Monthly Archives: Sep 2022

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ၁၂ ဦး ဖမ်း ဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကုန်းမော်ရွာနဲ့ ဆိတ်သာရွာတို့မှာ စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ပြည်သူများကို ရိုက်နှက် ပစ်ခတ်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ကုန်းမော်ကျေးရွာမှာ ဒေသခံပြည်သူ ၁၂ ဦး ဖမ်းဆီးခံရပြီး အသက် ၃၅ နှစ်အရွယ်အမျိုးသား ခြေထောက် သေနတ်မှန်ခဲ့ကာ အသက် ၂ နှစ်အရွယ်သမီးဖြစ်သူ တင်ပါး ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဒီဘက်မှာက ဖုန်းလိုင်းမရတာနဲ့ ပြေးနေရတာနဲ့ သတင်းကို အချိန်မီ မပြောနိုင်ဘူး။ စစ်ကြောင်းထိုးတဲ့ တပ်က တပ်မ ၂၂ က။ အရင်တခေါက် မီးရှို့ပြီး မလောင်ဘဲနဲ့ ကျန်ခဲ့တဲ့ အိမ်တွေကနေ ဝက်၊ ကြက်နဲ့ ပစ္စည်းတွေ သယ်သွားတယ်။ သေနတ်မှန်တဲ့ သားအဖကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေ နေအိမ်ကနေ ယူဆောင်သွားတဲ့ ဝက်၊ ကြက်နဲ့ ပစ္စည်းများအပါအဝင် စုစုပေါင်း ကျပ်သိန်း ၂၀၀ ဖိုးခန့် ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ စက်တင်ဘာ ၄ ရက်နေ့မှာ ဝင်ဝကျေးရွာနဲ့ ထုံးကြီးရွာကြား စခန်းချခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့မှာ ထုံးကြီးရွာတွင် စခန်းချကာ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက တပ်ချောင်းဝန်းကျင်မှာ ပကဖအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန်လ ၁၃ ရက်နေ့က ကုန်းမော်ရွာမှာ စစ်ကြောင်းထိုးပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ အိမ်ခြေ ၇၀ ကျော် မီးရှို့ကာ နွားအ ကောင် ၂၀ ခန့်နဲ့ ဆန်၊ ဆီတွေလည်း သယ်ဆောင်သွားခဲ့ကြပါတယ်။ DVB

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေး ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ် ခြေ ၂၆ လုံးပြာကျ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့က ဝင်ရောက် မီးရှို့ ဖျက်ဆီးသဖြင့် ပြည်သူပိုင်နေအိမ် ၂၆ လုံးပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပန်းညိုကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ သို့ စက် တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အင်အား ၁၀၀ ကျော်ဖြင့် ရောက်ရှိလာပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်း၊ ဆိုင်ကယ်များ ၊ လူနေအိမ်များနှင့် ကျေးရွာပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၂၆ လုံး ပြာကျသွားကြောင်း သိရှိရသည်။

“ရွာမှာ ရွာဘုံ ပစ္စည်းတွေထားတဲ့ ရွာဘုံဝိုင်းကြီးကိုပါ မီးရှို့သွားတာ။ အိမ်ခြေ စုစုပေါင်း ၂၆ လုံး။ ရွာဘုံဝိုင်းတစ်ဝိုင်း၊ ရွာကို မီးရှို့ခံလိုက်ရတာ။ သူတို့မလာခင် မနေ့ မနက် ၈နာရီလောက်ကတည်းကပြည်သူတွေကို အပြင်ရှောင်ခိုင်း ထားတော့ ဘေးကင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီး မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ khit thit

ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာအတွင်းရှိ စစ်ကောင်စီစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း Adventure – A.S.D တပ်ဖွဲ့တာဝန်ရှိသူထံက သိရသည်။

ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းတွင် ကာ ကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က မဟာမိတ်အဖြစ် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ရှိမ်းမကားကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေနေတဲ့ စခန်းကို စက်တင်ဘာလ ၅ ရက် နေ့လယ် ၂ နာရီအချိန်ခန့်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အကောင်ကြီးတစ်ကောင် အပါအဝင် လေးကောင်ထိတယ်။ အတိအကျတော့ မသိရသေးပါဘူး” ဟု Adventure – A.S.D တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာအတွင်းရှိ ရဲစခန်းအတွင်းတွင် တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျက်ရှိသည်။

ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြေအနေအ သေးစိတ်ကို မသိရှိရသေးကြောင်း A.S.D တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ဒီရွာက ပျူရွာရယ်လို့တော့ မဟုတ်ဘူး။ ရွာကမြစ်ကြောင်းနားမှာတည်ရှိပြီး ရဲစခန်းလည်းရှိတာကြောင့် စစ်ကောင်စီတပ်က ကျေးရွာထဲမှာ တပ်စွဲထားတဲ့ သဘောပေါ့။ မနေ့က တိုက်ခိုက်မှု အခြေအနေမှာ ဒီကောင်တွေ ရွာပြင်တော့ ထွက်မလာဘူး။ ကျွန်တော်တို့လည်း တက်ပစ်ဖို့ မလွယ်ခဲ့ဘူး။ စခန်းတွင်းကနေတော့ ပြန်လည်ပစ်ခတ်မှုတချို့ ရှိခဲ့ပါတယ်” ဟု A.S.D တာဝန်ရှိသူက ဆက်ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို Adventure – A.S.D Drone တပ်ဖွဲ့နှင့် တပ်ပေါင်းစုများဖြစ်သည့် Shwebo Dhuwan(LPDF)၊ DOUNG NI Defence FORCE၊ 96 Soldiers၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ A B R F Drone (LPDF)၊ PLA တပ်ခွဲ (၂)စု (၁)၊ ဗိုလ်ရိုင် (ပကဖ)၊ မတ္တရာ(ပကဖ)၊မီး တောက် တပ်ဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းစစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည့် အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များ၏ အဝေးတွင် ရှောင်ရှားနေထိုင်ပေးကြရန်လည်း A.S.D တပ်ဖွဲ့ တာဝန်ရှိသူက တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ် အရှေ့ခြမ်းအတွင်း စစ်ကြောင်းထိုးမှု မရှိသည်မှာ အချိန်တလကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ဝက်လက်မြို့နယ် အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။mizzima

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးဟု NUG ထုတ်ပြန်

စက်တင်ဘာ ၅ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၄ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးမျာတော့ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ရွှေကူတွင် စစ်တပ်နှင့် မြို့လှ PDF ကြားတိုက် ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ မုံရွာ နမခ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ၊ ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား အ များအပြားသေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၇၇ စစ်ကြောင်းနှင့် မြို့လှ KPDF ကြား စက်တင်ဘာလ ၆ ရက် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ရွှေကူမြို့နယ် မြိုင်ယာကျွန်းမှ သာယာကုန်းရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော ခလရ ၇၇ စစ်ကြောင်းကိုစဥ် မြို့လှ KPDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်စိတ်မှူး လင်းဝါ ပါဝင်သောအဖွဲ့က မြိုင်ယာကျွန်းနှင့် သာယာကုန်းရွာကြားတွင် မိုင်းကွင်းဆင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ KPDF က ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ အထိနာကာ သာယာကုန်းရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ရာ အသက် ၆၀ ခန့် ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦး ပေါင်၌ လက်နက်ကြီးကျည်အစ ထိမှန်ခဲ့ပြီး ကျေးရွာရှိ ပြည်သူနေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ အနောက်မြောင်တိုင်းစစ်ဌာနချုပ် နမခအတွင်းသို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၅ ရက် ယမန်နေ့ ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှု များစွာရှိကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ၁၂၀ မမ ဖြင့် ၉ ကြိမ်၊ ၆၀ မမ ဖြင့် ၁၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမခအတွင်းရှိ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်းအတွင်းသို့ တည့်တည့်ကျရောက်ကာ ထိခိုက်မှုများစွာရှိကြောင်း Chindwin Attack Force က ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို Chindwin Attack Force တပ်ရင်း ၂၊ တပ်ခွဲ ၄ FFP၊ Future Star LPDF၊ Cobra Special Forces၊ Monywa Black Boys တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံးသည်ဟု ဘုတလင် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ဘုတလင်မြို့နယ်၊ လေးမြေကျေးရွာနှင့် တွင်းရွာကြားတွင်လည်းကောင်း ပိုးကုန်းရွာအနီးတွင်လည်းကောင်း နှစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

