Monthly Archives: Sep 2022

နန်းထိုက်အောင် စစ်ဆင်ရေးအဖွင့်အဖြစ် စစ်ကောင်စီ ရပ်ရွာကာကွယ်ရေးခေါင်းဆောင် ပစ်ခတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ အင်တကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာနေ စစ်ကောင်စီရပ်ရွာကာကွယ်ရေးခေါင်းဆောင်ဆိုသူ ဦးကျော်ဆင့် ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖွင့်အဖြစ် အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသားသည် စက်တင်ဘာ ၆ရက်နေ့ ည ၉နာရီအချိန်ခန့်က ၎င်းနေအိမ်တွင် သေနတ်ဖြင့် ဦးခေါင်းကို သုံးချက်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားကြောင်းသိသည်။

“သူက ရာအိမ်မှူး၊ သူ့ကိုယ်သူ ကျေးရွာကာကွယ်ရေးခေါင်းဆောင်လို့ကြွေးကြော်ထားတယ်၊ ရွာထဲကိုခွေးတွေ(စကစတပ်သား)ခေါ်ထည့်တယ်၊ သတင်းပေးတယ်၊ လက်နက်တောင်းနေတယ်ကြားတယ်၊ ရ မရတော့မသိသေးဘူး၊ လူငယ်တွေ ကို PDF ဆိုပြီးတိုင်တယ်၊ ဖမ်းခိုင်းတယ်၊ သူကတော့ ဒလန်တွေကိုခေါင်းဆောင်ပြီး ဆရာကြီးအထာနဲ့ တစ်ရွာလုံးကို ပတ်မွှေနေတယ်၊ ချဉ်ဖတ်ကောင် တချို့ စခ(စကစတပ်သား)၊ ရခ(ရဲတပ်သား) တွေဆို အကြောင်းမရေရာဘဲ၊ သူက ဖုန်းခဏခဏဆက်ခေါ်တတ်လို့ သူ့ကိုအမြင်ကတ်နေကြတာ”ဟု အင်းတကော်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှပြောသည်။

အဆိုပါ စစ်ကောင်စီရပ်ရွာကာကွယ်ရေးခေါင်းဆောင် ပစ်သတ်ခံရပြီးနောက် ကင်းပိုင်ကျုံကျေးရွာနှင့် အနီးတစ်ဝိုက်မှ ကျေးရွာသားလူငယ်အချို့ကို ခေါ်ယူစစ်ဆေးခြင်းများပြုလုပ်နေကြောင်း သိရသည်။

အင်းတကော်မြို့နယ်အတွင်း စစ်ကောင်စီလက်ကိုင်တုတ်များ၊ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ရဲတပ်ဖွဲ့များအား ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် ၊အသိတရားရကာ ချိတ်ဆက်လာပါကလည်း လူသားခြင်းစာနာစိတ်ဖြင့် အကောင်းဆုံး ကာကွယ်ပေးနိုင်ရန် စီစဉ်ထားကြောင်း အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။mizzima

ဖားကန့် ဗျူဟာကုန်းပေါ်ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လက်နက်များလာချ

ကချင်ပြည်နယ်၊ ဖားကန့်မြို့လယ်က ဗျူဟာကုန်းပေါ်ကို စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီရဟတ်ယာဉ်တစီး လာရောက်ပြီး လက်နက်တွေ လာချသွားတယ်လို့ ဒေသခံတ‌ယောက်က ပြောပါတယ်။

“ဗျူဟာကုန်းမှာ စစ်ရဟတ်ယာဉ်တစီး လာပြီး လက်နက်တွေ လာချသွားတယ်။ ၅ မိနစ်လောက်ပဲ ကြာတယ်။ အဲ့လိုပဲ လက်နက်လာချပြီးရင်တော့ လက်နက်ကြီးပစ်သံတွေ မကြာခဏ ကြားနေရတယ်။ သူတို့က KIA တွေ PDF တွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေဘက်ကို ဒီမြို့လယ် ဗျူ ဟာကုန်းကနေ ပစ်တာ။ အဲ့လို ရဟတ်ယာဉ်နဲ့လာပြီး လက်နက်လာချရင် ဖားကန့်ဒေသခံတွေက လန့်နေကြရတာပဲ။”

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဗျူဟာကုန်းပေါ်ကို လတိုင်းလိုလို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပြီး လက်နက်လာချသွားလေ့ရှိတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိတာပါ။

စက်တင်ဘာ ၇ ရက် မနက် ၈ နာရီလောက်ကလည်း ဖားကန့်မြို့နယ် နောင်းမီကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာကြား ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ DVB

ရွှေ့ပြောင်းလုပ်သားများအတွက် အသိအမှတ် ပြုကတ်များ စက်တင်ဘာလကုန်တွင် ထုတ် ပေးနိုင် NUG ကြိုးစားနေ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ပအလုပ်ကိုင် အသိအမှတ်ပြုကတ် (Overseas Employment Registration Card – OERC) ကို စက်တင်ဘာလကုန်တွင် ထုတ်ပေးနိုင်ရေးကြိုးပမ်းနေသည်ဟု NUG အလုပ်သမားရေးဝန်ကြီးဌာနက သိရသည်။

လက်ရှိအချိန်တွင် လုပ်ငန်းစီမံချက် (Project) ရေးဆွဲခြင်း၊ Project ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (Action Plan) ရေးဆွဲ ခြင်း၊ NUG ထံတင်ပြ၍ မူဝါဒလမ်းညွှန်မှုခံယူခြင်း၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းတို့ကို ပြုလုပ်နေကြောင်းဆိုသည်။

