ချွေးနှဲစာတွေနဲ့ ကြီးထွားလာတဲ့ ဂျပန်အိပ်မက် ဈေးကွက်

ကျေးလက်ဒေသမှ မဝင်းမာသည် သင်တန်းပေါင်းစုံရှိသည့် ရန်ကုန်တွင် အခန်းငှား နေထိုင်နေသည်မှာ လအနည်းငယ်ရှိပြီ ဖြစ်သည်။

သူ တက္ကသိုလ်နောက်ဆုံးနှစ်အရောက် Covid-19 ကပ်ဘေးကြောင့် ကျောင်းပိတ်လိုက်သည့်အပြင် စစ်တပ်ကပါ အာဏာ ထပ်သိမ်းလိုက်၍ အခြေအနေဆိုးများ ပေါ်ပေါက်နေရာ မဝင်းမာနှင့် သူငယ်ချင်းအများအပြားက ဝင်ငွေနည်းပါးလွန်းသည့် အလုပ်အကိုင်များတွင် စုပြုံတိုးလိုကြခြင်း မရှိပေ။ 

“အလုပ်က ရှားတယ်။ အခုချိန်မှာ ဘွဲ့ရတွေတောင် အလုပ်ရဖို့ မသေချာဘူး။ အလုပ်ရရင်လည်း လစာတစ်သိန်းခွဲ၊ နှစ်သိန်းလောက်နဲ့၊ ကုန်ဈေးနှုန်းတွေ ဈေးကြီးနေတဲ့ ခေတ်မှာ တစ်ကိုယ်စာ သုံးဖို့တောင် အနိုင်နိုင်ဖြစ်နေကြတယ်ဆိုတော့ မိသားစုကိုပါ ထောက်ပံ့ရမယ် ဆိုရင် အဆင်မပြေဘူး” ဟု မဝင်းမာက ဆိုသည်။

“ဒါကြောင့် ဂျပန်စာသင်ပြီး ဂျပန်ကို အလုပ်နဲ့ ထွက်မယ်လို့ စဉ်းစားဖြစ်တယ်။ ကိုယ့်ရဲ့ နောင်လာမယ့် အနာဂတ်ကို စဉ်းစားပြီးတော့ပေါ့” 

မဝင်းမာကဲ့သို့ပင် လူငယ်အများအပြား ရေကြည်ရာ၊ မြက်နုရာ အလုပ်အကိုင် ရှာဖွေရန် ကြိုးစားလာကြရာ ဝင်ငွေများမည့် ပြည်ပအထိ သွားရောက်နေကြပြီး ဂျပန်နိုင်ငံသည် ၎င်းတို့ သွားလိုသည့် နိုင်ငံများထဲမှ တစ်ခု ဖြစ်လာသည်၊ သို့သော်လည်း အေဂျင်စီများကို ငွေအလုံးအရင်းပေးသွင်းရခြင်း၊ မရိုးသားသည့် အေဂျင်စီတချို့နှင့် ကြုံတွေ့ရခြင်း စသည့် အခြေအနေများလည်း ဖြစ်ပေါ်နေသည်။

မက်မောဖွယ် လစာ

ဂျပန်နိုင်ငံ၌ အလုပ်လုပ်လိုသူ၊ ကျောင်းတက်လိုသူတို့က ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT)  အောင်လက်မှတ် မဖြစ်မနေ လိုအပ်သည်။ 

JLPT စာမေးပွဲကို N5, N4, N3, N2, N1 စသဖြင့် အဆင့် ခွဲထားသည်။ N5 သည် အခြေခံအဆင့်ဖြစ်ပြီး N1 မှာ အမြင့်ဆုံးဖြစ်သည်။ 

သြဂုတ် ၅ ရက်နေ့က ရန်ကုန်မြို့၌ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) N5 (Basic Level) ဖြေဆိုခွင့်လျှောက်လွှာများ ဝယ်ယူရန် လာရောက် တန်းစီသူလူဦးရေ ထောင်ချီ ရှိခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုပါ ဖြစ်ပွားခဲ့သည်။ 

