဆေးရေးဂိတ်အနီးရှိ စစ်ကောင်စီ ကင်းတဲ ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီကင်းတဲကို သထုံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၅ ရက် ယနေ့ ညနေ ၇ နာရီ ၅ မိနစ်တွင် ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ရာ ကင်းတဲကို ထိမှန်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း သတင်းရရှိသည်။

“စစ်ဆေးရေးဂိတ်နားက ကင်းတဲမှာ စစ်သားနဲ့ ရဲတွေ ထိုင်ပါတယ်၊ ခန့်မှန်း ၁၀ ယောက်လောက် ရှိပါမယ်။ ၄၀ မမ နှစ်လုံး ပစ်တာပါ၊ ကင်းတဲကို ထိမှန်သွားတာမို့ ထိခိုက်မှုရှိပါတယ်။ သူတို့ဘက်က လက်နက်ကြီးရယ် စက်လက်ရယ် ရမ်းပစ်ပါတယ်၊ ကျနော်တို့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာခဲ့ပါတယ်။” ဟု သထုံ ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကြာဘန်းစစ်ဆေးရေးဂိတ် ရဲကင်း ပစ်ခတ်ခံရပြီးနောက် အဆိုပါနေရာတဝိုက် မီးအမှောင်ချထားပြီး လမ်းများ ပိတ်ထားခဲ့ကြောင်း လက်ရှိတွင် ကားများ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

အဆိုပါ ကြာဘန်းစစ်ဆေးရေးဂိတ်အနီး မိုင်ဝက်ခန့် အကွာတွင် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၆ တပ်ရင်း အခြေစိုက်ထားသည်။

တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုစာရင်းကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။khit thit

မြဝတီမြို့ PTTစက်သုံးဆီအရောင်းဆိုင် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း ယမန်နေ့ နေ့လယ် ၁၁နာရီခန့်က အာရှကားလမ်းမဘေး ဘုရင့်နောင်ဈေးအလွန် PTTစက်သုံးဆီအရောင်းဆိုင် အနီးတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်တာတော့ ဟုတ်ပါတယ်၊ ဆီဆိုင်နဲ့က ပေ၂၀၀ လောက်ဝေးတယ်၊ ဘာမှထိခိုက်မှုမရှိဘူး။ သူ့ဟာသူ(စစ်ကောင်စီတပ်ဖွဲ့က) လုပ်ဇာတ်ခင်းတာပဲနေမှာ မြဝတီမှာ နေရာတော်တော်များများ ဗုံးပေါက်တယ်”ဟု မြဝတီဒေသခံတဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း မသိရှိရသေးပေ၊ ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ပျက်စီးမှု မရှိကြောင်းသိရသည်။

မြဝတီမြို့အပါအဝင် မြို့နယ်အချို့ကို စစ်ကောင်စီမှ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ည ၆နာရီမှ မနက် ၄နာရီအထိ အပြင်ထွက်ခွင့် ကန့်သတ်ထားသည်။

မြဝတီမြို့တွင် ယခုနှစ်အတွင်း ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားဂိတ်ရှေ့တွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲခြင်း၊ ကြံ့ခိုင်ဖွံဖြိုးရေးရုံးအနီးတွင် ဗုံးပေါက်ခြင်း၊ သာသနာ့ပါလ တနင်္ဂနွေ ဆွမ်းလောင်းအသင်း ဓမ္မာရုံတွင် ဗုံးပေါက်ကွဲခြင်းများ ဖြစ်ပွားခဲ့သေးသည်။ mizzima

