လုံခြုံရေးအထပ်ထပ် ချထားသည့် နေပြည်တော်စစ်ရေးပြကွင်းမှတစ်ဆင့် စစ်ကောင်စီခေါင်းဆောင်ပြောခဲ့သည့်မိန့်ခွန်း၌ အောက်ပါအချက်တစ်ချက်ပါလာသည်။
ခေတ်သစ်စစ်ပွဲအောင်နိုင်ဖို့အတွက် သတင်းဆက်သွယ်ရေး နည်းပညာတွေ၊ အီလက်ထရွန်းနစ် နည်းပညာတွေ၊ စက်မှု နည်းပညာတွေ အဆင့်မီသင်ကြားလေ့ကျင့်ထားရမှာ ဖြစ်တယ် ၊ စစ်ကောင်စီ အလိုကျ သတ်မှတ်ကျင်းပခဲ့သည့် ယခုနှစ် တပ်မတော်နေ့က ပြောခဲ့သည့်မိန့်ခွန်းထဲ မှ အပိုင်းအစတစ်ခု ဖြစ်သည်။ သက်ရှိထင်ရှားရှိနေဆဲတပ်မတော်သား အားလုံးသို့ ပြောခဲ့သည့် မိန့်ခွန်းကို ယင်းအချိန်က မြိတ်မြို့တွင်တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီ ဗိုလ်ကြီးနေရဲထက်တစ်ယောက် မသိကျိုးကျွံပြုခဲ့ပုံရသည်။
အဘယ်ကြောင့်ဆိုသော် စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်ရှိသူ နေရဲထက်သည် သူ့ဖေ့စ်ဘွတ်ခ်အကောင့်ကိုပင် မကိုင်တွယ်တတ်သည်အထိ နည်းပညာပိုင်း ထုံထိုင်းနေ၍ဖြစ်သည်။ တိုက်ပွဲကျပြီး နှစ်လခန့်ကြာသည်အထိ သူ၏ ဖေ့စ်ဘွတ်အကောင့်(သို့မဟုတ်) သူမသေခင်တင်ခဲ့သည့် ပေါက်ပန်းလေးဆယ်စာများကို ဖျက်ပေးနိုင်သူတစ်ဦးတလေမှ မရှိပေ။(ဗိုလ်ကြီးနေရဲထက်သည် အမှန်တကယ်ပင် ပေါက်ပန်းလေးဆယ်အရေးအသားများ တင်ထားသည်ကို သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာhttps://www.facebook.com/nayye.htet.77770194 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)
တပ်မတော်ဆိုသည်မှာ စည်းစည်းလုံးလုံးစုဖွဲ့မှုဖြင့် ရပ်တည်သည်ဟုစစ်ခေါင်းဆောင်များက အမွှန်းတင်ထားသည်။ သို့သော် သွားလေသူ ဗိုလ်ကြီးနေရဲထက်ကိုမူ သူအသက်စွန့် ကာကွယ်ပေးခဲ့သည့်စစ်ခေါင်း ဆောင်များသာမက တစ်ပတ်စဉ်တည်း ရဲဘော်များရောဆွေမျိုးအသိုင်း အဝိုင်းကပါ သူ တမလွန်ရောက်နေသည်အထိ အကာအကွယ်မပေး ကြပေ။ စစ်ကောင်စီဒေါက်တိုင် ဗိုလ်ကြီးသည် သေပြီးနှစ်လခန့်ကြာသည်အထိ ဖေ့စ်ဘွတ်စ်သုံးစွဲသူများ၏ ပြက်ရယ်ပြုခြင်း ခံနေရဆဲဖြစ်သည်။
တမလွန်ရောက် လူပြက်ဗိုလ်ကြီးဗိုလ်ကြီးနေရဲထက်သည် စစ်ကောင်စီကိုအလုပ်အကျွေးပြုရင်း နာမည်ကျော်ဥကရစ်ထတိုက်ပွဲ၌ သေဆုံးသွားသူဖြစ်သည်။ စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၅၆)မှဖြစ်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင်ကို အလွန်အမင်း အားကိုးယုံကြည်သူဖြစ်သည်။