ထို့အပြင် OERC ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်သူသို့ အသိပေးကြေညာခြင်း၊ Online Survey Form (Application) နှင့် Card Design ရေးဆွဲခြင်း၊ လုပ်ငန်းစဉ်အပေါ် SWOT Analysis ပြုလုပ်သုံးသပ်ခြင်း၊ ကြုံတွေ့လာနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ပြီးဖြစ်သည်ဟုလည်း သိရသည်။

သို့သော်လည်း စစ်တမ်းကောက်ယူခြင်းနှင့် OERC ထုတ်ပေးခြင်းလုပ်ငန်းစဉ်အတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးမည့် OERC ကိုယ်စားလှယ်များ တာဝန်ပေးခန့်အပ်ခြင်း၊ ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့်စည်းမျဉ်း သတ်မှတ်ချက်များရေးဆွဲခြင်းနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်မည့် အသေးစိတ်သတင်းအချက်များ ထုတ်ပြန်ကြေညာခြင်းများပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း အလုပ်သမားရေးဝန်ကြီးဌာနမှသိရသည်။

OERC ကတ်ပြုလုပ်ပေးမည့် ပထမဆုံး Pilot Project အတွက် မလေးရှားနိုင်ငံမှ လုပ်သားများကို စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ ပထမဆုံး pilot project အနေနဲ့ မလေးရှားမှာစတင်ပါမယ်။ ပြီးရင်တော့ မြန်မာ အလုပ်သမားတွေ အများစုရှိတဲ့ နိုင်ငံတွေမှာ ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု NUG ၏ အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ၎င်းတို့၏ အသိအမှတ်ပြုကတ်ပြားအတွက် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းမှုများပြုလုပ်နေပြီ ဖြစ်ကြောင်းသိရသည်။

ရွှေ့ပြောင်းလုပ်သားအများစုရှိနေသည့် နိုင်ငံတိုင်းတွင် ကတ်ပြားများထုတ်ပေးရန် စီစဉ်ထားသော်လည်း လုပ်သားများက မိမိကိုင်ဆောင်မည့် ကတ်ကို ရွေးချယ်ခွင့် ရှိသည်ဟု NUG အလုပ်သမားရေးဝန်ကြီးက ဆိုသည်။

ပြည်ပအလုပ်ကိုင် အသိမှတ်ပြုကတ် (Overseas Employment Registration Card – OERC) ကို ယခင်က ထုတ်ပေးနေသည့်ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Oversea Worker Identification Card – OWIC) နေရာတွင် အစားထိုးအသုံးပြုနိုင်မည်ဖြစ်သည်။

“ ဒီကတ်က အရင်ထုတ်ပေးနေတဲ့ OWIC ကတ်နေရာမှာ အစားထိုးပြီးထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီကတ်ကိုင်ဆောင်ထားသူအလုပ်သ မားတွေ အခက်အခဲ အန္တရာယ်တွေ ကြုံရရင် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ကူညီမှုတွေလုပ်ပေးမှာပါ ” ဦးကျော်နီကပြောသည်။

ပြည်ပနိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းအလုပ်သမားများ အဖြစ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံလူဦးရေ၏ ၁၀ရာခိုင်နှုန်းခန့် ရှိနေကြောင်းသိရသည်။

အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံ၌ပင် တရားဝင်သာမက တရားမဝင်အလုပ်သမားအဖြစ်ပါ မြန်မာနိုင်ငံသား အများအပြားသွားရောက်လုပ်ကိုင်လျက်ရှိနေသည်။ mizzima

မိတ်ဆွေဟု သတ်မှတ် ပြုံးရွှင် ရယ်မောခဲ့သော်လည်း သေဆုံးချိန်တွင် “မနှစ်မြို့ စိတ် ညစ်ညူးဖွယ်ရာ” ဟု မှတ်ချက်တစ်ခုသာပြုခဲ့သည့် ပူတင် နှင့် လစ်ဗျားအာဏာရှင် ကဒါဖီ နိဂုံးဆိုး (သို့မဟုတ်) မင်းအောင်လှိုင် ယူရမည့် သင်ခန်းစာ

အာဏာရှင် ဆိုတာဟာ မိမိရဲ့ အာဏာရရှိရေး ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူတွေ အပါအဝင် ဘယ်သူ့ကိုမဆို သတ်ဖြတ် စတေးဖို့ ဝန်မလေးတတ်ဘူးဆိုတာ သမိုင်းသက်သေတွေ မြောက်များစွာရှိခဲ့ပြီး ဖြစ်ပါတယ်။

အခု ဒီဆောင်းပါးမှာတော့ အာဏာရှင် ကဒါဖီ ကျဆုံးခန်းမှာ မိတ်ဆွေဖြစ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ တုံ့ပြန်မှုကို အဓိက တင်ပြမှာ ဖြစ်ပါတယ်။ ရုရှားနဲ့ လစ်ဗျား နောက်ခံသမိုင်းကြောင်းတွေကို ရှည်ရှည်ဝေးဝေး ပြောမှာမဟုတ်ဘဲ အတို ချုပ်ပဲ ဖော်ပြမှာဖြစ်သလို အာဏာရှင်တွေရဲ့ စိတ်နေစိတ်ထားကို အဓိက သိစေချင်တာဖြစ်ပါတယ်။

အာဏာရှင် ရုရှားသမ္မတ ပူတင်

=================

ယူကရိန်းနိုင်ငံကို အကြောင်းပြချက်မရှိဘဲ ကျူးကျော်ခဲ့တဲ့ ရုရှားသမ္မတပူတင်က အာဏာရရှိရေး စိတ်တိုင်းကျ ဥပဒေတွေကို ခြယ်လှယ် လုပ်ကိုင်နေတဲ့ အာဏာ ရှင်တစ်ဦးဆိုရင် မမှားပါဘူး။