ကူမဲမြို့ တလိုင်းကုန်းရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ တလိုင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို စက်တင်ဘာ ၅ ရက်မနက်က သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သေနတ်သံတွေ ကြားရတယ်၊ ကြောက်လို့ သွားမကြည့်ရဲဘူး။ ခဏနေတော့ အုပ်ကြီးကို သေနတ်နဲ့ ပစ်သွားတာ သေသွားတယ်။ အရင်တခါလည်း သေနတ်နဲ့ အပစ်ခံရတယ်။ ဆေးရုံမှာ ဆေးကုပြီး ပြန်ဆင်းလာတာ။ အခုတခါတော့ သေဆုံးသွားတယ်။”

ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တလိုင်းကုန်းရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အား စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Sint gaing Local people defence force (Sint gaing LPDF) က ပထမအကြိမ် သုတ်သင်ရှင်းလင်းခဲ့ပေမဲ့ အသက်မသေခဲ့ဘူးလို့ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းနှစ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီနောက် ဦးသန့်ဇင်ဟာ စစ်ကောင်စီရဲ့ တာဝန်တွေကို သေနတ်ခါးကြားထိုးကာ ဆက်လုပ်နေပြီး လောင်းကစားဝိုင်းလုပ်တာ၊ အလှူမင်္ဂလာ ဆောင်ပါမချန် ငွေတောင်းနေတာကြောင့် ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kyauk Se District Defense Force -(KDDF) နဲ့ ကူမဲမြို့ပြပြောက်ကျားတပ်ဖွဲ့ (Urban Guerrilla Force Kume) မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ DVB

မြိုင်မြို့နယ် အိုးဖိုကျေးရွာတွင် နေအိမ် ၁၆ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ်မှ အိမ်ခြေ ၁၈၀ ခန့်ရှိသည့် အိုးဖိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၅ ရက် နံနက် ၁၀ နာရီခန့်က မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုတွင် အိုးဖိုကျေးရွာမှ အိမ်ခြေ ၁၆ လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား ၆၀ ခန့်လောက်က နံနက်ခင်း ၁၀ နာရီလောက်မှာ ရွာကို မီးတင်ရှို့ သွားတာဖြစ်တယ်။ ရွာကို လေသင့်ရာအရပ်ကနေ သုံးနေရာခွဲပြီးရှို့တယ်။ အိမ်ခြေကတော့ ၁၆ လုံး ပြာကျ သွားတယ်။ မီးလောင်တဲ့အချိန်က သုံးနာရီနီးပါးကြာတယ်။ စစ်သားတွေ ရွာကထွက်သွားချိန်မှာ မီးငြှိမ်း သတ်နိုင်ခဲ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ၏ လှည့်လည်ရမ်းကားမှုများကြောင့် အိုးဖိုကျေးရွာအပါအဝင် ကျေးရွာငါးရွာမှ လူဦးရေ ၈၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။ mizzima

တိုက်ပွဲကြောင့် မောင်တောလမ်းပိုင်းများ ပိတ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့မှုကျဆင်း

ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ကုန်တင်ပို့လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်တင်ပို့မှု ပမာဏ ကျဆင်းလာတယ်လို့ ကုန်သည်ကြီးတွေက ပြောပါတယ်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှုမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်ပို့တဲ့လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်တင်ပို့မူပမာဏ ကျဆင်းလာနေပြီး အနာဂတ်တွင် ကုန်တင်ပို့မှု လုံးဝရပ်တန့်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ကုန်သည်ကြီးတွေက ပြောပါတယ်။

မောင်တောမြို့မှ ကုန်သည်ကြီးတဦးက “ကုန်သွယ်မှုလမ်းကြောင်းတွေကနေ ကုန်စည်စီးဆင်းမှု တွေ ပိတ်ထားတော့ ကုန်ကားတွေက မရောက်နိုင်ပါဘူး။ ရောက်လာတဲ့ ကားတွေကလည်း စီးပွားရေးဇုန်လမ်းတွေ မကောင်း၊ အဲဒါကြောင့် တဖက်နိုင်ငံကို ကုန်တင်ပို့နိုင်ဖို့ အခက် အခဲတွေ ကြုံတွေ့နေရတယ်။ အခုဆိုရင် ကုန်ကားတွေတစီးမှ မရောက်လာနိုင်တော့ဘူး ဆိုတော့ ကုန်သွယ်မှု ရပ်တန့်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီနဲ့ အေအေတို့ မောင်တော-အငူမော်လမ်းမှာ  တိုက်ပွဲပြင်းထန်ပြီးနောက် သြဂုတ် ၁၄ ရက်နေ့ကစပြီး မောင်တောနယ်စပ် ကုန်စည်စီးဆင်းတဲ့ လမ်းတွေအး​လုံးကို ပိတ်ထားလိုက်တာပါ။