ပြည်သူလူထု၊ NUG နှင့် PDF အား လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ရန်တွေ့တတ်သူလည်းဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်နေသည့် ပြည်သူလူထုကိုသူမသေခင်နာရီပိုင်းအလိုအထိ ရိသဲ့သဲ့လုပ်သွားသေးသည်။
သူ တိုက်ပွဲကျခဲ့သည့် ၂၀၂၂ ဇွန်လကုန် ဇူလိုင်လဆန်းကာလသည် စစ်ကောင်စီတပ်ကတောင်တန်း၊ မြေပြန့်မချန် လူနေကျေးရွာများကို လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေချိန်ဖြစ်သည်။ ယင်းကာလက အညာတစ်ခွင်စစ်ကောင်စီရှို့သည့် မီး အလျှံတညီးညီး တောင်လောင်နေသည်။ နေအိမ်များစွာမီးလောင်တိုက်သွင်းခံနေရသည်။ ပြည်သူတို့၏ ငိုကြွေးသံ ဘဝဂ်ညံနေသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ ကျဆုံးခဲ့သည်။ အဆိုပါ သတင်းဆိုးများအတွက်လူထုက ဝမ်းနည်းနာကျင်နေချိန်တွင် ဗိုလ်ကြီးနေရဲထက်၏အဖြစ်ကလှောင်ရယ်စရာဖြစ်ခဲ့သည်။ စစ်အာဏာရှင်ကို ရွံရှာမုန်းတီးနေသည့် လူထုအားစစ်ဗိုလ်ကြီးတစ်ဦးက ဟဒယရွှင်ဆေး တိုက်ကျွေးသွားခဲ့သည့် ဇာတ်ကြောင်းကားစိတ်ဝင်စားဖွယ်ပင်။
ဧရာဝတီတိုင်း မအူပင်မြို့၊ အိုင်ဝိုင်းရွာသား ဗိုလ်ကြီးနေရဲထက်သည် စစ်ကောင်စီ ခေါင်းဆောင်ဓာတ်ပုံကို ဟန်ကျပန်ကျချိတ်ဆွဲထားသည့် ခန်းမတစ်ခုထဲတွင်၂၀၂၁ နိုဝင်ဘာလက မင်္ဂလာဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ချောနန္ဒာအောင်နှင့်ယောက္ခမဒေါ်ဆက်ဆက်အောင်က သူ့အား
မြှောက်ထိုးပင့်ကော်လုပ်ပေးပြီး စစ်အာဏာရှင်လောင်စာ ဖြည့်ပေးနေသည်ကို သူတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် တွေ့ရသည်။
ဗိုလ်ကြီးနေရဲထက်သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားဖေ့စ်ဘွတ်ခ်စာမျက်နှာ ပေါ်မှတစ်ဆင့် မကြာခဏ ပုတ်ခတ်ပြောဆိုလေ့ရှိသည်။ liveလွှင့်ပြီး စောင်းမြောင်းဆဲဆိုတတ်သည်။ စစ်အာဏာရှင်အားဆန့်ကျင်တိုက်ပွဲဝင်နေသော ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုလေလှိုင်းပေါ်မှ ကြိမ်းမောင်းလေ့ရှိသည်။စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၍ အရပ်သားများ ဘေးတွေ့နေသည့်ဖြစ်ရပ်များအပေါ် အမြဲလိုလို ဟာသလုပ်နေခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် လေးကေ့ကော်မြို့ကို စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေချိန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလေးကေ့ကော်မြို့လေး အန္တရာယ်ကင်းပါစေကြောင်း ဆုတောင်းစကား ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးတင်ခဲ့သည်။ အဆိုပါဆုတောင်းကို ဗိုလ်ကြီးနေရဲထက်က “လေယာဉ်က ဗုဒ္ဓဘာသာမဟုတ်ပုညေး။ သူက ခရစ်ယာန်။ ရုရှကလာတာ။ ရွတ်နေလဲ သူနားမလည်ပု” ဟု မှတ်ချက်ပြု သရော်ခဲ့သည်။
၂၀၂၁ ဒီဇင်ဘာလ ၂၄ ရက်က လေးကေ့ကော်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ သေဆုံးခဲ့သည်။ အဲဒီဖြစ်ရပ်နှင့်ပတ်သက်၍လည်းသူက “ဒီည လေးကေကော်မှာ ဖဲဝိုင်းစည်ပီပေါ့နော် “ ဟု လူမှုကွန်ရက်ပေါ်ရေးတင်ခဲ့ပြန်သည်။
အာဏာသိမ်း တစ်နှစ်ပြည့်သည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်တွင် သူနှင့် အပေါင်းအပါ စစ်သားများ အုပ်စုလိုက်အောင်ပွဲခံသည့် ဓာတ်ပုံတင်ခဲ့သည်။ ယောက္ခမနှင့်မိန်းမကလည်း အားပေး အားမြှောက်ပြုသည့်မှတ်ချက်များဝင်ရေးရင်း သားမက်၊သမီးနှင့်ယောက္ခမတစ်သိုက်သည် အကြမ်းဖက်စစ်တပ်ကို သစ္စာခံကြောင်း လူသိရှင်ကြား ပြသနေခဲ့ကြသည်။
မှတ်ကြီးသား အူကြောင်ကြားဟု မအူပင်မြို့ခံအချို့ကအရွှန်းဖောက်အမည်ပေးထားသည့် ဗိုလ်ကြီး နေရဲထက်သည် စေတီတစ်ဆူ တန်ခိုးပြနေသည်ဟုဆိုကာ ကွန်ပြူတာဖြင့်ဖန်တီးထားသော ဗီဒီယိုဖိုင်ကိုလူမှုကွန်ရက်ပေါ် ဖြန့်ဝေထားသေးသည် (ဗိုလ်ကြီးနေရဲထက်၏ ဖခင်သည်ဦးမြင့်ဆွေဖြစ်ပြီး ဇာတိရွာတွင် မှတ်ကြီးဟု ခေါ်ကြသည်)။
ရွှေရင်ကျော်ဂိုဏ်းကျင့်စဉ်များကိုလည်း ဖြန့်ဝေပြီး ဗေဒင်၊ ယတြာများ
အယုံအကြည်ရှိကြောင်းလည်း ရေးတင်ထားသည်။သူ့ကိုယ်သူ ဘာသာရေးသမားလိုလိုလည်း ဖော်ညွှန်းနေပြန်သည်။
“စိတ်ထားမမှန် မူလပြန် ကိုယ်သာခံရမည်” ဟုလည်း ရေးတင်ထားပြီး
တိုက်တိုက်ဆိုင်ဆိုင်ပင် ကံကြမ္မာရဟတ်က သူ့ထံ တစ်ပတ်ပြန်လည်လာတော့သည်။သူအမြဲတစေ မညှာမတာ ပြက်ရယ်ပြုနေခဲ့သော ကရင်ဒေသစစ်မြေပြင်သို့ ၂၀၂၂ ခုနှစ်ဇွန်လနှောင်းပိုင်းတွင် စေလွှတ်ခြင်းခံခဲ့ရသည်။ ဥကရစ်ထစခန်းသို့ ရောက်သည့် ၂၀၂၂ ဇွန် ၂၈ ရက်တွင် “ဟယ်လို ဘောမအပေါင်းတို့၊ မင်္ဂလာပါ။ ဥက္ကရစ်ဌမှလှမ်းနှုတ်ဆက်လိုက်သည်။ ငပိန်းတေပြောတာ မယုံကြနဲ့။အေးဆေး” ဟုလူမှုကွန်ရက်ပေါ်ရေး တင်လိုက်သေးသည်။
