ရေး-သံဖြူဇရပ်ကားလမ်းရှိ စစ်ကောင်စီရဲကင်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းရှိ ဝဲကလိနဲ့ သံဖြူဇရပ်ကြားက ကတုံစိရဲကင်းမှာ စက်တင်ဘာ ၉ ရက် မနက် ၂ နာရီလောက်က ရဲနှစ်ယောက် ပစ်သတ်ခံထားရတယ်လို့ ဒေသဆိုင်ရာ PDF သတင်းအရင်းမြစ်တွေက သိရပါတယ်။

အဆိုပါရဲကင်းဟာ ရေး-သံဖြူဇရပ်ကားလမ်းမှာ သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးပြီး ငွေတောင်းတာတွေ လုပ်နေတာကြောင့် အခုလို သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ဒေသခံပြည်သူတယောက်က “ဟုတ်တယ်၊ အေဒီရဲကင်းဂိတ်က မသင်္ကာရင် ကား၊ ဆိုင်ကယ်ပေါ်ကလူတွေ လက်နက်ခဲယမ်း ပါ မပါ စစ်ဆေးတာ ခံရလေ့ရှိခဲ့တာကြောင့် အခုလို အသတ်ခံရတာဖြစ်မယ်” လို့ ပြောပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ဒေသဆိုင်ရာ PDF တွေကလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။

ရေး-သံဖြူဇရပ် ကားလမ်းမှာတော့ စစ်ကောင်စီယာဉ် ကားတန်းတွေ မကြာခဏ ခြုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က အထိ အခိုက် အကျအဆုံး ရှိနေပါတယ်။

စက်တင်ဘာ ၈ ရက် ည ၁၂ နာရီကျော်လောက်ကလည်း ရေးမြို့နယ် အောင်မင်္ဂလာ လူမှုကူညီရေး ပရဟိတ လူနာတင်ကား ၁ စီး မော်လမြိုင်မြို့ကနေ လူနာပို့ပြီး အပြန် သံဖြူဇရပ်၊ ပိန္နဲတောရွာအနီးမှာ မိုင်းဆွဲခံရပြီး သေနတ်ပါ ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s