နယ်စပ်ကုန်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးက အဓိကကျပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှုပမာဏမှာ ဇူလိုင်လကထက် ကျဆင်းသွားခဲ့ပြီး လက်ရှိမှာ ကုန်သွယ်မှု လုံးဝရပ်တန့်သွားနိုင်တဲ့ အနေအထား ရှိနေတာပါ။

စစ်တွေ-ဘူးသီးတောင် လမ်းကြောင်းကတဆင့် ဇက်ရေယာဥ်နဲ့ ကုန်တင်ပို့နေတဲ့ ကားသမား တဦးက သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက် အခဲတွေကို အခုလို ပြောပါတယ်။

“လက်ရှိ ကြုံတွေ့နေရတာက စစ်တွေမြို့၊ ရေချမ်းပြင်ဆိပ်ကမ်းကဖြစ်ဖြစ်၊ ကျားမသောက်ဆိပ်ကမ်းက ဖြစ်ဖြစ် ကုန်တွေ တင်ပို့တဲ့အခါ အ နည်းဆုံး ၄ ရက်လောက်ကို စောင့်နေရတယ်။ နယ်လုံလက်မှတ်မကျလို့ စောင့်နေရတာ ရှိတယ်။ အငူမော်ဘက်က သွားလာရတာက အများဆုံးကြာရင် ၂ ရက်လောက်သာ ကြာပါတယ်။ ဘူးသီတောင်က ဘက်ကကျတော့ ၆ ရက်လောက် ကြာသွားတယ်။ အခု ဇက်တွေပါပိတ်မယ်ဆိုတော့ မောင်တောမှာ ပိတ်မိပြီး စားဝတ်နေရေး ကုန်ကျစရိတ်တွေ များပြီး အခက်တွေ့ရမှာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီက မောင်တော-အငူမော်လမ်းကို အကန့်အသတ်မရှိ  ပိတ်ထားတာကြောင့် ကုန်ကား တွေ တင်ဆောင်တဲ့ ဇက်တွေ၊  စစ်တွေ-ဘူးသီးတောင်လမ်းကတဆင့် လာရောက်နေကြရပြီး အခု စက်တင်ဘာ ၅ ရက်နေ့မှစပြီး စစ်တွေ-ဘူးတောင် ဇက်ရေယာဥ်လမ်းကြောင်းပါ ပိတ်တော့မှာမို့ နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားနိုင်ပြီး ကုန်တင်ကားသမားတွေက အခက်အခဲတွေ့နေကြတာပါ။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၂၂ ခုနှစ် မေလမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၃ သန်းအ ထိ တင်ပို့နိုင်ခဲ့ပြီး ဇွန်လမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၃၂ သန်း၊ ဇူလိုင်လမှာ ဒေါ်လာ ၁ ဒသမ ၆၅၂ သန်း၊ သြဂုတ်လမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၄၈၃ သန်းအထိသာ တင်ပို့နိုင်ခဲ့ပြီး တလထက် တလ ကုန်သွယ်မှုပမာဏကျဆင်းနေကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။ DVB

သာယာဝတီမြို့နယ်တွင် စစ်ကောင်စီသတင်း ပေးထောက်ပို့လုပ်သူဟု နာမည်ထွက်နေသူ ၂ ဦး သေနတ် ဖြင့် ပစ်ခတ်ခံရ