ယင်းသို့တင်ပြီး နောက်နေ့မှစတင်ကာ ဗိုလ်ကြီးနေရဲထက်တစ်ယောက်ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ် သို့ တက်လာနိုင်ခြင်းမရှိတော့ပေ။ စစ်ကောင်စီ၏အလိမ်အညာသတင်းများကို အမှန်ထင်ပြီး ဥကရစ်ထစစ်မြေပြင်ကို အထင်သေးခဲ့သည့်ဗိုလ်ကြီး နေရဲထက်သည် ဥကရစ်ထသို့ ရောက်ရောက်ချင်းပင် KNUနှင့် PDFပူးပေါင်းတပ်၏ လက်ချက်ဖြင့် တမလွန်သို့ ရောက်သွားတော့သည်။
မသေခင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ သူ တင်ခဲ့သမျအတွက် စစ်အာဏာရှင်ကိုရွံမုန်းနေသည့် ပြည်သူလူထု၏ ပြက်ရယ်ပြုခြင်းကိုခံနေရပြီဖြစ်သည်။
“ အိုင်ဝိုင်းရွာက မှတ်ကြီး ရဲ့သား။ ဘောမတာတောင် ရိုးရိုးမတဲ့ကောင်မဟုတ်ဘူး”
“ စစ်ခွေး၊ စစ်ကျွန်ကောင် လူဖြစ်ရှုံးတယ်။ သေတော့လည်း ပျော်လိုက်ကြတာအုန်းအုန်းထလို့။ ပြည်သူ့မေတ္တာတွေပေါ့ကွာ”
“ ငရဲရောက် အတွေ့အကြုံလေးလည်း တင်ပါအုံး ဗိုလ်ကြီးရေ”
“ ကောင်းရာသုဂတိ … မလားပါစေနဲ့”
“ မင်းမိန်းမ TikTok ဆော့နေပြီ။ ထကြည့်အုံးကွ ဗိုလ်ကြီးရ”
အထက်ပါ မှတ်ချက်အချို့က ဗိုလ်ကြီးနေရဲထက်၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင်ယနေ့အထိ မြင်တွေ့နေရဆဲ ပြည်သူအချို့၏ မှတ်ချက်များထဲမှ အချို့ဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင်က သူ့နောက်လိုက်တပ်ဖွဲ့ဝင်များအားတပ်မတော်နေ့က ပြောခဲ့သည့် မိန့်ခွန်းထဲတွင် “ခေါင်းဆောင်ကောင်းများဖြစ်လာစေဖို့အတွက် အသိပညာ၊ အတတ်ပညာများပြည့်ဝပြီး အတွေ့အကြုံများကိုအတွေးအခေါ်ကောင်းများနဲ့ ပေါင်းစပ်အသုံးချနိုင်ဖို့ ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ရပ်နဲ့ ချိန်ထိုးဆောင်ရွက်သွားဖို့လိုတယ်” ဟူ၍ ပါဝင်သည်။
စစ်ကောင်စီခေါင်းဆောင်ပြောသည့် ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ရပ်သည်သူ့နောက်လိုက်စစ်တပ်အသိုင်းအဝိုင်းတွင် မည်သို့ သတ်မှတ်လေသည်မသိ။
ဗိုလ်ကြီးနေရဲထက်၏ တပည့်များကမူ သာမာန်လူတို့ လုပ်လေ့မရှိသည့်အပြုအမူတစ်ခုကို သူ့ဆရာဗိုလ်ကြီးအတွက် လုပ်ပေးခဲ့ကြသည်။ တပည့်များအား သံပရာရည်ဖျော်ခိုင်းရာ သံပရာရည်ထဲသို့ နို့ဆီထည့်ဖျော်လာခဲ့သည်ဟုဗိုလ်ကြီးနေရဲထက်က ရေးထားသည်။စစ်ခေါင်းဆောင်ပြောခဲ့သည့် မိန့်ခွန်းနှင့်ဗိုလ်ကြီးနေရဲထက်၏ ဖြစ်ရပ်ကို နှိုင်းယှဉ်ကာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက ဟားတိုက်လှောင်ပြောင်ကြပြန်သည်။