*စစ်ခွေးတွေက နမခတပ်ထဲကနေ မနေ့က လေးမြေရွာ၊ ဝန်ပိုရွာဘက်ကိုစစ်ကြောင်းထိုးရင်း ဒီနေ့မနက်မှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဗျတ်ဝိဗျတ္တအဖွဲနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။‌ နောက်တစ်နေရာက ဒီနေ့မနက်ခင်း နမခထဲကနေ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းထပ်ထွက်လာတယ်ဗျ။ဘုတလင်-မုံရွာလမ်းအတိုင်းထွက်လာတယ်။ တိုက်ပွဲနှစ်ခုလုံးကို ကျွန်တော်တို့ဘက်က ရှေ့ထွက်လက်နတ်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဗျ။ ပစ်ချက်ကတော့ အတိကျဘဲ။ စခတွေကတော့ အသေများမယ်။ ဒဏ်ရာရသူရော၊သေတဲကောင်ရော စုစုပေါင်း ၃၀ အထက်မှာဘဲရှိမယ်” ဟုလို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ခိုက်ခံရပြီးနောက် တွင်းရွာကို ဝင်ရောက်မီးရှို့နေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်း ရှောင် နေကြရကြောင်း သိရှိရသည်။ khit thit

ဧရာဝတီတိုင်းတွင် သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီက စားသောက်ကုန်များရောင်းချ၍ လူချမ်းသာများထံမှ ပြန်အလှူခံ

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီက စားသောက် ကုန်ပစ္စည်းများရောင်း ချပေးနေ သည်ဟု ဒေသခံများထံက သိရသည်။

ဆန် ၊ဆီ ၊ဆား၊ ကြက်ဥ၊ ငါးသေတ္တာ စသည့် အခြေခံစား သောက်ကုန်များကို တစ်ဝက်စျေးဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ထိုသို့ရောင်းချပေးခြင်းကြောင့် ကုန်ကျသည့် စရိတ်များကို ဧရာဝတီတိုင်းအတွင်းရှိ လူချမ်းသာများထံက ပြန်လည်အလှူခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တချို့မြို့တွေမှာဆိုရင် သက်သာချောင်ချိရေးဆိုပြီး မရောင်းခင်ကတည်းက မြို့ပေါ်မှာရှိတဲ့ ငွေကြေးအဆင်ပြေတဲ့လူတွေဆီက အလှူပတ်ခံနေတာ၊ တချို့မြို့တွေမှာတော့ ရောင်းချပြီးမှ အ လှူခံလိမ့်မယ်၊ ဘာမှတော့ မဟုတ်ပါဘူး၊ သူတို့နာမည်ရရေးကို လျှောက်လုပ်နေကြတာပါ”ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီက သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင်လည်း သက်ဆိုင်ရာ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူး ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဆင်ပြေသောသူများသာ အ ဆိုပါ စားသောက်ကုန်များကို ဝယ်ယူခွင့်ရကြာင်း ဒေသခံများထံက သိရသည်။

