Monthly Archives: Sep 2022

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် လုယက်မှုပိုများလာ

ရန်ကုန်တိုင်း မြို့နယ်အချို့မှာ  နေ့စဥ်စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေဟာ လုယက်ခံရမှုများလာတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်ကို ဆိုင်ကယ်ကယ်ရီမောင်းနှင်ရာမှာ ငှားစီးသူတဦးက လုယက်မဲ့သူတွေရှိရာ ခေါ်သွားပြီး ရိုက်နှက်လုယက်ခဲ့တယ်လို့ ကယ်ရီသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စက်မှုဇုန်ထဲကို ကယ်ရီငှားပြီး ဟိုရောက်တော့ အသင့်စောင့်နေတဲ့သူနှစ်ဦးက ဆိုင်ကယ်ရပ်တာနဲ့ ပြေးရိုက်တယ်၊ ပြန်လုပ်လို့မရဘူး၊ ဓားတွေနဲ့ ဆိုင်ကယ်ယူသွားတယ်” လို့ ပြောပါတယ်။

ရွှေပြည်သာစက်မှုဇုန်မှာ လစာထုတ်ပြီးပြန်လာတဲ့ စက်ရုံအလုပ်သမားတဦးကို အမည်မသိအမျိုးသားနှစ်ဦးက မျက်နှာကို လက်သီးနဲ့ထိုးကာ ဖုန်းနဲ့လစာငွေကို ယူသွားခဲ့တယ်လို့ အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အိမ်ကဖုန်းလာလို့ ဖုန်းထုတ်ဆက်တာ အရှေတည့်တည့်ကနေ မျက်နှာကို လက်သီးနဲ့ထိုးပြီး ဖုန်းရော လစာပိုက်ဆံရောယူသွားတယ်၊ အဲ့ဒီကောင်မလေးဆို ငိုလိုက်တာ စိတ်ထဲမကောင်းဘူး။” 

စက်ရုံအလုပ်ရုံတွေသာမက အလုပ်သွားအလုပ်ပြန် YBS ကားတွေ စီးရာမှာလည်း အုပ်စုဖွဲ့ခါးပိုက်နှိုက်တွေကြောင့် သွားလာရေးခက်ခဲရတယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“YBS ကားတွေမှာ ခါးပိုက်နှိုက်တာ အုပ်စုဖွဲ့နှိုက်တာ၊ အနည်းဆုံး သုံးယောက်လေးယောက်ရှိတယ်။ မြင်လဲမပြောရဲဘူး၊ သွားကြည့်မိရင်တောင် နှိုက်ပြီးလို့ ဆင်းသွားရင် ဆဲသွားတာ။”

ကယ်ရီသမားတွေ၊ အလုပ်သမားတွေသာမက Taxi ယာဥ်မောင်းတွေဟာ ဓားထောက်လုယက်ခံရတာအပြင် ဓားနဲ့ထိုး လုယက်တာကြောင့် သေဆုံးခဲ့သူတွေလည်းရှိ Taxi ယာဥ်မောင်းတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“ကျနော်နဲ့သိတဲ့ ဦးလေးတယောက်ဆို သာကေတတံတားအဆင်းမှာ ဓားနဲ့ထိုးပြီး ဖုန်းတွေလုတာ ဆေးရုံကို ပို့တဲ့အချိန်မှာပဲ သေသွားတယ်။ မိန်းမက ကလေးနှစ်ယောက်နဲ့ကျန်ခဲ့တယ်။” 

လုယက်မှုဖြစ်စဥ်များ မကြာခဏဖြစ်နေပေမယ့် ရဲတွေက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ တရားလွှတ်တော်ရှေနေတဦးက ပြောပါတယ်။

“အခုတရားရုံးမှာ ကြည့်လိုက်ရင် လုယက်မှုက နည်းတယ်၊ နိုင်ငံရေးအမှုက များတယ်။ လွတ်ငြိမ်းကိုကြည့်ရင် ဆေးမှုနဲ့လှုယက်မှုက များတယ်” လို့ ရှင်းပြပါတယ်။  DVB

