မင်းတုန်းမြို့နယ် မြို့ပြင်ဂိတ်၌ စစ်ကောင်စီတပ်က ဒေသခံချင်းလူမျိုးများကို အကြောင်း မဲ့ဖမ်းဆီး ခြိမ်းခြောက်ငွေညှစ်တောင်းယူနေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာအနီးရှိ မြို့ပြင်ဂိတ်တွင် စစ်ကောင်စီတပ်မှ ဒေသခံချင်းလူမျိုးများကို အကြောင်းမဲ့ဖမ်းဆီးကာ ခြိမ်းခြောက်ငွေညှစ်တောင်းယူမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဆေးရေးဂိတ်သည် မင်းတုန်းမြို့နယ်အပြင်ဘက် ရခိုင်ပြည်နယ် အစပ် ရခိုင်ရိုးမတောင်ခြေတွင်ရှိပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာသည့် တောင်ပေါ်ကျေးရွာမှ ချင်းလူမျိုးများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများရှိနေကြောင်းသိရသည်။
တောင်ပေါ်တွင် ချင်းလူမျိုးများနေထိုင်သည့် ယင်းကောက်ကျေးရွာ၊ ပထန်းကျေးရွာတို့ရှိပြီး ၎င်းကျေးရွာများသည် ဇန်နဝါရီလပိုင်း၌ စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးထားသည့် ရွာများဖြစ်သည်။
“မီးရှို့ခံထားရတဲ့ အိမ်တွေရှိတယ်၊ အဲ့အိမ်ကလူတွေက တောထဲမှာ စစ်ရှောင်ပြီးတော့ နေနေရတယ်၊ စစ်ရှောင်တွေထဲမှာ အဘိုးအဖွားတွေက ဆေးကုဖို့ မရှိဘူးပေါ့၊ အဲ့တော့ တောင်အောက်ကိုဆင်းပြီး တစ်ယောက်ယောက်ကို ပစ္စည်းတွေကို မှာလိုက်တာပေါ့၊ အဲ့မှာ ဂလူးကို့စ်ပုလင်းကြီးကို တွေ့လို့ဆိုပြီး ဖမ်းနှိပ်စက်တာ သုံးရက်လောက်နှိပ်စက်ပြီးတော့ မင်းတုန်းမြို့ကို ခေါ်သွားတယ်၊ အဲ့ကနေ သရက်စစ်ကြောရေးကို ပို့လိုက်တယ်၊ အခုအချိန်အထိ အစအနမကြားရဘူး၊ သူ့မှာက ကိုယ်ဝန်ဆောင်မိန်းမလည်း ကျန်နေခဲ့တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှပြောသည်။
တစ်လအကြာတွင် အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသား၏ မိသားစုကို စစ်ကောင်စီမှ ဆက်သွယ်ကာ ငွေကျပ်သိန်း၂၀ဖြင့် ရွေးယူရမည်ဟု ပြောဆိုခဲ့ပြီး ဖမ်းဆီးခံရသူ၏ မိသားစုမှာ ငွေကြေးချို့တဲ့သည့်အတွက် စစ်ကောင်စီကို ငွေမပေးနိုင်ကြောင်းသိရသည်။
ထို့အပြင် မင်းတုန်းမြို့မှ အမျိုးသားတစ်ဦးသည် တောင်ပေါ်မှ ကော်ဖီစိုက်ခင်းကို သွားရောက်ရာတွင် လမ်း၌ ၎င်းစစ်ကောင်စီဂိတ်စခန်းက စစ်ဆေးခဲ့သည်။ အဆိုပါ အမျိုးသား၏ လက်ကိုင်ဖုန်းတွင် နိုင်ငံရေးနှင့်သက်ဆိုင်သော ပုံများတွေ့သည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်အမျိုးသားသည် ရန်ကုန်ဆေးရုံကြီးတွင် ကုသခဲ့ရပြီး ငွေကျပ်သိန်း၂၀ဖြင့် စစ်ကောင်စီထံမှ ပြန်ရွေးခဲ့ရကြောင်း မင်းတုန်းမြို့ခံများထံမှ သိရသည်။