တခြားသော စာမေးပွဲများလည်း ရှိကြောင်း နားလည်သူတို့က ထောက်ပြနေကြသော်လည်း JLPT ကို ရွေးချယ်သူ ပိုများနေသည်။ 

ဂျပန်သွားသူများ ဖြေဆိုနိုင်သည့် စာမေးပွဲများထဲတွင် ဂျပန်စာစွမ်းရည်စာမေးပွဲ – Nihongo Achievement Test (NAT-TEST)၊ ဂျပန်ဖောင်ဒေးရှင်း​၏ အခြေခံဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ – Japan Foundation Test for Basic Japanese (JFT- Basic) တို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားများ ရနိုင်သည့် ပျမ်းမျှလစာမှာ ၂ သိန်း ဖြစ်သည်။ ဂျပန်ရှိ ကြက်ခြံလုပ်ငန်းတွင် လစာ ဂျပန်ယန်း ၁၃ သောင်း (ကျပ်သိန်း ၂၀ ခန့်) ရရှိသည်ဟု ဂျပန်ရောက် မဆုမြတ်ရည်က ဆိုသည်။

“အခွန်၊ နေထိုင်မှုစရိတ်နဲ့ စားစရိတ်တွေ နုတ်ပြီး အိမ်ကို ဒီလ ၁၆ သိန်းလောက် လွှဲနိုင်တယ်။ ရောက်တာကတော့ နှစ်လလောက်ရှိပြီ။ တစ်ရက်ကို အလုပ်ချိန်က မနက် ၈ နာရီကနေ ၅နာရီ။ ကြက်ခြံအလုပ်ဆိုတော့ ပင်ပန်းပေမဲ့ လစာက ကောင်းကောင်း ရတော့ အလုပ်လုပ်ရတာ  ပျော်ပါတယ်” ဟု သူက ပြောသည်။

မဆုမြတ်ရည် ရရှိထားသည့် အလုပ်သင်လုပ်သား ဗီဇာ (Training Visa) မှာ သက်တမ်းနှစ်နှစ် ဖြစ်ပြီး အလုပ်ရှင်က ဆက်လက်ခန့်ထားပါက သုံးနှစ် ဗီဇာ ထပ်မံ အလုပ်လုပ်ကိုင် ခွင့်ရသည်။  

ပညာသင်ဗီဇာ (Student Visa)၊  ၊  စားသောက်ကုန်လုပ်ငန်း ကျွမ်းကျင်လုပ်သား ဗီဇာ(Tokutei Ginou Visa)၊ နည်းပညာထူးချွန် ဝန်ထမ်းဗီဇာ(Work Visa)၊ ဘိုးဘွားစောင့်ရှောက်ရေး အလုပ်အကိုင်ဗီဇာ (Caregiver Visa)  စသည့် ဗီဇာအမျိုးအစားတို့ဖြင့်လည်း ဂျပန်နိုင်ငံသို့ သွားရောက်ကြသည်ဟု ဂျပန်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် လုပ်ကိုင်သူ ကိုမြင့်မြတ်က ပြောသည်။

“Training အနေနဲ့ကျတော့လည်း ထမင်းဘူးတို့၊ ဆူရှီတို့၊ စိုက်ပျိုးရေးတို့၊ အသီးအနှံ၊ ကုန်ထုတ်လုပ်ငန်းပိုင်းတို့ ရှိတယ်။ Tokutei Visa နဲ့ကျ စားသောက်ကုန်စက်ရုံတွေနဲ့ စားသောက်ဆိုင်တွေနဲ့ ထွက်ကြတာ ရှိတယ်။ နောက်ပြီး ဘိုးဘွားစောင့်ရှောက်ရေးလို့ခေါ်တဲ့ Caregiver  တို့လည်း ရှိတယ်၊ အဲဒါတွေက ထွက်ဖို့လွယ်တော့ အဲဒါနဲ့ ထွက်ကြတာ များတယ်” ဟု သူက ရှင်းပြသည်။