လက်နက်သယ်မည်ဆိုသည့်သတင်းကြောင့် မွန်နှင့် ပဲခူးမြို့ဝင်ဂိတ်အချို့တွင် Xray ဖြင့်ပါ စစ်ဆေးနေ

ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ မြို့အဝင်၊ အထွက်ဂိတ်များတွင် စစ်ကောင်စီမှ လုံခြုံရေးတင်းကျပ်ကာ Xray စက်ပါ အသုံးပြု၍ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပဲခူးမြို့အထွက် ဝေါ-ဒိုက်ဦးလမ်းဆုံ မရမ်ချောင်းဂိတ်တွင် Xray စက်ဖြင့်ကားအစီးတိုင်းကို စစ်ဆေးနေကြောင်း ခရီးသွားပြည်သူများမှ ပြောသည်။

“ ကားအကြီး၊ အသေးတွေအပြင် ဝန်ထမ်းကားတွေပါစစ်နေတာ၊ KNU တပ်မဟာ(၅) (၆) (၁ )ဘက်က PDF တွေ သေနတ်သယ်လာမယ်ဆိုတဲ့သတင်းကြောင့် ကားတိုင်းကို ရှာဖွေနေတာ တစ်ပတ်ကျော်ရှိသွားပြီ” ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ပထမအပတ်မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်များ သယ်ဆောင်လာမည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီမှ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ရှိ ကားလမ်းမတစ်လျှောက် စစ်ဆေးမှုများတင်းကျပ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီမှ ဂိတ်တိုင်းတွင် အစစ်အဆေးတင်းကျပ်နေသည့်အတွက် ခရီးသွားပြည်သူများ အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ကာ ကားပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်းလည်း ဆိုသည်။

“ ပဲခူး-ရန်ကုန် လမ်းမှာလည်း စစ်တယ်၊ သူတို့ အဓိကစစ်တာ လူငယ်တွေကို၊ သူတို့မသင်္ကာရင် အဲ့ခရီးသည် ထားခဲ့ခိုင်းတယ်၊ အရင်ကထက်အစစ်အဆေးပိုတင်းကျပ်တယ်၊ ကားပေါ်မှာ လူနည်းရင်တော့ ပိုက်ဆံတောင်းတယ်၊ ကားအစီးတိုင်း အကုန်စစ်နေတော့ အချိန်ကြန့်ကြာတာတွေ ရှိတယ်” ဟု အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောက်ကျားတိုက်ခိုက်မှုများကြောင့် လုံခြုံရေးတိုးမြှင့်ထားသော်လည်း မြို့ပြများတွင် အထိအခိုက်၊ သေဆုံးမှုများ ရှိနေသည်။ mizzima

ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

မကွေးတိုင်း ပခုက္ကူ -ရေစကြိုကားလမ်းပေါ်က ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force UG အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပခုက္ကူနည်းပညာကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်လုပ်သေနတ် ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ဘက်က အရင်လက်ဦးမှုယူပြီးပစ်ခဲ့တာပါ။ သူတို့ဘက်က အင်အားလာဖြည့်တဲ့အချိန် လက်နက်ကြီးကျတာဆိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်၊ အပြန်အလှန်ပစ်ခတ်မှုလည်း ရှိပါတယ်။ ထွက်ပြေးတဲ့သူတွေက ပြေးတယ်” လို့ Young Force UG အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုအခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

Young Force UG အဖွဲ့အနေနဲ့ လက်နက်အစစ်မရှိတာကြောင့် လက်လုပ်သေနတ်နဲ့ပဲ တိုက်ပွဲဖော်ဆောင်နေရပြီး လက်နက်အင်အားလိုအပ်နေတယ်လို့ ပြောပါတယ်။ DVB