စက်တင်ဘာ၂ရက်နေ့တွင်လည်း စစ်ရှောင်မိသားစုတစ်စုမှ ၎င်းတို့ ကလေး နေမကောင်းဖြစ်သည့်အတွက် မြို့ထဲဆေးခန်းသွားပြရာတွင် စစ်ကောင်စီမှ ဖမ်းဆီးခဲ့ကြောင်းသိရသည်။
“ စစ်ရှောင်ထဲကပေါ့နော်၊ သူ့သမီးလေးနေမကောင်းလို့ဆိုပြီး သူတို့မိသားစု ညနေ ၅နာရီကျော် ဆေးခန်းသွားပြတာ၊ အဲ့ဂိတ်ကပဲ သူ့ကို မသင်္ကာလို့ဆိုပြီး ဖမ်းထားလိုက်တယ်၊ သူ့မိန်မနဲ့ သူ့သမီးကတော့ ကုပြီးတော့ ပြန်လွှတ်လိုက်တယ်၊ သူ့မိသားစု အခု အိမ်မှာ စားစရာ ဆန်တောင်မှမရှိဘူးဖြစ်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှပြောသည်။
ရခိုင်ရိုးမတောင်ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းများရှိသည်ဟု ဆိုကာ တောင်ခြေတွင် စစ်ကောင်စီတပ်မှ ဂိတ်များဖွင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ထို့အပြင် တောင်ပေါ်ဒေသခံများမှာ စားစရာများ၊ ဆေးဝါးများကို အနည်းငယ်သာ ဝယ်ယူသယ်ဆောင်ခွင့်ရှိကြောင်း သိရသည်။
“ ပစ္စည်းတွေကို များများစားစားမသယ်ရဘူး၊ ဥပမာ ဆန်ဆိုလို့ရှိရင် လေးငါးအိတ်မသယ်ရဘူး၊ PDFတွေကို ထောက်ပံ့မှာဆိုလို့ ဆိုပြီး အဲ့လိုကန့်သတ်ထားတာ၊ သူတို့စားဖို့ဆိုရင် ဥပမာ တစ်ခွက် တစ်တင်း အဲ့လောက်လောက်ပဲ သယ်ခွင့်ရှိတယ်၊ အဲ့ဒါတောင် မသင်္ကာတဲ့သူတွေဆို ဖမ်းစစ်တယ်၊ သူတို့ စိတ်ချရတဲ့သူမျိုး ဘာမျိုးကိုပဲ သယ်လို့ရတာ၊ ဆန်ဆီဆားတွေလည်း သယ်ခွင့်မပေးဘူး၊ ဆေးဆိုရင် လုံးဝသယ်ခွင့်မပေးဘူး၊ ကျန်းမာရေးအတွက် ဘာဆေးပဲဖြစ်ဖြစ် နည်းနည်းလေးတောင် သယ်လို့မရဘူး၊ ဖမ်းပြီး ရိုက်နှက်နှိပ်စက်ကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးမှပြောသည်။
ပြောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ဇူလိုင်လမှစတင်ပြီး စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ရိုက်နှက်ဖမ်းဆီးမှုနှင့် စားသောက်ကုန်၊ ဆေးဝါးများကို သယ်ဆောင်ခွင့်ကန့်သတ်မှုကို ပြုလုပ်လျှက်ရှိသည်။ စစ်ကောင်စီမှ ဂိတ်စခန်းစတင်ဖွင့်သည့်နေ့မှ စတင်ပြီး အပစ်မဲ့ ချင်းလူမျိုး လေးဦး မတရားဖမ်းဆီးခံနေရကြောင်း သိရသည်။ mizzima