ရုရှားသမ္မတ Boris Yeltsin က သမ္မတအဖြစ်မှ နုတ်ထွက်ကြောင်း ၁၉၉၉ ခုနှစ်နှစ်ကုန်မှာ ကြေညာပြီး ပူတင်ကိုဆက်ခံသူ သမ္မတအဖြစ် ရွေးချယ်ချိန်မှစတင်ပြီး ပူတင်က ရုရှားသမ္မတဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် မေလအထိ သမ္မတ သက်တမ်း နှစ်ဆက်၊ အဲဒီနောက် ၂၀၀၈ ခုနှစ် မေလမှ ၂၀၁၂ ခုစ် မေလ အထိ ရုရှားဝန်ကြီး ချုပ် အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်ကနေ အခုအချိန်အထိ ရုရှားသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သူရဲ့ သမ္မတသက်တမ်းကို ၂၀၃၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်လို့ရအောင်လည်း ဥပဒေတွေ အမျိုးမျိုး သူပြုပြင်ပါတယ်။

၂၀၀၀ ခုနှစ်ကတည်းက အခုအချိန်အထိ ရာထူး၊ အာဏာကို ပုံစံအမျိုးမျိုးနဲ့ ရယူ ထိန်းချုပ်လာခဲ့တဲ့ပူတင်ဟာ တကယ်တော့ အာဏာရှင်တစ်ဦးပါပဲ။ အတိုက်အခံတွေ အဆိပ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ စတဲ့ ရက်စက်မှုများစွာ အသုံးပြုပြီး ဖိနှိပ်သူလည်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ယူကရိန်းကို ကျူးကျော်တဲ့အထိ လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

လစ်ဗျားခေါင်းဆောင်ကဒါဖီ

===============

ကဒါဖီဟာ လစ်ဗျားနိုင်ငံကို ဆယ်စုနှစ် ၄ စု နီးပါး (၁၉၆၉ -၂၀၁၁) အထိ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ခေါင်းဆောင် ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကဒါဖီဟာ လစ်ဗျားတော်လှန်ရေးသမား၊ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။

လစ်ဗျား အာရပ် တော်လှန်ရေးအဖွဲ့ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ လစ်ဗျား ဆိုရှယ်လစ်အဖွဲ့ ခေါင်းဆောင်အဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး အာရပ်အမျိုးသားရေးဝါဒ၊ အာရပ်ဆိုရှယ်လစ်ဝါဒတွေကို ချမှတ်ခဲ့တဲ့ အကြွင်းမဲ့ အာဏာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံ အသွင်ပြောင်းခဲ့ပြီး ရေနံလုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင် သိမ်းယူခဲ့ပါတယ်။ သူ့လက် ထက်မှာ သတ်ဖြတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

သူက အမေရိကန်နဲ့ အနောက်အုပ်စုကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တဲ့ အဖွဲ့တွေကို ငွေကြေးထောက်ပံ့ခဲ့ပြီး အရှေ့အလယ်ပိုင်းမှာလည်း သူရဲ့ ဩဇာကျယ် ပြန့်ဖို့နဲ့ အမျိုးသားရေးဝါဒ ထွန်းကားဖို့ ငွေကြေး တွေ မြောက်မြားစွာ ပံ့ပိုး သုံးစွဲခဲ့သူလည်းဖြစ်ပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေလည်မှုတွေကြောင့် ၁၉၈၆ ခုနှစ် အမေရိကန်က လစ်ဗျားကို ဗုံးကျဲခဲ့ပါတယ်။ အဓိကကတော့ အမေရိကန်တွေသေဆုံးစေခဲ့တဲ့ အနောက်ဘာလင်နေရာတစ်ခု ဗုံးခွဲမှုမှာ လစ်ဗျားက အဓိက ကြိုးကိုင်ခဲ့တာကြောင့်ပါ။

၂၀၁၁ ခုနှစ်မှာ အာရပ်နွေဦးတော်လှန်ရေးကြောင့် လစ်ဗျားနိုင်ငံတစ်ဝန်းမှာ အာဏာရှင် ကဒါဖီပြုတ်ကျရေး ဆန္ဒပြပွဲတွေကတစ်ဆင့် ပြည်တွင်းစစ် တကျော့ ပြန်ဖြစ်ပွားခဲ့ပါတယ်။

အာဏာရှင် ကဒါဖီဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတွင်း ထွက်ပြေး တိမ်းရှောင်ရင်း ကဒါဖီ ဆန့်ကျင်ရေး ကောင်စီ(NTC)ရဲ့ ဖမ်းဆီးခြင်းခံရပြီး သေနတ်ဒဏ်ရာနဲ့ လမ်းပေါ်မှာပဲ ကဒါဖီ သေဆုံးသွားခဲ့ရပါတယ်။

ရုရှားဖောက်သည် လစ်ဗျား

================

၁၉၆၉ ခုနှစ် လစ်ဗျားဘုရင်ကို ဖြုတ်ချပြီး ကဒါဖီ အာဏာရလာချိန်မှာ ပထမဆုံး လစ်ဗျားအစိုးရသစ်ကို အသိ အမှတ်ပြုတာက ဆိုဗီယက်ယူနီယံ(ယခု ရုရှားနိုင်ငံ) ဖြစ်ပါတယ်။