“တစ်ဝက်စျေးနဲ့ ရောင်းပေးမယ်ဆိုလို့ သွားကြည့်တာ စစ်ကောင်စီထောက်ခံသူတွေချည်းပဲ တန်းစီနေတာတွေ့ရတယ်၊ သိပ်မကြာပါဘူး သူတို့ရောင်းချနေတာတွေကို ဓာတ်ပုံတွေရိုက်ပြီး ရောင်းတာပြီးသွားတယ်၊ဓာတ်ပုံရိုက်ပြီး မြဝတီနဲ့ မြန်မာ့အသံမှာ ပါရင်ပြီးရောလုပ်နေကြတာပါ” ဟု ပုသိမ်မြို့ပေါ်နေ ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဧရာဝတီတိုင်း အိမ်မဲမြို့ ၊ကန်ကြီးထောင့်မြို့နှင့် ပုသိမ်မြို့များတွင် စစ်ကောင်စီ၏ သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စား သောက် ကုန်ပစ္စည်း ရောင်းချမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ mizzima

ရေစကြိုမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသား တဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာနှစ်ရွာကို စက်တင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားတယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မြေတော်ကျေးရွာကို စစ်သားအင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက မနေ့က မနက် ၉ နာရီလောက်မှာ စတင်ဝင်ရောက်ပြီး နေ့လယ် ၁၁ နာရီလောက်မှာ စတင်မီးရှို့ပြီး နေ့လယ် ၁ နာရီလောက်အထိ မီးလောင်ကျွမ်းခဲ့တယ်လို့ မြေတော်ကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

​”မြေတော်ရွာမှာက နဂိုက ရဲစခန်းအထိုင် ရှိတယ်ဗျ။ ပြီးခဲ့တဲ့ တလလောက်ကမှ ပြန်ရုပ်သွားတာ။ စစ်(…)တွေကတော့ မြေတော်ရွာမှာ ညအိပ်စခန်းချတယ်။ အိမ်ခြေဘယ်လောက် မီးလောင်တယ် ဆိုတာကိုတော့ စစ်(…)တွေ ရွာမှာ ရှိနေသေးလို့ အတိကျမသိရသေးဘူး” လို့ ဆိုပါတယ်။

“ကျနော်တို့ သင့်သည်ကျေးရွာကို စစ်(…)အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက မနေ့က မနက် ၉ နာရီလောက်မှာ ဝင်ရောက်လာတယ်။ ကိုကြည်မင်းနိုင်ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ရေထဲကို ပစ်ချခဲ့တယ်။ နေအိမ် ၃၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်” လို့ သင့်သည်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာထဲကနေအိမ်တွေကို တအိမ်ဆင်း တအိမ်တက် မွှေနှောက်ပြီး အဖိုးတန် လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ခိုးယူသလို ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတယ်လို့ သတင်းရရချင်းပဲ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသလို တောထဲက သစ်ပင်အောက်တွေမှာ ဖြစ်သလိုနေကြရပြီး အစားသောက်တွေလည်း ပါမလာကြလို့ ရှိတာလေးကိုပဲ ဝေမျှပြီး စားသောက်နေကြရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ သြဂုတ်လ ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

မြောက်ဦးစျေးတွင် မိုင်းရှာခြင်းမှာ ပြည်သူ လူထုအား ရည်ရွယ်ချက်ရှိရှိ ကြောက်ရွံ့အောင် လုပ်ဆောင်နေခြင်းဟုဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောက်ဦးမြို့မစျေးကြီးတွင် မိုင်းရှိသည်ဟုဆိုကာ မိုင်းရှာနေခြင်းမှာ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ကြောက်ရွံ့ခြင်းဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

မနေ့က သြဂုတ်လ ၅ရက်နေ့မှစတင်ကာ မြောက်ဦးမြို့မစျေးကြီးကို မိုင်းရှိသည့်အတွက် မိုင်းရှင်းလင်းရန်ရှိသည်ဟုဆိုကာ စျေးဆိုင်ခန်းများကို စစ်ကောင်စီတပ်က ပိတ်ခိုင်းထားပြီး မြောက်ဦးမြို့မစျေးထဲတွင် မိုင်းရှာနေခြင်း ဖြစ်သည်။