ပဲခူးတိုင်း သာယာဝတီမြို့နယ်တွင် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ သတင်း ပေးထောက်ပို့လုပ်နေသူဟု နာမည်ထွက်နေသူနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရ သည်။

ပစ်ခတ်ခံရသူများမှာ နွားသမားများထံမှ နယ်ကျော်ဖြတ်သန်းခ အတင်းအကြပ်တောင်းခံနေသည့် လှည်းလမ်းကူးကျေးရွာအုပ်စု မရမ်းအင်းရွာ ရာအိမ်မှူးစိုးဝင်း၏သားဖြစ်သူ အောင်ချစ်မင်းနှင့် သဲဝါရွာနှင့် ဘိုကြီးကျေးရွာ ရာအိမ်မှူး အောင်ဖဲတို့ဖြစ်ကြောင်း သိရသည်။

“သူတို့က တနင်္ဂနွေနေ့တိုင်း စစ်ကောင်စီအတွက် ဆက်ကြေးသွားပေးရတာ။ တပတ်ကို တနင်္ဂနွေနေ့ တိုင်း အနည်းဆုံး ၁၀ သိန်း ဆက်ကြေးသွားပို့ရတာ။ သူဌေးတယောက်ကနေတဆင့် စစ်ကောင်စီကို သွား ပေးရတာ။ နွားနဲ့ဖြတ်သန်းခတွေကို မိုက်ကြေးခွဲတောင်းထားတာတွေကို သွားပေးရတာ။ အဲ့ဒါတွေ သိထားတော့ သူတို့သွားပေးပြီးအပြန် ဆိုင်ကယ်နဲ့ပြန်လာတာကို အနားကနေကပ်ပြီးပစ်လိုက်တာ။ သူတို့ ရွာကိုပြန်လာတဲ့လမ်းမှာ ပစ်လိုက်တာ” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကပြော သည်။

၎င်းတို့နှစ်ဦးကို သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ပြီး အောင်ချစ်မင်းဆိုသူသေဆုံးခဲ့ပြီး အောင်ဖဲမှာ ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ရေတွင်းကုန်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး လူမိုက် ကျော်အေးဆိုသူကို သာယာဝတီဂဠုန်တပ်ဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့သေးသည်။ mizzima

ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းဖြင့် မည်သူမျှ ဝယ်ရောင်းမလုပ်ဟု လုပ်ငန်းရှင်များ တုံ့ပြန်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်မှာ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက်ပိုပြီး မဖြစ်သင့်တဲ့ ဈေးနှုန်းတွေကို မီဒီယာအချို့မှာ ဖော်ပြထားတယ်လို့ စွပ်စွဲပြောဆိုထားတဲ့အပေါ် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းနဲ့ ဘယ်သူမျှ ဝယ်ရောင်းမလုပ်ကြဘူးလို့ လုပ်ငန်းရှင်တွေက ပြန်လည်တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