နယ်ပယ်အားလုံးမှာ ဆိုဗီယက်ရုရှားက လစ်ဗျားနဲ့ ပူး ပေါင်းဆောင်ရွက်ခဲ့ပြီး ကဒါဖီက ၁၉၇၆၊ ၁၉၈၁ နဲ့ ၁၉၈၅ ခုနှစ်တွေမှာ ဆိုဗီယက် ကို တရားဝင်သွား ရောက် လည်ပတ်ခဲ့ပါတယ်။

ရုရှားထံကနေ လစ်ဗျားက စစ်လက်နက် ပစ္စည်းတွေ အမြောက်အမြား ဒေါ်လာ ဘီလီယံချီ ဝယ်ယူတဲ့ ဖောက်သည်ကြီးလည်းဖြစ်ပါတယ်။ ကဒါဖီဟာ ရုရှားရဲ့ ဖောက်သည်ဖြစ်ပါတယ်။ ကဒါဖီဟာ ရုရှားရဲ့ ဖောက်သည်ကြီးဖြစ်သလို နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်းခင်းခဲ့ကြတာပါ။

ပူတင်နဲ့ကဒါဖီ တွေ့ဆုံမှု

==============

၂၀၀၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ရုရှားသမ္မတပူတင်ဟာ လစ်ဗျားကို သွား ရောက် လည်ပတ်ပြီး လစ်ဗျားကဒါဖီနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်း ဖောက်ခဲ့ကြပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှု စာချုပ်တွေ၊ လစ်ဗျားနိုင်ငံ ကာကွယ်‌ ရေးစနစ် တိုးမြှင့်ဖို့တွေ အပါအဝင် ပူတင်နဲ့ ကဒါဖီအကြား ပြုံးပြုံးရယ်ရယ် ပျော်ပျော်ရွှင်ရွှင်နဲ့ မိတ် ဆွေအဖြစ် ကြည်ကြည်နူးနူးရှိခဲ့ကြတယ်။

ပူတင်က ကဒါဖီကို ရှရှားလာဖို့ ဖိတ်ခဲ့တဲ့အပြင် အမြဲတမ်းမဟာမိတ်တွေအဖြစ် ဆိုတာတွေကိုပါ ပြောဆိုခဲ့ကြတာပါ။

အသေဆိုးတဲ့ ကဒါဖီ သေဆုံးချိန် ပူတင်ရဲ့ မှတ်ချက်

============================

ဆန္ဒပြပွဲတွေနဲ့ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကဒါဖီဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတွင်းမှာ ဆန့်ကျင်သူတွေရဲ့ လက် ချက်နဲ့ အသေဆိုးစွာ သေဆုံးခဲ့ရပါတယ်။

ကဒါဖီ သေဆုံးချိန်မှာ မိတ်ဆွေကြီး ရုရှားသမ္မတပူတင်က ကဒါဖီအလောင်းကို မြင်ရတာ စိတ်ညစ်ညူးဖွယ်ရာ မနှစ်မြို့ဖွယ်ရာလို့ ပဲမှတ်ချက်ပြုခဲ့ပါတယ်။

ကဒါဖီ သေဆုံးချိန်မှာ မိတ်ဆွေဖြစ်သူ ပူတင်ရဲ့ မှတ်ချက်ကိုလည်း ကြည့်ရ အောင်ပါ။

“ကဒါဖီ မိသားစုဝင်အားလုံး အသတ်ခံလိုက်ရတယ်။ ကဒါဖီအလောင်းကို ကမ္ဘာ့ရုပ်မြင်သံကြားလိုင်းတွေအားလုံးမှာ ပြသနေတယ်။ ဒါတွေကို မြင်ရတာ စိတ် ညစ် ညူးဖွယ်ရာနဲ့ မနှစ်မြို့ဖွယ်ရာပါပဲ။ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ကဒါဖီ အသက်ရှင်နေသေးပေမယ့် သူ့ဘ၀က အဆုံးသတ်ခံလိုက်ရတယ်” လို့ ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။

ပူတင်ရဲ့ မှတ်ချက်ထဲမှာ တွေ့ဆုံချိန်က ခင်မင် ရွှင်ပြုံးခဲ့ရသူ မိတ်ဆွေ ကဒါဖီအတွက် ဝမ်းနည်းတယ် ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါသလို နိုင်ငံရေးအရလည်း မဖြစ်သင့်ဘူးဆိုတာမျိုး မိတ်ဆွေဘက်က ကာကွယ်ပြောဆိုသွားတာမျိုး မလုပ်ခဲ့ပါဘူး။

ပူတင်ပြောဆိုမှုကို အနှစ်ချုပ်ပြန်ကြည့်ရင်တော့ “ကိုယ်ဖြစ်ကိုယ်ခံ မင်းကို မြင်ရတာ ငါတော့ စိတ်ညစ်တယ်” လို့ ပူတင် ပြောဆိုခဲ့တာဆိုရင် မမှားနိုင်ပါဘူး။

အကြမ်းဖက် မင်းအောင်လှိုင်အတွက် သင်ခန်းစာ

===========================

မင်းအောင်လှိုင်ဟာ ရုရှားသမ္မပူတင် လက်အုပ်လေးချီလို့ မင်္ဂလာပါဆိုပြီး အ ပြေး အလွှား နှုတ်ဆက်နေရပါတယ်။ သူ့စိတ်ထဲမယ် ပူတင်ဟာ သူ့ရဲ့ ကယ် တင်ရှင်လို့ မှတ်ယူထားပုံရပါတယ်။ အကြိမ်ကြိမ် တွေ့ဖို့ ကြိုးစားခဲ့ပေမယ့် အခုမှ တွေ့ခွင့်ရလို့ အတော်ကို ပျော်မြူးနေပုံပါပဲ။