ကူရာမဲ့ စစ်ကောင်စီလောင်စာများ
တိုက်ပွဲကျသွားသူ ဗိုလ်ကြီး၏ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုကိုပင် အကာအကွယ်မပေးနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ အသိုင်းအဝိုင်းသည်မြေပြင်တိုက်ပွဲများတွင်လည်း “ နောက်ကျသည့်ခြေထောက် သစ္စာဖောက်” ဟူသော မူကို ကိုင်စွဲထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက အရွှန်းဖောက်သည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် စစ်ကိုင်း၊ ချင်း၊ ကရင်နှင့်ကရင်နီဒေသတို့မှ မြေပြင်တိုက်ပွဲအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဗရုတ်သုတ်ခထွက်ပြေးရသည့် မြင်ကွင်းများ အကြိမ်ကြိမ်မြင်တွေ့ဖူးကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။
“ အင်အားသာရင်သာ ဖိတိုက်တာ။ သူတို့ခံရရင် ရဲဘော်ရဲဘက်စိတ်ဆိုတာမတွေ့ရဘူး။ မိုင်းပဲကွဲကွဲ၊ သေနတ်နဲ့ပဲပစ်ပစ် အခြေအနေမကောင်းဘူးထင်ရင်ဦးသူပြေးတာပဲ။ ရယ်တော့ ရယ်ရသားဗျ။ သူတို့ စစ်ခေါင်းဆောင်ပြောနေတဲ့ ရဲစွမ်းသတ္တိရှိတဲ့၊ ရဲဘော်ရဲဘက်စိတ်ရှိတဲ့ တပ်မတော်ဆိုတာ ဘယ်ကလာ ဟုတ်ရမလဲ” ကိုယ်တိုင်ထောင်ခဲ့သည့် မိုင်းပဒေသာဖြင့် ပိုင်ပိုင်နိုင်နိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ် ဝရုန်းသုန်းကားထွက်ပြေးခဲ့ရသည့် ဖြစ်ရပ်ကို ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကလေး ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ရယ်ရယ်မောမော ပြန်ပြောပြသည်။
ထိုနေ့က ကလေးမြို့နယ် ကင်မွန်းခြုံရွာကို အကြမ်းဖက်ဖျက်ဆီးနေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား တိုက်ခိုက်ရန် ကလေး ပကဖ တပ်ဖွဲ့ဝင်များကပဒေသာမိုင်းဆင်ခဲ့သည်။ မိုင်းထောင်ထားသည့် တောင်ကုန်းပေါ်ကိုမှ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ကတက်ပြီး တပ်စွဲခဲ့သည်။ မိုင်းကို အချိန်ကိုက်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့မှ နှစ်ဆယ်ကျော် လွင့်စင်သေဆုံးခဲ့သည်ဟုဆိုသည်။
“ မိုင်းကွဲပြီး အတုံးအရုံးသေနေကြချိန် စစ်ခွေးတွေပြေးကြတာဆိုတာခွေးပြေးဝက်ပြေးပဲ။ ကျန်ခဲ့တဲ့ အလောင်းတွေကို ပြန်တောင်မကောက်ဘူး။အဲ့ဒီရက်ကဆိုရင် ရွာက ခွေးတွေ တောင်ပေါ်ကနေ ဆင်းမလာတော့ဘူး။” ဟုပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြန်ပြောသည်။