“တရားဝင်နိုင်ငံခြားငွေကြေးဈေးကွက်ရဲ့ ဈေးနှုန်းတွေကို မျက်ကွယ်ပြု၍ မဖြစ်သင့်တဲ့ ဈေးနှုန်းများကို မီဒီယာများအနေဖြင့် ဖော်ပြကြေညာနေခြင်းက နိုင်ငံ၏စီးပွားရေးကို ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေတယ်လို့ သုံးသပ်ရပြီး ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေသဖြင့် ထိုသို့ ဆောင်ရွက်ခြင်း မပြုသင့်ကြောင်းနဲ့ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများမှလည်း ထိရောက်စွာ အရေးယူဆောင်ရွက်မယ်” လို့ ဗဟိုဘဏ်က ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခုလို စွပ်စွဲပြောဆိုထားပေမဲ့ ခိုင်လုံတဲ့ သတင်းဌာနကြီးတွေက ရေးသားတဲ့ အချက်အလက်တွေကိုတော့ ယုံမှားသံသယ မရှိတဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်လည်တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “မီဒီယာ ဆိုတဲ့နေရာမှာလည်း တခုနဲ့တခု ကွာပါတယ်။ ဥပမာ တကယ့် သတင်းမီဒီယာကြီးတွေဆိုရင် အချက်အလက်ကိုခိုင်မာအောင် စုံစမ်းပြီးမှ ရေးကြရတာလေ။ ဥပမာ အပြင်မှာ ဒီကနေ့ဆိုရင် ၃၅၀၀ နဲ့ ၃၇၀၀  အရောင်းအဝယ် ဖြစ်တယ်ပေါ့။ အဲဒါကို တချို့ဆိုရှယ်မီဒီယာတွေက ၃၀၀၀ ကျော်သွားပြီ။ မနက်ဖြန် သန်ဘက်ခါ ဆိုရင် ၄၀၀၀ ဖြစ်မယ်။ နောက်တပတ်လောက်ကျရင် ၅၀၀၀ ဖြစ်မယ်။ အဲဒီလိုပုံစံမျိုးနဲ့ သူတို့ ရမ်းသန်း မှန်းသန်းပြီး ရေးကြတာပေါ့။ ပြောချင်တာက မခိုင်လုံတဲ့ သတင်းအချက်အလက်တွေ၊ ဆွယ်ပြီးတော့ ရေးတဲ့ဟာမျိုးတွေ အဲဒါမျိုးတွေကလည်း ရှိကြတော့ ဒါတွေက ပြည်သူတွေကို ပိုပြီးတော့ ချောက်ချားအောင် လုပ်နေတာ၊ ဈေးတွေကို ပိုပြီးတော့ မငြိမ်အောင် လုပ်တာမျိုး ဖြစ်တဲ့အတွက် ဒီလို ဆိုရှယ်မီဒီယာတွေမှာ ရေးနေတဲ့ဟာမျိုးကတော့ အကုန်လုံး ယုံကြည်လို့ မရဘူးပေါ့နော်။ ဒါပေမဲ့ ခိုင်မာတဲ့ မီဒီယာ သတင်းဌာနကြီးတွေမှာ ရေးတယ်ဆိုရင်တော့ သူတို့က ဘာပဲဖြစ်ဖြစ် သတင်းအချက်အလက်တွေကို ခိုင်လုံအောင် စုဆောင်းရပြီးနောက် ခိုင်လုံတဲ့ သတင်းရင်းမြစ်ကနေ ရေးကြရတာဖြစ်လို့ ပြောရရင် ယုံကြည်လို့ ရတာပေါ့” ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၃(ခ)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် ရည်ညွှန်းငွေလဲနှုန်းကို ထုတ်ပြန်ပေးနေတာကြောင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရရှိထားတဲ့ AD လိုင်စင်ရဘဏ်တွေအနေနဲ့ ညွှန်ကြား ချက်များနှင့်အညီ နိုင်ငံခြားငွေလဲလှယ်နှုန်း ဝယ်ဈေး၊ ရောင်းဈေးကို သတ်မှတ်၍ နိုင်ငံခြားငွေကြေး ဈေးကွက် အတွင်းမှာ ဝယ်ယူခြင်း၊ ရောင်းချခြင်းကို ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်မှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းနဲ့ AD လိုင်စင်ရ ဘဏ်တွေ အပါအဝင် ငွေလဲကောင်တာတွေမှာ ဗဟိုဘဏ်သတ်မှတ်နှုန်းထားနဲ့ မည်သူကမျှ အရောင်းအဝယ် မလုပ်ကြတဲ့အကြောင်း လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