ရရန် အလွယ်ကူဆုံးဖြစ်သည့် Training Visa အတွက် အေဂျင်စီဝန်ဆောင်ခမှာ ဒေါ်လာ ၂,၈၀၀ ဖြစ်ကြောင်း ဂျပန်အစိုးရက တရားဝင် သတ်မှတ်ထားသည်။ 

အေဂျင်စီတို့သည် လုပ်သားမိတ်ဆက်ခအနေဖြင့် ဂျပန်ဘက်မှလည်း ငွေကြေးရရှိသည်။  

ဂျပန်သတင်းဌာန Nikkei Asia ၏ ဖော်ပြချက်အရ ၂၀၂၀ ပြည့်နှစ် အကုန်အထိ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအရေအတွက် ၃၅,၀၀၀ ခန့် ရှိသည်။ စစ်တပ် အာဏာသိမ်းအပြီး နောက်တစ်လတွင်မူ မြန်မာနိုင်ငံသား ၃,၀၀၀ နီးပါး ဂျပန်တွင် ခိုလှုံခွင့် တောင်းခံခဲ့သည်ဟု ဆိုသည်။

ငွေလိမ်ခံရနိုင်သည့် အလားအလာ

ဂျပန်သွားရန် ဘာသာစကားသင်တန်း တက်ရောက်နေသူ မဝင်းမာ၊ ဂျပန်တွင် အလုပ်လုပ်ကိုင်နေသည့် မဆုမြတ်ရည်တို့ကဲ့သို့ လူငယ်များစွာ ရှိသလို တက်ရန် ပြင်ဆင်နေသူများလည်း ရှိသည်။

ရန်ကုန်မှ လူငယ်တစ်ဦးကမူ ဂျပန်ဘာသာစကား အဆင့် N2 အထိ တက်ရောက်ပြီးသော်လည်း အေဂျင်စီက ငွေကြေးအလွဲသုံးစား လုပ်ခဲ့ကြောင်း၊ အင်တာဗျူး အောင်သော်လည်း အပယ်ခံရသည် (reject ထိသည်) ဟု အေဂျင်စီက အကြောင်းပြသဖြင့် ရန်ကုန်မှာပင် ဆက်လက် သောင်တင်နေကြောင်း ပြောသည်။ 

“အေဂျင်စီက  စပြောတုန်းကတော့ Reject ထိရင် သွင်းထားတဲ့ ငွေ ၂၅ သိန်းထဲကနေ ငါးသိန်း ပြန်မအမ်းပေးဘူးလို့ ပြောထားတယ်ပေါ့နော်။ ဒါပေမဲ့ တကယ်လည်း Reject ထိရော စာရွက်စာတမ်းဖိုးတွေ၊ ဘဏ်ငွေလွဲဖိုးတွေ အကြောင်းပြပြီး ငါးသိန်းမဟုတ်ဘဲ ၁၀ သိန်း နုတ်ယူခဲ့တယ်။ အဲဒီအေဂျင်စီနဲ့ အတူတူတွဲလုပ်တဲ့ သူငယ်ချင်း ၇ ယောက်လည်း အခုလိုပဲ ခံရတယ်” ဟု  သူက ပြောပြသည်။ 

ပညာသင်သွားလိုသည့် ကျောင်းသူကျောင်းသားများလည်း ထိုဖြစ်ရပ်မျိုးနှင့် ကြုံရနိုင်သည်။

ကျော်ကိုကိုသန့် Facebook အကောင့်ပိုင်ရှင်က သူအားကိုးခဲ့သည့် အေဂျင်စီသည် ဂျပန်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက ပေးအပ်သည့် Certificate of Eligibility (COE) လက်မှတ်နှင့် ပတ်သက်ပြီး လိမ်ညာခဲ့သည်ဟု လူမှုကွန်ရက်တွင် ရေးသား မျှဝေထားသည်။ 