“ အဲ့ဒီနေ့က ဇူလိုင် ၂၁ရက်နေ့ ညနေကဗျ။ မိုးက တဖွဲဖွဲလေး ရွာနေတာ။ ကျွန်တော်အတိအကျ မှတ်မိတယ်”ဟု သူက ဆက်ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့သည့်စစ်ကောင်စီနှင့်ပျူစောထီးများ၏ ရုပ်အလောင်းများကို တောင်ကုန်းပေါ်တွင်စစ်ကောင်စီတပ်ဖွဲ့က ဒီအတိုင်းထားခဲ့ကြသည်။
နောက်ထပ်ဖြစ်ရပ်တစ်ခုက နာမည်ကျော် ယောဒေသ ၌ ၂၀၂၁ခုနှစ် စက်တင်ဘာလ၆ရက်က ဖြစ်ခဲ့သည်။ထို့နေ့က ဆောနှင့် ကျောက်ထုမြို့ကြား တစ်နေရာတွင်စစ်ကောင်စီတပ်နှင့် ယောဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်းသေဆုံးခဲ့သည်။ အလောင်းများကို လမ်းဘေးတွင် မီးရှို့သွားခဲ့သည်။
ဒဏ်ရာအပြင်းအထန်ရပြီး နောက်ရက်မှ သေဆုံးသွားသည့် ဗိုလ်ကြီးတစ်ဦး၏ရုပ်အလောင်းကို ဆော-ကျောက်ထုလမ်းဘေးတစ်နေရာတွင် ဖြစ်သလိုမြေမြုပ်ပစ်ခဲ့ကြသည်ဟု The Youth Force (Saw & Kyaukhtu) တပ်ရင်း(၂)တပ်ရင်းမှူး ဗိုလ်ကြေးက ပြောပြသည်။
“ ဗိုလ်ကြီးအဆင့်ကောင်ကို မြှုပ်သွားတဲ့ ကျင်းက တစ်ပေ တောင်မရှိဘူး။မြေကျင်း တိမ်တိမ်လေးထဲမှာ ကြုံသလို ပစ်ထားခဲ့တာဗျ “ ဟု ဗိုလ်ကြေးက ဆိုသည်။
လမ်းဘေးတွင် မြှုပ်သွားသည့်အလောင်းမှာ ပခုက္ကူအခြေစိုက် တပ်မ( ၁၀၁ )၊လက်အောက်ခံ ခြေလျင် တပ်ရင်း(၂၅၉)မှ ဗိုလ်ကြီးတစ်ဦး၏ အလောင်းဖြစ်သည်။ မြေကျင်းထဲတွင်စစ်ယူနီဖောင်းဝတ် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ရုပ်အလောင်းနှင့်အတူဖော့ဖိနပ်တစ်ရံလည်း တွေ့ရသည်။ တိုက်ပွဲနယ်မြေတွင် မြေမြုပ်ထားသည့်ရုပ်အလောင်းကို တွေ့သည့်ဖြစ်ရပ်က သိပ်မဆန်း။ သို့သော် ယခုဖြစ်ရပ်မှာ ယောဒေသမှ ပြည်သူ့ကာကွယ်ရေး လူငယ်ရဲဘော်များကြားတွင် သာမန်ထက်ထူးဆန်းပြီး အမှတ်တရရှိနေသည်။
ယောဒေသ၏ ရိုးရာယုံကြည်မှုအရ ရွာအချို့တွင် နတ်ဆရာ လူကြီးများရှိကြသည်။
ရွာကိုခိုက်စေသည့် လူသေ အလောင်းတစ်လောင်းသည် ရွာဝန်းကျင်တွင် ရှိနေ၍တွေ့အောင်ရှာဖွေပြီး သင်္ဂြိုဟ်ပေးရန် အိပ်မက်ပေးသည်ဟု နတ်ဆရာတစ်ဦးက အသိပေးလာသည်။ ပြည်သူ့ကာကွယ်ရေး လူငယ်ရဲဘော်များက အယုံအကြည်သိပ်မရှိလှသော်လည်း ဒေသခံများက တောင်းဆို၍ လိုက်ရှာခဲ့ကြသည်။