ကမ္ဘာ့ခေါင်းဆောင်ကြီး၊ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးရယ်လို့ မြှောက်ပင့်ပြောဆိုမှုတွေ အရှက်သိက္ခာမဲ့စွာ မင်းအောင်လှိုင်က လုပ်ဆောင်ခဲ့ပါတယ်။

တကယ်တော့ ပူတင်ကလည်း တစ်ကမ္ဘာလုံး ၀ိုင်းပယ်ခံထားရလို့ မင်းအောင် လှိုင်လို ဘာမှ အရေးမပါတဲ့ နိုင်ငံတစ်ခုက လူကို လက်ခံ တွေ့ဆုံတယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

တစ်ချိန်က ရေနံနဲ့ ကြွယ်၀ချမ်းသာပြီး ကမ္ဘာ့နိုင်ငံရေး ဇတ်ခုံပေါ်မှာ လူစွာဖြစ်တဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီလို မိတ်ဆွေမျိုးကိုတောင် အလေးမထားခဲ့တဲ့ ပူတင်ဟာ မင်းအောင်လှိုင်လို အကြမ်းဖက် စစ်ခေါင်းဆောင်တစ်ယောက်ကိုလည်း သူ့အကျိုးစီးပွားအတွက် အသုံးချဖို့နဲ့ လက်နက်ရောင်းဖို့ပဲ စိတ်ဝင်စားတာပါ။

ပူတင်ကိုယ်တိုင်ကလည်း ကဒါဖီလို အဆုံးသတ် ဖြစ်မှာကို စိုးရိမ်နေရချိန်ဖြစ်ပါတယ်။ ကဒါဖီလို အဆုံးသတ်ရမယ့် မင်းအောင်လှိုင်အနေနဲ့လည်း သူအဆုံး သတ်ချိန်မှာ ပူတင်ဟာ သူ့ကို ကာကွယ်ပေးနိုင်မယ့် သူမဟုတ်ဘူးဆိုတာ ကြို တင် သင်ခန်းစာ ယူသင့်ပါတယ်။ khi thit

နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း လုယက်မှုများ တိုးလာနေ

စစ်ကောင်စီ အဓိကအ‌ခြေစိုက်ရာ နေပြည်တော်မှာ လုံခြုံရေးကို အဓိက တင်းကျပ်ထားပေမဲ့လည်း လုယက်မှုတွေကတော့ နေ့ခင်းဘက်တွေမှာတောင် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

နေပြည်တော် အဝင်အထွက်ဂိတ်တွေ၊ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးတွေ အမြဲမပြတ် ရှိနေတတ်ပေမဲ့ လူအသွားအလာနည်းတဲ့ လမ်းတွေမှာတော့ လုယက်မှုတွေက တိုးလာတာပါ။

အထူးသဖြင့် အမျိုးသမီးတယောက်တည်း ဆိုင်ကယ်စီးလာပါက လုယက်သူတွေအတွက် ပိုပြီး မျက်စိကျစရာ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းက လုယက်မှုနဲ့ ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတယောက်က “အမတို့က ကားနဲ့နော်။ အဲ့ဒီနားက လူနည်းနည်းပြတ်လေ့တော့ရှိတယ်။ ဒါပေမဲ့ ပုံမှန်သွားနေကျ။ တခါမှလည်း ဒီလိုမဖြစ်ဘူးလေ။ အဲ့ဒီနေ့က ဘေးနားက ဆိုင်ကယ်နှစ်စီးနဲ့ လိုက်လာပြီး ကားမှန်တွေကို လိုက်ရိုက်ခွဲတာ။ တုတ်‌‌ေတွနဲ့။ ပါးစပ်ကလည်း ဘာတွေအော်နေမှန်း မသိဘူး၊ အော်ပြီးလိုက်ရိုက်တာ၊ အမြန်မောင်းပြေးခဲ့ရတယ်” လို့  ပြောပါတယ်။

နေပြည်တော်မှာ လုယက်မှုတွေ ဖြစ်ပွားလေ့ရှိရာမှာ လူအပြတ်များတဲ့ ဟိုတယ်ဇုန်အတွင်းက Junction အနောက်ဘက်လမ်းတွေနဲ့ သံတမန်ဇုန်အတွင်းက လမ်းတွေမှာ အဖြစ်များလေ့ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ရာဇသင်္ဂဟ လမ်းမကြီးပေါ်တွေမှာပါ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

ဝန်ထမ်းအမျိုးသမီးတယောက်က “ညီမတုန်းက မိုးတွေလည်းရွာနေတော့ ဆိုင်ကယ်ဖြည်းဖြည်းပဲ စီးလာတာ။ အလုပ်ကနေ အိမ်ပြန်လာတာပေါ့၊ ညနေပိုင်း။ ဘေးနားကနေ ဆိုင်ကယ်နဲ့ အနားကပ်လာပြီး လွယ်အိတ်ကို ဆွဲလုသွားတာ။ အိတ်နဲ့ ပိုက်ဆံနည်းနည်း ပါသွားတယ်” လို့ ပြောပါတယ်။

နေပြည်တော်မှာ လုယက်မှုတွေ ဖြစ်ပွားနေရာမှာ အခု စက်တင်ဘာ ၁ ရက်ကနေ ၇ ရက် အတွင်းမှာပဲ လုယက်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း နေပြည်တော်အတွင်း နေထိုင်သူတချို့က ဆိုပါတယ်။ DVB