“ကျွန်တော်တို့ ဂျပန်မှာ ကျောင်းတက်ခွင့်ရတာ အားလုံး ၁၀ ယောက်ပါ။ ၁၀ ယောက်လုံး မနောက်ကျဘဲ အပြီးအစီး အေဂျင်စီကနေတစ်ဆင့် သိန်း ၁၅၀၊ ၂၀၀ နီးပါးကို သွင်းခဲ့ကြတယ်။ ဒါပေမဲ့ တခြားအေဂျင်စီတွေ COE မူ ရင်းတွေ ရနေကြတဲ့အချိန် ကျွန်တော်တို့က  ဘာသတင်းမှ  မရသေးပါဘူး” ဟု သူက ရေးသားထားသည်။

“ဒီလိုနဲ့ ငွေလက်ခံတဲ့တာ ဝန်ခံဆိုတဲ့လူနဲ့ သူဌေးဆိုတဲ့လူတွေကို မေးတယ်။ ကျွန်တော်တို့ကို လိမ်တယ်။ ငွေသွင်းပြီးပြီ၊ ဟိုဘက်က မပို့တာပါ ဆိုပြီး စလစ်အတုတွေပြပြီး လိမ်တာ။ ကျွန်တော်တို့က သံသယရှိလို့ ဂျပန်ဘက်က ကျောင်းကို  လှမ်းမေးတော့ ငွေမသွင်းရသေးဘူးဆိုတာ  သိရတယ်”  

Aung ZayYa အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook အကောင့်ပိုင်ရှင်ကလည်း မရိုးသားသည့် အေဂျင်စီနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ရေးသားထားသည်။

“နိုဝင်ဘာလ ၁၈ရက်၊ ၂၀၂၀ ပြည့်နှစ် ဘဏ်ထဲမှာ ငွေအသွင်းပြဖို့ show money ကခြောက်သိန်း၊ Bank Statement က လေးသိန်း၊ နိုတြီက ငါးသိန်း၊ ဝန်ဆောင်ခက ၁၅ သိန်း၊ သင်တန်းကြေးက ငါးသိန်းဆိုပြီး အားလုံးပေါင်း ငွေကျပ် ၃၅ သိန်းတိတိပေးပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ COE မအောင်တဲ့အတွက် နောက်တစ်ကျောင်းကို ပြောင်းလျှောက်ပေးရမှာ ဖြစ်တဲ့အတွက် စာရွက်စာတမ်း အသစ်ပြန်လုပ်ရမယ် ပြောပြီး နောက်ထပ် ငါးသိန်း ထပ်တောင်းပါတယ်။ တစ်ခါလည်း မအောင်၊ နှစ်ခါလည်း မအောင်တော့ စာရွက်စာတမ်းနဲ့ ပိုက်ဆံ ၁၀ သိန်း ပြန်တောင်းပါတယ်။ သူကတော့ လိမ်ပြေးသွားပါတယ်” ဟု သူက ရေးသားသည်။

သင်တန်းကျောင်းများ

ဂျပန်နိုင်ငံသို့ သွားရောက်ရန် အဓိကလိုအပ်ချက်မှာ ဘာသာစကားကျွမ်းကျင်မှု ဖြစ်သည့်အတွက် သင်တန်းကျောင်းများ အလုပ်ဖြစ်လာသည်။ ကျောင်းများ၏ တာဝန်မှာ သင်တန်းသားများကို စာတတ်မြောက်၊ စာမေးပွဲ အောင်မြင်ရန် သင်ကြားပေးရပြီး၊ အောင်မြင်သည့် ကျောင်းသားများကို အလုပ်ခေါ်သည့် အေဂျင်စီများနှင့် ချိတ်ဆက်ပေးရသည်။