ဖားကန့်မြို့စည်ပင်သာယာစျေးအနီး မူးယစ်တပ်ဖွဲ့ဝင် ၃ ဦး သေနတ်ဖြင့် အပစ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်၊ ဖားကန့်မြို့စည်ပင်သာယာစျေးအနီးတွင် စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၄ နာရီ ခန့်က ဖားကန့်မြို့မရဲစခန်းမှ မူးယစ်တပ်ဖွဲ့ဝင် သုံးဦး သေနတ်ဖြင့် ရှစ်ချက်ခန့် အပစ်ခံရကြောင်း သိရသည်။

Kluger ကား အဖြူဖြင့် မော်ဝှမ်းရပ်ကွက်တွင် ငွေလာလွှဲပြီး ရွှေဂဏန်း ပင်လယ်စာဆိုင်တွင် စျေးဝယ်နေချိန် အမည်မသိအဖွဲ့မှ လာရောက်ကာ သေနတ် ရှစ်ချက် ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရ၍ ဖားကန့်ပြည်သူ့ဆေးရုံတွင် အရေးပေါ်ကုသနေရကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန် ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ရွှေဂဏန်းပင်လာစာဆိုင်မှ ဆိုင်ပိုင်ရှင်လည်း လက်မောင်းတွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံရသော ရဲတပ်ဖွဲ့ဝင်များ၏ အမည်နှင့် ရာထူးကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ယခင် လကလည်း ဖားကန့် ဆိုင်းတောင်တွင် စျေးဝယ်လာသော ဒုရဲမှူး နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။ mizzima

ဂန့်ဂေါနယ် မြင်းဇာကျေးရွာကို စစ်ကောင်စီတပ် မီးရှို့၊ အိမ်ခြေ ၂၀ ခန့်ဆုံးရှုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာကို စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၂၀ ဝန်းကျင် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာမှာ တပ်စွဲလို့ပြေးနေကြရတာ။ ရွာကနေ စစ်ကြောင်းအထွက်မှာ မီးရှို့သွားတာ။ အိမ်ခြေ ၂၀ ဝန်းကျင် မီးလောင်ဆုံးရှုံးသွားတယ်” လို့ ဒေသ ခံကတဦးက ပြောပါတယ်။

အဆိုပါ မြင်းဇာကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်နေထိုင်ကာ လက်ရှိမှာ ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင်နေပြီး ကျေးရွာတွေကို ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဂန့်ဂေါနယ်မြောက်ပိုင်းက လက်ပံရွာ၊ မြင်းဇာရွာ ၊ မောက်ရွာနဲ့ မောက်လင်းရွာက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။ DVB

ဝေါမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုင်အနီးတွင် မပေါက်ကွဲသေးသည့် ဗုံး တွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် အရှေ့ဘက်ကမ်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ဆိုင်အနီးတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ယနေ့ စက်တင်ဘာ ၁၀ရက်နေ့ နေ့လယ်၂နာရီအချိန်ခန့်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အုပ်ကြီး နံမည်က ကျားကြီး၊ သူ့ဆိုင်ရဲ့ဘေးက သူ့ညီမကွမ်းယာဆိုင်နားမှာ ဗုံးကိုတွေ့တာ ကျားကြီးဆိုင်က လက်ဘက်ရည်ဆိုင်လေ၊ ဆိုင်ကတော့ ပိတ်ထားတာ ကြာပြီ၊ သူက ကြံ့ခိုင်ရေးက မြို့နယ်စည်းရုံးရေးမှူး” ဟု ဝေါမြို့နယ် ဒေသခံတစ်ဦးမှ ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ ဗုံးကို လာရောက်ရှင်းလင်းနေကြောင်းသိရသည်။ ဗုံးတွေ့ရှိမှုနှင့် ပတ်သက်ပြီး ဝေါမြို့နယ်တွင် စစ်ဆေးမှုများရှိသော်လည်း ဖမ်းဆီးခံရသူများ မရှိသေးကြောင်းသိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဝေါမြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးများ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။ mizzima