“ပထမတစ်ခါ ရှာတယ်။ မတွေ့ဘူး။ ထပ်ရှာခိုင်းတယ်။ အဲ့ဒီမှာ လမ်းဘေးတစ်နေရာမှာတွေ့တာပဲ။ ပြေးရင်းလွှားရင်း အမိန့်ပြန်ချင်မှ ပြန်မှာမို့ ကျွန်တော်တို့ကပဲအမိန့်ပြန်ပေးခဲ့ရတယ် “ ဟု ဗိုလ်ကြေးကပြောသည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်သားနှစ်ဦးဖမ်းမိခဲ့သေးသည်။ တစ်ဦးသည် ယခုအခါ ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်အတူစစ်ကောင်စီအား တိုက်ပွဲဝင်နေသည်။ နောက်တစ်ဦးသည်ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့တွင် စားဖိုမှူးတာဝန်ထမ်းဆောင်နေပြီဖြစ်သည်။
“ တစ်ယောက်က ရခိုင်ဖက်က။ တစ်ယောက်က ကရင်ဘက်က။ ပြန်ပါဆိုတာတောင်မပြန်ဘူး။ သူတို့ ပျော်နေကြပြီ။ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်နေပြီ” ဟု ဗိုလ်ကြေးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့တွင်း ရဲဘော်ရဲဘက်စိတ်မရှိခြင်းနှင့် ဒေါင်းတည်မောင်းတည် ရန်သူနှင့်တွေ့ပါက သူရဲဘောကြောင်ကာ သုတ်ခြေတင်ထွက်ပြေး ကြသည့် ရုပ်ပျက်ဆင်းပျက်အခြေအနေကို လူသိရှင်ကြား ဖြစ်ခဲ့သည့် အထင်ရှားဆုံးဖြစ်ရပ်က ကရင်နီဒေသတိုက်ပွဲတစ်ခုတွင်ရှိခဲ့သည်။
ဒီမောဆိုမြို့နယ်တွင် ၂၀၂၁ မေလ ၃၁ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့သည်။ အလောင်းများကို လာကောက်ရန်နှင့် စစ်မြေပြင်စည်းကမ်းများအရ ပစ်ခတ်မှုရပ်တန့်ထားပေးမည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးရဲဘော်များက အသိပေးခဲ့သည်။ ကတိအတိုင်း စစ်မြေပြင်နေရာမှ ယာယီဆုတ်ခွာပေးခဲ့သည်။ သို့သော် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်က သူတို့ရဲဘော်ရဲဘက်များ၏ အလောင်းများရှိရာသို့ ခြေဦးလှည့်မလာတော့ပေ။ နှစ်ရက်မြောက်တွင် အလောင်းများ ပုပ်ဆော်နံလာ၍ ကရင်နီပြည်သူ့ကာကွယ်ရေးရဲဘော်များကိုယ်တိုင် မီးသင်္ဂြိုဟ်ပေးခဲ့ရသည်။
ထိုအခြေအနေများသည် စစ်ကောင်စီခေါင်းဆောင်အဆင့်ဆင့်ကတပ်ဖွဲ့ဝင်များအပေါ်ထားသည့် အစာနာမဲ့ သရုပ်မှန်ဟု CDM ပြုလုပ်ပြီးပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည့် စစ်သားများက ဆိုသည်။
“ ခိုင်းစားလို့ ရတဲ့အချိန်မှာ ခိုင်းစားတယ်။ အဖမ်းခံရတာတို့ ဒဏ်ရာရတာတို့ အသာထား၊ ကျသွားရင်တောင် စစ်ဗျူဟာကို ကောင်းမွန်စွာအသုံးမချလို့ဆိုပြီး ပြောတတ်တယ်။ ဒါကြောင့်စစ်တပ်ကို ကျွန်တောတို့ ရွံရှာတာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