သို့ရာတွင် တချို့သော သင်တန်းကျောင်းများမှာ ကျောင်းသားများအား စာအမှန်တကယ် တတ်မြောက်အောင်၊ စာမေးပွဲဖြေနိုင်အောင် မလုပ်ပေးနိုင်ကြကြောင်း ဂျပန်စာဆရာမ ဒေါ်သိန်းသိန်းက ဆိုသည်။ 

“သင်တန်းကျောင်းမှာလည်း သင်ရိုးပြတ်ရင် ပြီးရောဆိုပြီး သင်တဲ့ ကျောင်းတွေ ရှိတယ်။ ကလေးတွေကို စာတကယ်ရအောင်၊ စာမေးပွဲဖြေနိုင်အောင် သူတို့ လုပ်မပေးလိုက်ဘူး။ အဲလို ဂျင်းသင်တန်းကျောင်းတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။ 

သုံးလပြတ် သင်တန်းတစ်ခုတက်လိုပါက နှစ်သိန်းဝန်းကျင်ရှိ ကုန်ကျမည်၊ အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်စာသင်တန်းတက်သူ သုံးဆခန့် မြင့်တက်လာသည်ဟု ဒေါ်သိန်းသိန်းက ဆိုသည်။ ကျောင်းပြီးသည့် သူများသာမက ကျောင်းဆက် မတက်တော့ဘဲ အလုပ်လုပ်မည့် သူများလည်း လာရောက် သင်ကြားကြသည်ဟု ဆိုသည်။ 

ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသည့် နိုင်ငံခြားသားလုပ်သား ထက်ဝက်ခန့်သည် ဂျပန်သို့ မရောက်ခင်ကတည်းကပင် ၎င်းတို့၏ နိုင်ငံများ၌ အ ကြွေးတင်ခဲ့ကြကြောင်း ဂျပန်လူဝင်မှုကြီးကြပ်ရေးက ပြုလုပ်သည့် စစ်တမ်းတွင် ဆိုထားသည်။

အဆိုပါ သုတေသနစစ်တမ်းသည် ယခု ၂၀၂၂ ခုနှစ်အစမှ ဧပြီလအထိ လေးလတာ ကာလအတွင်း ဗီယက်နမ်နှင့် တခြား နိုင်ငံငါးနိုင်ငံမှ လုပ် သား ၂,၂၀၀ ကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ဖြေဆိုသူ ၈၃ ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံသို့ မသွားခင်ကတည်းက အလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများကို ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၄,၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း စစ်တမ်းတွင် ဆိုထားသည်ဟု ဂျပန်သတင်းဌာန NHK က ဖော်ပြထားသည်။

အေဂျင်စီနှင့် စိတ်ချရမှု

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသည် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလွန်အမင်း ကြုံတွေ့နေသည်၊ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားသည်ဟု  အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ခန့်မှန်းထားသည်။

ဤအခြေအနေတွင် လူငယ်အများအပြား ရွေးချယ်သည့် နိုင်ငံမှာ အိမ်နီးချင်းထိုင်းနိုင်ငံဖြစ်သည်။ ထိုင်းသို့ ပွဲစားခအများအပြား ကုန်ကျခြင်း၊ ဖမ်းဆီးခံရနိုင်ခြင်းတို့ကို ရင်ဆိုင်ပြီး နယ်စပ်ဖြတ်ကျော်ကာ သွားနေကြခြင်း ဖြစ်သည်။ အချိန်တိုအတွင်း သွားရောက်နိုင်ခြင်း၊ ဘာသာစကားသင်တန်းတက်ရန် မလိုအပ်ခြင်း၊ ခရီးမထွက်ခင် စာရွက်စာတမ်းကိစ္စများ မလိုအပ်ခြင်းတို့မှာ ထိုင်းကို ရွေးချယ်ကြသည့် အကြောင်းရင်းများတွင် ပါဝင်သည်။