ယောဒေသ ထီးလင်းမြို့နယ်အတွင်း YDF က ဂိတ် ၄ ဂိတ် စတင်ဖွင့်လှစ်

မကွေးတိုင်း ယောဒေသ ထီးလင်းမြို့နယ်အတွင်း ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ အများပြည်သူ လုံခြုံစွာသွားလာနိုင်‌ရေးအတွက် ဂိတ် ၄ ခု ဖွင့်လှစ်ကာ ဆောင်ရွက်နေတယ်လို့ YDF-Htilin အဖွဲ့က အသိပေးကြေညာပါတယ်။

“ဂိတ်တွေမှာ မည်သည့် အခကြေးငွေမှ တောင်းယူကောက်ခံမှာမဟုတ်ပဲ အများပြည်သူအနေနဲ့ လုံခြုံရေးအရ စစ်ဆေး မေးမြန်းပါက ကြည် ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးကြပါ” လို့ YDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ယောဒေသအတွင်း တားမြစ်ပစ္စည်းများ သယ်ယူရောင်းဝယ်တာ မပြုလုပ်ကြဖို့၊ ဂိတ်တွေမှာ တပ်ဖွဲ့ဝင်တွေကို ငွေကြေးပေးဆောင်တာ မပြု လုပ်ကြဖို့နဲ့ အခွန်/အလှူငွေ ကိစ္စတွေကို YDF-Htilin ရုံးကိုသာ ချိတ်ဆက်ဆောင်ရွက်ပေးကြဖို့ အသိပေးကြေညာထားပါတယ်။

တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းရာမှာ ရိုင်းစိုင်းတာ‌တွေ၊ ခြိမ်းခြောက်တာတွေ၊ ငွေကြေးတောင်းခံတာတွေရှိခဲ့ရင် သက်ဆိုင်ရာအကြီးအကဲတွေနဲ့ YDF-Htilin ရုံးကို အသိပေးတိုင်ကြားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ DVB

မောင်တော ကြိမ်ချောင်းတိုက်ပွဲ စစ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းတစ်ခုကို သိမ်းဆည်းရမိ

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း ဗျူဟာကာ ကင်း ဂုပ္ပိတောင်ကျော်လမ်းတွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်ခန့်က ကြိမ်ချောင်းဂုပ္ပိတောင်ကျော်လမ်းအနီးတွင် တိုကပွဲ့ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်း ၇နာရီနီးပါးလောက်တွင် သေနတ်သံများ ရပ်စဲသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယင်းတိုက်ပွဲဖြစ်ပြီး မိနစ်၂၀ အကြာတွင် စစ်ကောင်စီဖက်က ရဟတ်ယာဉ် ၂ စီး ဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီးနောက် ကြိမ်ချောင်းဗျူဟာကုန်းက လည်း လက် နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသည့် ကြိမ်ချောင်းဒေသခံတစ်ဦးက ပြောသည်။

“ဒီကနေ့ မနက်က ၆နာရီ ၁၇ မိနစ်က စဖြစ်တယ်။ ၇ နာရီလောင်မှာ တိုက်ပွဲပြီးတယ်။ တိုက်ပွဲမှာ ကြိမ်ချောင်းဖက်နေပြီးတော့ ဂုပ္ပိတောင်ကျော်လမ်းပေါ့။ အဲ့ဒီဖက်က လုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေကို ဝင်ပစ်တာပါ။ စစ်ကောင်စီဖက်က ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်တယ်။ ပြီးတော့ ပြန်သွားတယ်။ နောက်ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်သေးတယ်။ လက်နက်ကြီးနဲ့တော့ အကြိမ်အရေအတွက်မနည်းဘူး”ဟုပြောသည်။