ပုံဟောင်းများဖြင့် နောင်ချိုတိုက်ပွဲတွင် TNLA နှင့် PDF တို့၏ လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိသည် ဟု ဖြန့်ဝေမှုများရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် TNLA နှင့် PDFတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ သည်ဟု သတင်းဓါတ်ပုံများနှင့်တကွ စစ်ကောင်စီဝါဒဖြန့်ဖေ့စ်ဘုတ်အကောင့်များတွင် ဖော်ပြလျက်ရှိ သည်။ ထိုပုံများမှာ ပုံဟောင်းများသာ ဖြစ်သည်။

“ခြင်္သေ့မင်း” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ စက်တင်ဘာ ၁ ရက်နေ့တွင် “နောင်ချိုဘက်မှာ တပ်မတော် ကပဲ ၁၀၀၀ လောက်ကျသလိုလိုဖွနေလို့ မိမိဘက်မှ ထိခိုက်မှုကိုမရှိတာပါဗျာ TNLA+ပဒက် ပူးပေါင်းအဖွဲ့ ထံမှ အလောင်းအချို့ရနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ”(မူရင်းသတ်ပုံအတိုင်း)ဟု ရေးသားဖော် ပြထားပြီး ‌ဓာတ်ပုံအချို့နှင့်အတူ ဖော်ပြထားသည်။

သတင်းမှားဖြန့်ဝေသည့် လင့်ကိုအောက်တွင်ကြည့်နိုင်သည်။

https://bit.ly/3RjXymv ,

https://bit.ly/3TLCuqt

အဆိုပါသတင်းနှင့်ပတ်သက်၍ မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာတွင် ပုံအဟောင်း များကို အသုံးပြု၍ဖြန့်ဝေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

TNLA ယူနီဖောင်းပါပုံအားစစ်ဆေးခဲ့ရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ကျောက်မဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ပုံဖြစ်ပြီး သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။

https://bit.ly/3wVpBjW

သိမ်းဆည်းရမိသည့် လက်နက်များ၏ပုံကိုစစ်ဆေးခဲ့ရာတွင် တွစ်တာရှိ “Matt W” အကောင့်မှ RCSS နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖော်ပြထားသည့် ဓာတ်ပုံသာ ဖြစ်သည်။

https://bit.ly/3TJa6W1

ထို့အပြင် နောင်ချို့မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာ မရှိခဲ့ ကြောင်းနှင့် ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာသာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မှ ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

https://bit.ly/3KQMSJN

ခြင်္သေ့မင်းအကောင့်၏ ဖြန့်ဝေမှုအနက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုသာ မှန်ကန်ပြီး ပုံအမှားများဖြင့် အချက်အလက်များ လွဲမှားရေးသားထားသည့် သတင်းတုသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

ပြည်တွင်းစက်သုံးဆီစျေး ပြန်မြင့်တက်

စက်သုံးဆီကဏ္ဍထဲကို ‌‌ဒေါ်လာသန်း ၂၀၀ ထည့်သွင်းပေးပြီး ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ စက်သုံးဆီတွေ မကြာခင်ရက်ပိုင်းအတွင်း ဝင်ရောက် လာတော့မယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပေမဲ့ ပြည်တွင်းစက်သုံးဆီစျေးတွေ ပြန်လည် မြင့်တက်လာနေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီစျေး ကျဆင်းဖို့အတွက် နိုင်ငံခြားငွေကြေး ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ချထားပေးမယ်လို့ သြဂုတ် ၃၁ ရက် ညနေပိုင်းက ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာပြီး နောက်ရက်မှာ ကမ္ဘာရေနံဈေး ကျဆင်းမှုနဲ့အတူ ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းစျေးတွေလည်း ပြန်လည်ကျဆင်းခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်ကနေ ၂ ရက်အတွင်း ဓာတ်ဆီတလီတာကို ကျပ် ၃၀၀ ကျော်၊ ဒီဇယ် တလီတာကို ကျပ် ၂၀၀ ကျော် ပြန်ကျဆင်းခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၃ ရက်က စတင်ပြီး တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ရန်ကုန်မြို့အတွင်း ဖြစ်ခဲ့တဲ့ စက်သုံးဆီစျေးနှုန်းတွေက အောက်တိန်း ၉၂ တလီတာကို ၂,၂၉၀ ကျပ်၊ ၉၅ တလီတာကို ၂,၃၅၅ ကျပ်၊ ဒီဇယ် တလီတာကို ၃,၀၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၃,၀၈၅ ကျပ်ဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာတော့ အောက်တိန်း ၉၂ တလီတာကို ၂,၄၅၀ ကျပ်၊ ၉၅ တလီတာကို ၂,၅၆၀ ကျပ်၊ ဒီဇယ် တလီတာကို ၃,၀၈၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၃,၁၇၀ ကျပ်ထိ ပြန်လည် ရောက်ရှိလာပါတယ်။

စက်သုံးဆီကဏ္ဍအတွက် စစ်‌ေကာင်စီ ဗဟိုဘဏ်က ဒေါ်လာသန်း ၂၀၀ ချပေးခဲ့ပေမဲ့ အဲဒီပမာဏက လုံလောက်တဲ့ပမာဏ မဟုတ်လို့ ‌ေရရှည် အလုပ်မဖြစ်နိုင်ဘူးလို့ ပြည်တွင်းစက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူတွေက မှတ်ချက်ပြုထားကြတာပါ။

စစ်ကောင်စီဟာ ရှရှားနိုင်ငံကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းဖို့ကိုလည်း စီမံနေတာဖြစ်ပြီး အဲဒီနိုင်ငံက ဝယ်ယူထားတဲ့ စက်သုံးဆီ တန်ချိန် ၃၀,၀၀၀ ဟာ မကြာမီရက်ပိုင်းအတွင်း ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာမယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