CDM စစ်သည်နောင်ရိုးကလည်း “စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကလွဲလို့ တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာနားလည်မယ့်သူတွေ မဟုတ်ဘူး။ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး” ဟုမှတ်ချက်ပြုသည်။
ပြည်သူကို ရန်သူလို သတ်မှတ်ပြီး စစ်အာဏာရှင်အတွက် အသုံးချခံနေသူများ၏ ဘဝအဆုံးသတ်သည် ဗိုလ်ကြီးနေရဲထက်ကဲ့သို့ အဖြစ်ဆိုးမျိုးကြုံရလိမ့်မည်ဟု စစ်သည်နောင်ရိုးက ဆိုသည်။
ဗိုလ်ကြီး နေရဲထက်နှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဗိုလ်ကြီးတစ်ဦးကမူ သွားလေသူ သူငယ်ချင်း ၏ ဖေ့စ်ဘွတ်ခ်အကောင့်အောက်တွင် လူထုကဟားတိုက်ရယ်မောနေသမျှအတွက် အရှက်ရမိကြောင်းဝန်ခံစကားဆိုသည်။ စစ်ကောင်စီလက်အောက်မှ ရုန်းမထွက်နိုင်သည့်အပေါ် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်အောင် စိတ်ပျက်နေပြီဟု ညည်းတွားသည်။
“ရိုးသားစွာပြောပါရစေ။ ကျွန်တော်တို့ ထွက်ပြေးချင်တယ်။ ဒါပေမယ့်အကျယ်ချုပ်ကျ နေသလို တပ်ဝင်းထဲ ပိတ်မိနေပြီ။ ဒီဘဝဘယ်လို အဆုံးသတ်သွား မလဲဆိုတာတောင် မသိတော့ဘူး” ဟု စိတ်ပျက်လက်ပျက်ဆိုသည်။
စစ်ကောင်စီခေါင်းဆောင်၏ ဟိတ်ကြီးဟန်ကြီး မိန့်ခွန်းထဲကလိုမဟုတ်ဘဲ
ဗိုလ်ကြီးနေရဲထက် တစ်ယောက် ဥကရစ်ထတိုက်ပွဲအတွင်း အသက်ဇီဝိန်ကြွေပျက်သွားသည်မှာ နှစ်လနီးပါးကြာခဲ့ပြီဖြစ်သည်။ မသေခင်က စစ်အာဏာရှင်လောင်စာအဖြစ် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် အတွဲညီခဲ့သည့်ယောက္ခမနှင့်မိန်းမကလည်း သူ့အကောင့်အား Un သွားခဲ့ပြီဖြစ်သည်။ အတူတူ Tag တွဲတင်သမျှကိုလည်း ဖြုတ်ချသွားခဲ့ကြပြီ။ မိန်းမဖြစ်သူသည် TikTok ဆော့နေပြီဖြစ်သည်။ ဗိုလ်ကြီးနေရဲထက်သုံးခဲ့သည့် NayYe Htet ဖေ့စ်ဘွတ်ခ်အကောင့်သည် သူတို့နှင့် လားလားမျှ မသက်ဆိုင်တော့သလိုခြေရာဖျောက်သွားကြလေပြီ။
စစ်အာဏာရှင်ကို ရွံမုန်းသည့် ပြည်သူလူထုကမူ ဗိုလ်ကြီးနေရဲထက်အား မမေ့မလျော့ ရှိနေဆဲဖြစ်သည်။
“မအလရဲ့ အသုံးချခံ ပြည်သူ့ချဉ်ဖတ်စစ်သားကြီး၊ ခုတော့လည်း တမလွန်မှာပျော်နေရောပေါ့” ဟု ပြည်သူတစ်ဦးက မကြာသေးမီကပင်ခပ်ရွတ်ရွတ်မှတ်ချက်ပြုထားလေသည်။ mizzima
Like this:
Like Loading...