စက်ဘာ ၈ ရက်နေ့ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တို့တွင် ကြိမ်ချောင်းဗျူးဟာကုန်း ကာထားသည့် စခန်းငယ်အားလုံးကို ရက္ခိုင့်တပ်တော် AA ဖက်ကညဝင်ရောက်သိမ်းပစ်နိုင်ခဲ့ပြီး လက်ရှိအနီးအနားတွင်ရှိသည့် ကြိမ်ချောင်း ဗျူဟာကုန်းကို သိမ်းပိုက်ရရှိအောင်ကြိုစားလုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့သုံးသပ်သူတစ်ဦးက Western News ကိုပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း ၄ လောင်းနှင့် အရှင်ဖမ်းမိထားသူ ၄ ဦး၊ သေဆုံးသူစစ်ကောင်စီတပ်သား ၁၃ ဦးခန့် ရှိကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က Western News ကို ပြောသည်။

“စစ်ကောင်စီတပ်သား အလောင်း ၄ လောင်းရရှိထားတယ်။ အရှင်ဖမ်းမိထားတာတော့ ၄ ယောက်၊ နောက်၄ ယောက်က ထွက်ပြေးသွားတယ်။ လမ်းတစ် လျှောက် တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ကြိမ်ချောင်း ဗျူးဟာကုန်းကို ဝင်တိုက်တာပေါ့။ စစ်ကောင်စီတပ်သားက ၁၃ ဦးခန့်သေတယ်။ ဒါက လုံးဝမျက်မြင်ပဲ။ အကုန် လုံးကိုပိတ်ဆို့ပြီး တိုက်ခိုက်တာကို။ ကျနော်တို့ရလိုက်တာကတော့

အလောင်း၄ လောင်းပဲရလိုက်တယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက”ကြိမ်ချောင်းဗျူးဟာကုန်းကို သိမ်း ပိုက် ရရှိတာတော့ မကြားမိသေးဘူးဗျ။ ကြိမ်ချောင်းဗျူဟာကုန်း နခခ (၇) ကနေ တရစပ် ပစ်နေတယ်ဗျ။ တိုက်ပွဲက တော်တော်ကို ပြင်းပြင်ထန် ဖြစ်နေတာပါ။ တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။ နောက်ထပ်လည်း ဖြစ်အုံးမယ်ထင်တယ်”ဟုပြောသည်။

ယနေ့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက”အဲ့ဒီကြိမ်ချောင်းနားမှာ တိုက်ပွဲဖြစ်တာတော့မှန်ပါတယ်။ အတိအကျအချက်အလက်တွေတော့ ကျနော့်ဆီကို ရောက်မလာသေးဘူး”ဟုပြောသည်။

AA ၏ ထုတ်ပြန်ချက်တွင်မူ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၁၇ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာဖြစ်သည့် မောင်တောမြို့နယ်၊ လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် (၇) နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်အခြမ်းဖက်သို့ ကျရောက်မှုနှင့် ပတ်သက်၍ ဘင်္ဂလားနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ မြန်မာသံအမတ်အား သြဂုတ်လ ၂၁ ရက်၊ ၂၈ ရက်နှင့် စက် တင်ဘာ ၅ ရက်နေ့တို့တွင် ဆင့်ခေါ်သတိပေး ပြောဆိုမှုများ ရှိခဲ့သည်။ khit thit

ပုသိမ်အကျဥ်းထောင်တွင် အမှုများဖြေလျှော့ပေးမည်ဟုဆိုကာ ငွေကျပ် သိန်းရာချီ တောင်းယူနေ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် တရားစွဲဆိုခံထားရသည့်အမှုများအား ဖြေလျော့ပေးမည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများထံမှ ငွေကျပ် သိန်းရာချီအထိ တောင်းယူမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ လက်အောက်ခံများစုစည်းကာ ဖွဲ့စည်းထားသည့် ပြစ်မှုဖြေလျှော့ စိစစ်ရေး ကော်မတီအဖွဲ့ဝင်များမှ အသနားခံစာတင်ထားသည့် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံမှ တောင်းယူနေခြင်းဖြစ်သည်။