အဲဒီ ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ စက်သုံးဆီတွေ ဝင်ရောက်လာရင် ပြည်တွင်းစက်သုံးဆီစျေးတွေ အတိုင်းအတာတခုအထိ ကျဆင်းသွားနိုင်တယ်လို့ သူကဆိုထားပြီး စက်သုံးဆီ ရေရှည်ရရှိရေးကိုလည်း ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ မီဒီယာတချို့ကို ပြောကြားထားပါတယ်။ DVB

စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအဖြစ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပူတင်နှင့် တွေ့ဆုံ

မြန်မာအာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့သည်။ ယင်းသည် ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ခံထားရသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးမြှင့်သည့် နောက်ထပ် လက္ခဏာတစ်ရပ် ဖြစ်သည်။

၂၀၂၁ ဖေဖေါ်ဝါရီလက ရွေးကောက်ခံအရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းပြီးနောက် ရုရှသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး အဆိုပါ ယခင်သွားရောက်သည့် ခရီးစဉ်များတွင် ပူတင်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။

ယခုအခါ မော်စကိုက စီစဉ်ပြီး ရုရှ၏ အရှေ့ပိုင်းမြို့ ဗလာဒီဗိုစတော့ခ်တွင် ကျင်းပသည့် အရှေ့ စီးပွားရေးဖိုရမ် (EEF) သို့ တက်ရောက်ရန် သွားခဲ့သည့် မင်းအောင်လှိုင်သည် စက်တင်ဘာ ၇ ရက်တွင်  ပူတင်နှင့် တွေ့ဆုံခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက တကယ့်ကို တိုးတက်နေပါတယ်” ဟု ပူတင်က တွေ့ဆုံမှုအတွင်း ပြောကြောင်း RIA သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။ ပူတင်သည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်း မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့် ဒုတိယမြောက် နိုင်ငံခြားခေါင်းဆောင်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ကြီးမားသည့် လူထုဆန္ဒပြပွဲများကို ဖြစ်ပေါ်စေခဲ့သလို နိုင်ငံတစ်ဝန်း အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတစ်ရပ်ကိုလည်း ဖြစ်ပေါ်စေခဲ့ကာ နိုင်ငံသည် အကျပ်အတည်းအောက် ကျရောက်နေခဲ့သည်။ မြန်မာအာ ဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်အတိုက်အခံပြုသူများကို လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂,၀၀၀ ကျော် သေ ဆုံးခဲ့ရသည်။ အကြမ်းဖက်မှုကို ရပ်ဆိုင်းစေမည့် ဒေသဆိုင်ရာ အစီအစဉ်တစ်ရပ်အတိုင်း လိုက်နာရန် မြန်မာစစ်အုပ်စုဘက်က ငြင်းဆန်မှုနှင့် နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုများကြောင့် မြန်မာသည် ပို၍ သီးခြားအထီးကျန်လာခဲ့သည်ဖြစ်ရာ စစ်ကောင်စီသည် ရုရှကဲ့သို့ မဟာမိတ်များနှင့် ဆက်ဆံမှုကို တိုးမြှင့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ရုရှသည် ပြီးခဲ့သည့် ခြောက်လအကြာက စတင်ခဲ့သော ယူကရိန်းကျူးကျော်စစ်ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

စစ်ကောင်စီ ဥက္ကဋ္ဌသည် အင်္ဂါနေ့ ညပိုင်းက ပူတင်၏ အကြံပေး အန်တွန် ကော့ဘ်ယာကော့ဗ်နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာ Global New Light of Myanmar က ဖော်ပြသည်။

ထို တွေ့ဆုံမှုတွင် ရုရှ ကာကွယ်ရေးဒုဝန်ကြီး အလက်ဇန္ဒား ဖိုမင်နှင့် မြန်မာအာဏာသိမ်းစစ်တပ်မှ အရာရှိများလည်း တက်ရောက်ခဲ့သည်။ ဖိုမင်သည် ပြီးခဲ့သည့် မတ်လက မြန်မာအာဏာသိမ်းစစ်တပ်၏ တပ်မတော်နေ့အခမ်းအနားသို့ ဧည့်သည်တော်တစ်ဦးအဖြစ် တက်ရောက်ခဲ့သူဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့များသည် ရုရှဖက်ဒရေးရှင်းနှင့် မြန်မာ နှစ်ဖက် စစ်တပ်များအကြား မိတ်ဆွေကောင်းများအဖြစ် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း Global New Light of Myanmar သတင်းစာက ဖော်ပြသည်။ ၂၀၂၂ သည် နှစ်နိုင်ငံအကြား သံတ မန်ဆက်ဆံရေး ထူထောင်မှု၏ ၇၅ နှစ်ပြည့်ကြောင်း ယင်းက မှတ်ချက်ပြုဖော်ပြသည်။