ပွဲစားခ ခေါ် ဝန်ဆောင်ခ များစွာပေးရခြင်း၊ သင်တန်းများတက်ရခြင်း၊ လပေါင်းများစွာ အချိန်ယူစောင့်ဆိုင်းရခြင်းတို့ ရှိလင့်ကစား ဂျပန်၊ တောင်ကိုရီးယားတို့ကို သွားရန် ကြိုးပမ်းနေကြခြင်းမှာ ထိုင်းနိုင်ငံထက် လစာ များစွာရနိုင်သောကြောင့်ပင်။ 

တောင်ကိုရီးယားတွင် လစာ ပိုများသော်လည်း အစိုးရဌာနချင်း ချိတ်ဆက်ပြီး အလုပ်သမားကို အရေအတွက် အကန့်အသတ်နှင့် ပို့ဆောင်နေသည့်အပြင် အမျိုးသားများသာ သွားခွင့် ပိုရကြသည်။

ဤအခြေအနေတွင် ဂျပန်ကို ရွေးချယ်ကြသူ များပြားလာသည်။

ဂျပန်နိုင်ငံရှိ အလုပ်ခွင်များသို့ ပို့ဆောင်ပေးမည့် အေဂျင်စီများစွာ မြန်မာနိုင်ငံ၌ ရှိသော်လည်း အမှန်တကယ် ပို့ဆောင်ပေးနိုင်သည့် အေဂျင်စီများ နည်းပါးလှကြောင်း ဂျပန်အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုတွင် လုပ်ကိုင်သူ ကိုမြင့်မြတ်က ဆိုသည်။

လိမ်လည် အမြတ်ထုတ်သည့် အေဂျင်စီကို ငွေပုံမပေးမိစေရန် အရေးကြီးသည်ဟု ၎င်းက ပြောသည်။

“စီးပွားရေးမကောင်းတော့ လူတွေကလည်း ပြုံတိုးပြီးတော့ ဂျပန်ထွက်ဖို့ ကြိုးပမ်းကြတယ်။ ဒါပေမဲ့ ကြားထဲက ဂျင်းအေဂျင်စီတွေကြောင့် တကယ် ထွက်နိုင်တဲ့ ပမာဏက နည်းနည်းပဲရှိတယ်။ အေဂျင်စီတွေကလည်း လုပ်စားနေကြတာတွေ အများကြီး” ဟု ၎င်းက ပြောသည်။

ရိုးသားမှုမရှိသည့် အေဂျင်စီနှင့် ချိတ်ဆက်မိပါက ဂျပန်သို့ ရောက်လာလျှင်ပင် အခက်တွေ့မည်ဟု ဂျပန်နိုင်ငံတွင် လေးနှစ်ကြာ အလုပ်လုပ်နေသည့် အင်ဂျင်နီယာတစ်ဦးဖြစ်သူ မယုယုက ဆိုသည်။ 

“သင်တန်းတက်မယ်၊ အေဂျင်စီအပ်မယ်ဆိုရင် မတက်ခင် Facebook ကနေတစ်ဆင့် နာမည်ပျက်ရှိ၊ မရှိ အရင် စုံစမ်းသင့်တယ်။ အခုက မြန် မာနိုင်ငံမှာတင် လိမ်တာ မဟုတ်ဘဲ ဂျပန်ရောက်ပြီးမှ အလိမ်ခံရတာတွေလည်း ရှိတယ်။ အထူးသဖြင့် လစာကိစ္စတွေပေါ့။ ဒီက အေဂျင်စီက ပြောတဲ့ လစာနဲ့ ဟိုရောက်မှ ရတဲ့ လစာက မတူတာမျိုးတွေ၊ လုပ်ရတဲ့အလုပ် မတူတာမျိုးတွေလည်း ဖြစ်ကြတယ်“ ဟု ၎င်းက ပြောလိုက်သည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s