အဆိုပါ ကော်မတီတွင် ရဲတပ်ဖွဲ့၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အရာရှိများနှင့် တရားသူကြီးတချို့ ပါဝင်နေကြောင်း သိရပြီး ပုဒ်မ အကြီး၊ အသေးပေါ်မူတည်၍ နှုန်းထားများခွဲကာ ငွေကြေးတောင်းယူနေကြောင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

” တချို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့မိသားစုတွေက ကိုယ့်မိသားစုဝင်တွေ လွတ်အောင်ဆိုပြီး အသနားခံစာ တင်ထားကြတယ်။ အဲ့ဒီ စာတွေကို စုပြီး ပစ်မှုဖြေလျှော့စိစစ်ရေး ကော်မတီဆိုတဲ့အဖွဲ့က နေပြည်တော်ကို တင်ပေးတယ်။ တင်ပေးလို့ နေပြည်တော်က ပြန်ကျလာတဲ့ ဖြေ လျှော့စာရင်းထဲမှာပါလာတဲ့ မိသားစုတွေဆီကနေ ငွေလိုက်တောင်းနေတာပါ။ ၅၀၅ (က) သမားတွေဆိုရင် သိန်း ၅၀၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခံထားရရင်တော့ သိန်း ၂၀၀၊ သိန်း ၃၀၀ ပေးမှလွတ်တယ်” ဟု ၎င်းကဆိုသည်။

ငွေကြေးတောင်းယူနေသည့်အဖွဲ့ထဲတွင် ပုသိမ်မြို့မှ စစ်ကောင်စီထောက်ခံသူတချို့လည်း ပါဝင်နေသည်ဟုသိရပြီး အမည်နှင့် လူဦးရေအ တိအကျကို မသိရှိရသေးကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ဖြေလျှော့စာရင်းတွင်ပါဝင်လာပြီး စစ်ကောင်စီလက်အောက်ခံများ စုစည်းကာ ဖွဲ့စည်းထားသည့် ပြစ်မှုဖြေလျှော့စိစစ်ရေးကော်မတီအား ငွေကြေးအမြောက်အများပေးကာ ပုသိမ်အကျဥ်းထောင်မှလွတ်မြောက်လာသည့် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးခန့်ရှိနေကြောင်း ဆက်လက်ပြောသည်။

” မိသားစုတွေကို တအားလွတ်စေချင်နေမှန်းသိလို့ ဖြေလျော့ထဲမှာ ပါလာတဲ့သူတွေရဲ့ အိမ်တွေကို ငွေလိုက်ညှစ်နေတာပေါ့။ ပုဒ်မအတူတူ၊ အဖမ်းခံရတဲ့နေ့ရက်အတူတူနဲ့ အမှုတွဲ သုံးယောက်ရှိတယ်၊ အဲ့ဒီ သုံးယောက်လုံး ဖြေလျော့စာရင်းထဲမှာပါလာတယ်၊ ဒါပေမဲ့ ပုသိမ်က ဖြေလျော့စိစစ်ရေးကော်မတီကို ပိုက်ဆံပေးနိုင်တဲ့ တစ်ယောက်ပဲ လွတ်သွားတယ်၊ ကျန်တဲ့နှစ်ယောက်ကမပေး နိုင်တော့မလွတ်ဘူး၊ အဓိကကတော့ ငွေညှစ်နေတာလို့ပဲ ပြောရမယ် ” ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ၃၀၀ ကျော်နှင့် နိုင်ငံရေးအကျဥ်းသူ ၅၀ နီးပါး ရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံး၌ ထောင်ဒဏ်ချမှတ်ခံရသူ ၁၀၀ ကျော်ခန့်ရှိကြောင်း ပုသိမ်အကျဉ်းထောင် ဝန် ထမ်း များထံမှ သိရသည်။ mizzima

« Older Entries