“သူ့သတ်မှတ်နှုန်းနဲ့ လိုက်ဝယ်လို့ကတော့ အသက်ပဲ ကြီးသွားမယ်။ ရမှာ မဟုတ်ဘူး။ ဒေါ်လာဈေးက အချိန်နဲ့အမျှ ပြောင်းနေတာလေ။ လေယာဉ်လက်မှတ်ရောင်းတဲ့ အေးဂျင့်တွေဆို မနက်ပိုင်းက တဈေး၊ နေ့လယ်ခင်းက တဈေး အဲဒီလိုနဲ့ ရောင်းနေရတာ။ ငွေလဲကောင်တာတွေလည်း အတူတူပဲ။ ဈေးက တခုနဲ့ တခု မတူဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ဆိုတော့ ဒေါ်လာဈေးက အမှန်တကယ် ပေါက်ဈေးကို သိရဖို့ကို တော်တော်လေး ခက်ခဲလာတယ်။ ဒီတော့ စီးပွားရေးသမားတွေအကုန်လုံးက လက်ရှိပေါက်ဈေးထက်ကို ကျော်လွန်ပြီး သူတို့ သွင်းကုန်တွေအပေါ် ထပ်ဆောင်းထားကြရတယ်။ ဥပမာ ဒီကနေ့ ၃၅၀၀ နဲ့ ၃၇၀၀ ရှိတယ်ဆိုရင် သူတို့သွင်းကုန်တွေအပေါ်မှာ ၄၀၀၀ ကျပ်နှုန်းနဲ့ ဆောင်းထားတာ။ ကြိုပြီးတော့ ကန်ထားတဲ့ သဘောပေါ့။ ဒီဒဏ်ကို ဘယ်သူတွေက ခံရလဲဆို လက်လုပ်လက်စားတွေ နဲ့ ပုံသေလခစား လူတွေ အ ကုန် ခံနေရပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းမီ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်)က ပြည်တွင်းနိုင်ငံခြားငွေကြေး ဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ကျပ် ၁၃၀၀ နဲ့ ၁၄၀၀ ကြားမှာ အရောင်းအဝယ် ရှိခဲ့တာပါ။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ကျပ် ၄၀၀၀ ကျော်အထိ စံချိန်တင်မြှင့်တက်ခဲ့ပြီး ဒီကနေ့ (စက်တင်ဘာ ၅ ရက်)မှာတော့ ကျပ် ၃၅၀၀ နဲ့ ၃၇၀၀ ကြားမှာ အရောင်းအဝယ် ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။ DVB

အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး၊ ရုံးအဆောက်အဦထိ ခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာ ၄ ရက် နေ့လယ် ၃ နာရီခွဲအချိန်ခန့်တွင်၊ ဆိုင်ကယ်စီး လူလေးဦးရောက်လာကာ၊ အနီးကပ်ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ပြီး ဗုံးက ရုံးရှေ့ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ရုံးနှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ရုံးတံခါးမကြီးအပေါ်က လေကာမှန်လောက်ပဲပျက်စီးတယ်၊ တခြားထိမိခိုက်မိတာမရှိဘူး ဟု ၎င်းကပြောသည်။ အဆိုပါတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် Truth Keeping Force-Amarapura အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဗုံးပစ်တိုက်ခိုက်ချိန်တွင် မတော်တဆမှုကြောင့် ပြောက်ကျားတပ်ဖွဲ့၀င် နှစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ပြီး၊ လက်ရှိတွင် လုံခြုံစိတ်ချရသည့်နေရာသို့ ရောက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Truth Keeping Force-Amarapura အဖွဲ့သည် ပြီးခဲ့သည့်သြဂုတ်လ ၂၈ ရက်နေ့ကလည်း၊ အမရပူရမြို့နယ် စျေးချိုတိုက်နယ် လမ်းငါးခွလမ်းဆုံအနီးရှိ မြန်မာစည်ဘီယာရောင်းချသည့် စားသောက်ဆိုင်တစ်ဆိုင်ကို ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။ mizzima

« Older Entries