နှစ်ဖက်ဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား ခရီးသွားလာမှုနှင့် ရေနံ၊ ဓာတ်ငွေ့ကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား တိုက်ရိုက် လေ ယာဉ်ခရီးစဉ်များ ပြေးဆွဲရေး ကိစ္စများ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်တွင်း၌ စက်သုံးဆီ ဖြည့်ဆည်းမှု အကျပ်အတည်းကို ပြေလျော့စေရန် ရုရှထံမှ စက်သုံးဆီ ဝယ်ယူတင်သွင်းရန် စီစဉ်ထားကြောင်း ဩဂုတ်လက ကြေညာခဲ့သည်။ အဆိုပါ တင်သွင်းမှုများအတွက် ရုရှ ရူဘယ်လ်ငွေဖြင့် ပေးချေရန် အသင့်ရှိသည်ဟု မင်းအောင် လှိုင်က ပူတင်ကို ပြောခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ဆယ်စုနှစ်များစွာကြာ စစ်တပ်ကို တိုက်ခိုက်နေခဲ့သော အခြေကျပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအဖြစ် သိကြသော အာဏာသိမ်းမှုဆန့်ကျင်တော်လှန်ရေးတပ်ဖွဲ့များထံမှ ခုခံတော်လှန်မှုများကို နှိမ်နင်းမည့် အာ ဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ၏ ကမ်ပိန်းတွင် ရုရှ စစ်ဖက် အထောက်အပံ့များက အရေးပါသည့်နေရာတွင် ရှိနေခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကို လက်နက် ဆက်လက် ရောင်းချထောက်ပံ့ပေးထားခဲ့သည့် နိုင်ငံသုံးနိုင်ငံထဲတွင် ရုရှလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်က ယခုနှစ်အစောပိုင်းက ကုလ လူ့အခွင့်အရေး ကောင်စီကို ပြော သည်။ ကျန်နှစ်နိုင်ငံမှာ တရုတ်နှင့် ဆားဘီးယား ဖြစ်သည်။ mizzima

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဆက်၊ ကလေးငယ်အချို့ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်လေယာဉ် လာရောက်ပစ်ခတ်ပြီးနောက် ယမန်နေ့ (စက်တင်ဘာ ၆) တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၅ တွင် ကား ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို မူဆယ်နှင့် နမ့်ဖက်ကာကြားတွင် KIA က ကြားဖြတ်တိုက်ခိုက်သည်၊ စက်တင်ဘာ ၆ တွင် နမ့်ဖမ်ကာမြို့၊ ဟန်ကိုင်ရွာအနီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီး ထိုနေရာသို့ လေကြောင်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု အသက် ၄၀ ခန့်ရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်ကတည်းက ဖြစ်နေကြတာ၊ အဲဒါက KIA တပ်ရင်း (၉) မှာ လာပစ်တာ၊ ညနေခင်းကျတော့ လေယာဉ်နဲ့ ပြန်လာပစ်တာ၊ နမ့်ဖက်ကာတပ်ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်” ဟု သူက ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

အဆိုပါ တိုက်ပွဲမှာ ညနေ ၅ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး ည ၇ နာရီခန့်တွင်မူ KIA က ကွတ်ခိုင်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာစခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ည ၉ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အနီးရှိ မော်ဟစ်ရွာအတွင်း ကျရောက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံ ၅ ဦးဒဏ်ရာရခဲ့သည်။

ကူညီပေးသူများနှင့် ဒေသခံတွင်းသတင်းဌာနများ၏ အဆိုအရ ခြေထောက်တွင် ဒဏ်ရာရသွားသူတို့မှာ မော်ဟစ်ရွာမှ ၃ နှစ်အရွယ် ဘရန်ထွယ်နန်၊ ၇ နှစ်အရွယ် နော်ဆန်နန်၊ ၁၂ နှစ်အရွယ် ဆိုင်းခွမ်နန်၊ ၇၂ နှစ်အရွယ် ဒေါ်ခေါင်နော်၊ ၃၃ နှစ်အရွယ် ကိုပြည့်ဖြိုးတို့ ဖြစ်သည်။

ကိုပြည်ဖြိုးနှင့် နော်ဆန်နန် တို့ကို ညတွင်းချင်းပင် ကွတ်ခိုင်ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ကူညီပေးသူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ ဆေးရုံပို့ပေးဖို့ဆိုပြီး နောက်ထပ်သွားခေါ်သေးတယ်၊ အဲဒါ နည်းနည်းပဲထိတာဆိုပြီး မလိုက်လာဘူး၊ ခေါ်နေတုန်းမှာပဲ နောက်ထပ် လက်နက်ကြီး ထပ်ကျလာတော့ ကျွန်မတို့အဖွဲ့တွေလည်း ပြန်လာလိုက်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့ တိုးဂိတ်အနီးရှိ ရပ်ကွက် (၁) အတွင်းသို့ ထပ်မံကျရောက်ခဲ့ပြီး နေအိမ်တချို့၊ မော်တော်ယာဉ်တချို့ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက်တွင်မူ ကွတ်ခိုင်မြို့ပေါ်တွင် မြို့ခံများ ပုံမှန်အတိုင်း သွားလာနေပြီး ပစ်ခတ်သံ မကြားရသေးကြောင်း ဒေသခံများက ပြောသည်။

မကြာခဏ တိုက်ခိုက်ခံရသည့် ကွတ်ခိုင်-နမ့်ဖက်ကာ-မူဆယ်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်က အင်အား တိုးချထားပြီး စစ်ရေးဆက်လက်တင်းမာနေသည်ဟု ဒေသတွင်း သတင်းဌာနအချို့က ရေးသားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ကလည်း ကွတ်ခိုင်နှင့် သိန္နီမြို့ကြားရှိ မန်ပြိန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသလို စစ်ကောင်စီကိုလည်း မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် KIA နှင့် စစ်တပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ စတင် ပြင်းထန်လာပြီးနောက်တွင် ကချင်ပြည်နယ်အထိပါ တိုက်ပွဲများ ကူးစက်ခဲ့သည်။

KIA က တပ်မဟာ (၁၀) ခု ဖြင့် စစ်ရေးလှုပ်ရှားလျက်ရှိရာတွင် တပ်မဟာ(၄)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၁၀) တို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိနေသည်။myanmar now

« Older Entries