“ သူတို့က လုပ်ကြံဇာတ်တွေ လုပ်နေကြတာ၊ ပြည်သူလူထု ကြောက်လန့်အောင် လုပ်နေကြတာ၊ သူတို့ မိုင်းထောင်ချင်နေတာဖြစ်မယ်၊ ဒီနေ့ ၁၀နာရီလောက်က နန်းရာကုန်းနားမှာ အသံမိုင်းတစ်လုံးကို စစ်ကောင်စီက ခွဲခဲ့တယ်လို့သိရတယ်၊ အဲဒါက ပြည်သူလူထုကို သူတို့ တကယ်ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်နေတာသာ ဖြစ်တယ် ”ဟု မြောက်ဦးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ ၁၀နာရီကျော်ခန့်က မြောက်ဦးနန်းရာကုန်းအနီးတွင် အသံမိုင်းတစ်လုံးဖောက်ခွဲခဲ့ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ အသံမိုင်းခွဲခြင်းမှာ စစ်ကောင်စီက ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအနီးတစ်ဝိုက်တွင် စျေးရောင်းနေသည့် စျေးသည်များမှာလည်း ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြကြောင်းသိရသည်။

ယင်းအပြင် မြောက်ဦးမြို့မစျေးတွင် မိုင်းရှာနေခြင်းမှာ အကြံတစ်ခုခုဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် သံသယဖြစ်ဖွယ်ရှိကြောင်းလည်း မြောက်ဦးတက်ကြွ လူငယ်တစ်ဦးက ဆိုသည်။

“ တကယ်ဆို မိုင်းရှာတယ်ဆိုတာက မိုင်းရှာတဲ့လူမှာ အကာအကွယ်ပါတယ်၊ အခုက ဘာမှလည်း မဝတ်ထားဘူး၊ စနစ်တကျနဲ့ မိုင်းရှာနေကြတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး၊ လုပ်ဇာတ်ပုံစံမျိုးဖြစ်နေတယ်၊ အဲဒီလိုလုပ်နေတာက သံသဖြစ်ဖွယ်ရှိပါတယ်။ ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြောက်ဦးမြို့ရှိ စျေးဆိုင်ခန်းနှင့် စျေးဆိုင်များအားလုံးပိတ်သိမ်းထားခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA)ဖက်ကလည်း တိုက်ပွဲအထိနာ အကျအဆုံးများ၍ စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီသည် မြောက်ဦးမြို့တွင် ည အချိန်တွင် စစ်ကားများဖြင့် လှည့်လည်သွားလာကာ မသမာသော လုပ်ရပ်များကို ပြုလုပ်ရန် ကြံစည်နေသည့် အပြုအမူများကို တွေ့မြင်ရသည်ဟုဆိုသည်။

ယင်းအပြင် စက်တင်ဘာလ ၄ရက်နေ့ တွင်လည်း မြောက်ဦးစျေးအား မီးရိူ့ရန် ကြံစည်သည့်လုပ်ရပ်များကို လုပ်ဆောင်ရန် ကြိုးစားခဲ့သည့် ဖြစ်ရပ်များကိုလည်း တွေ့ခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် မြောက်ဦးမြို့အပါအဝင် မြောက်ဦးစျေးကို မီခိုကာ ရောင်းဝယ်ဖောက်ကားနေသည့် ပြည်သူလူထုကို စားဝတ်နေရေး အခက်အခဲ ၊ အကျပ်အတည်း၊ အငတ်ဘေးဆိုက်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် မြောက်ဦးစျေး ကို မီးရှိ့မည့် မရိုးသားသော အကြံအစည်မျိုးဖြစ်သည်ဟု ရက္ခိုင့်တပ်တော်( AA )က ဆိုသည်။ mizzima

« Older Entries