Monthly Archives: Sep 2022

မင်းတပ်မြို့နယ် လှော်ဝရွာတွင်ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဗုဒ္ဓဘာသာ ဘုန်တော်ကြီးများနှင့် ဒေသခံရွာသားများအား စု စည်းထိန်းသိမ်း

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်းရှိ လှော်ဝရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် ဒေသခံရွာသားများကို စုစည်းထိမ်းသိမ်းခဲ့ပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းများကို သိမ်းယူခဲ့ကြောင်းသိရသည်။

“ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကတော့ သတင်းတွေပေါက်ကြားလို့တဲ့။ သူတို့က ရွာထဲကိုဝင်တာနဲ့ ဘုန်းကြီးကျောင်း ဒါမှမဟုတ်ရင် ဘုရားကျောင်းမှာ အရင်ဆုံးရွာထဲက လူတွေကိုစုခိုင်းတယ်။ ပြီးတာနဲ့ဖုန်းတွေကို သိမ်းလိုက်တယ်။ သူတို့ရောက်နေတာ အကြောင်းကြားမှာစိုးလို့သိမ်းတာ။ အခုဖြစ်တဲ့ရွာကလည်း ကျောက်ထုနဲ့ မင်းတပ်ကြား မှာရှိတဲ့ရွာပေါ့။ မတူပီမှာလည်းဒီအတိုင်းပဲရွာထဲဝင်တာနဲ့ ဖုန်းတွေ လူ‌တွေကို အရင်စုခိုင်းတယ်။ အဲ့ဒီလိုဖြစ်နေတယ်” ဟု မင်းတပ်မြို့ပေါ်တွင် နေထိုင်သူ ဒေသခံတစ်ဦးကပြော သည်။

စစ်ကောင်စီတပ်သည့် ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်နေ့ကစတင်၍ မင်းတပ်မြို့နယ်၊ လှော်ဝကျေးရွာတွင် တပ်စွဲထားပြီး မင်းတပ်ကာကွယ် ရေးတပ်ဖွဲ့ (CDF) ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

”အခုတလောမင်းတပ်မှာထိတွေ့မှုတွေပြန်ဖြစ်လာတယ်။ ရွာတွေဘက်ကို ကျောက်ထု အမြောက်တပ်ကလှမ်းထုလိုက်၊ မြို့ပေါ် (၂၇၄) တပ် ရင်းကနေ လှမ်းထုလိုက်နဲ့ ညညဆို ရမ်းပစ်နေကြတယ်။ မနေ့ညကလည်း မင်းတပ်(၂၇၄) တပ်ရင်းကနေရမ်းပစ်လိုက်တာ ခွီရိန်းရွာထဲကိုကျပြီး အိမ်တချို့ပျက်စီးကြတယ်လို့ပြောတယ်။ လက်နက်ကြီးကျတာကြောင့်ရွာသားတွေက ညဘက်ကြီး မိုးရေထဲမှာ ထွက်ပြေးကြရတယ်” ဟု မင်းတပ် မြို့ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့ပေါ်တွင်လည်း စစ်ဆေးများပြုလုပ်နေပြီး မင်းတပ်မှ ထွက်သည့်ခရီးသည် လိုင်းကားများတွင် လိုက်ပါသူ များ၏ဖုန်းများကို အသေးစိတ် စစ်ဆေးမှုများရှိသလို ဖမ်းဆီးမှုများလည်းရှိကြောင်း သိရသည်။

”လူတစ်ယောက်ကို စစ်ရင် တစ်နာရီလောက်ကြာတယ်ဗျာ။ လူငယ်တွေဆို ပိုဆိုးတယ်။ သူတို့ဆီမှာ ပါဝါဘဏ်လိုမျိုး စက်လေးတစ်လုံးရှိတယ်။ အဲ့ဒါကိုဖုန်းနဲ့တွဲပြီးစစ်တာ။ ဖျက်ထားတာတွေ အားလုံးပြန်ပေါ်တယ်။ ညနေရန်ကုန်ဆင်းဖို့ကား လက်မှတ် ဝယ်ထား တာတွေလည်း မမီတော့ အားလုံးဆုံးတာပေါ့” ဟု ဒေသခံခရီးသွားတစ်ဦးက မဇ္ဈိမကို ပြောသည်။ mizzima

မိုးဗြဲ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံး၊ ပြည်သူ့ကာကွယ် ရေးရဲဘော် ၂ ဦး ကျဆုံး

ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တွင် ဖြစ်ပွားသော စက်တင် ဘာ လ ၁၁ ရက်နေ့ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေ ဆုံး ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၇)နာရီမှစ၍ မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ် ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တစ်နေ ကုန်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း၊ ပူးပေါင်းတပ်ဘက်မှ ရဲဘော် (၂)ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များကိုကောက် ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင် ခဲ့သော လက် နက် များထဲမှ MA-1 သေနတ် ၁ လက် ၊ MA-3 သေနတ် ၂ လက် ၊ RPG သီးများ ၊ ၆၀ မမ အသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် ၁ လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့ကြောင်း သိရှိရသည်။

ယနေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီဘက်က တိုက်လေယာဥ် ဖြင့် ၂ ကြိမ်တိတိ လာရောက်ပစ်ခက်ခဲ့ပြီး ပြည်သူလုထု နေအိမ်အများအ ပြားလည်း ထိ ခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ (၈)ရက်နေ့စ၍ ယနေ့ထိ (၄) ရက်တိုင်တိုင် အကြမ်းဖက်စစ်ကောင် စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက် ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ကြသေးရန် ပြည်သူများကို KNDF က တိုက်တွန်းထားသည်။ khit thit

ထားဝယ်မြို့တွင် စစ်တပ်က ဧည့်စာရင်းစစ် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ စက်တင်ဘာလအစောပိုင်းကနေ အခုထိ လူနေအိမ်တွေနဲ့ အငှားအိမ်ခန်းတွဲတွေကို နေ့တိုင်းနီးပါ စစ်ကောင်စီတပ်က  ဧည့်စာရင်းဝင်ရောက် စစ်ဆေးနေပြီး ဧည့်စာရင်း မတိုင်တဲ့သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အရင်တုန်းကလည်း ဧည့်စာရင်းစစ်ဆေး ဖမ်းဆီးတာတွေ ရှိခဲ့ပေမဲ့ သြဂုတ် ၃၀ ရက် ထားဝယ်မြို့ ကညနရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ပိုင်း အခုလို စစ်ဆေးဖမ်းဆီးတာတွေ ပိုများလာတာပါ။

ထားဝယ်မြို့ခံ လူငယ်တဦးက “သူတို့က ကင်းလှည့်ရင်း စစ်ချင်တဲ့ နေရာဝင်စစ်တာ။ ဝင်စစ်တဲ့ အချိန်တိုင်းလိုလို ဖမ်းခံရတဲ့သူတွေ ရှိတယ်။ သန်းခေါင်စာရင်းထဲ မပါတဲ့သူ၊ ဧည့်စာရင်းမတိုင်တဲ့ သူတွေကို ဘာမှ မေးမနေဘူး တခါတည်း ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ဖမ်းခံရတဲ့သူတွေကို တရားရုံးမှာ ဒဏ်ငွေ ဆောင်ခိုင်းကာ ပြန်လွှတ်ပေးတာတွေ ရှိသလို ရဲစခန်းမှာ ပိုက်ဆံနဲ့ သွားထုတ်ရတာတွေလည်း ရှိပြီး ပိုက်ဆံ ဘယ်လောက်ပေးပြီး ထုတ်ရတာလဲဆိုတာကို တော့ အသေးစိတ်မသိရပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို ဧည့်စာရင်း ဝင်စစ်တဲ့အချိန် တံခါးဖွင့်ပေးတာ နောက်ကျတဲ့ အိမ်တွေဆို တံခါးဖျက်ပြီး ဝင်ရောက်တာတွေလည်း ရှိနေတယ်လို့ မြိုခံတွေက ပြောပါတယ်။

မြောင်းပုလဲရပ်ကွက်က နေအိမ်တချို့ကို စက်တင်ဘာ ၁၀ ရက် ညက ဧည့်စာရင်းဝင်စစ်တဲ့ အချိန် နေအိမ်တံခါးဖျက်ဆီး ဝင်ရောက်ခဲ့တာတွေရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပေမဲ့ ဖမ်းခံရတဲ့သူ ဘယ်နှဦးရှိလဲဆိုတာကိုတော့ သီးခြားအတည် မပြုနိုင်ပါဘူး။

စက်တင်ဘာ ၉ ရက် ညကလည်း  ကရပ်ပြင်ရပ်ကွက်ထဲ ဧည့်စာရင်းဝင်စစ်ချိန် အမျိုးသား ၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၂ ယောက်ကတော့ နောက်ရက်မှာ ပြန်လွတ်လာပေမဲ့ တခြား ၁ ယောက် ကတော့ အခုထိ ဖမ်းခံထားရဆဲဖြစ်တယ်လို့ ကရပ်ပြင်ရပ်ကွက်နေသူတွေက ပြောပါတယ်။ DVB

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက အခြေခံ စားသောက်ကုန် သယ် ဆောင်ခွင့် ကန့်သတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ် တချို့တွင် အခြေခံ စားသောက်ကုန်များ သယ်ဆောင်ခွင့်ကို သက်ဆိုင်ရာ မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ကန့်သတ်နေကြောင်း ဒေသခံများထံက သိရသည်။

ထားဝယ် အရှေ့တောနယ်နှင့် ထားဝယ်-ထီးခီး လမ်းပိုင်းတို့တွင် ဆန် ၁၀ အိတ်အထက် နှင့် အခြားသော နေ့စဉ် စားသောက်ကုန်များကို သယ်ဆောင်ခွင့် ကန့်သတ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထားဝယ်မြို့ အဝင်ဂိတ် ကမြောကင်း တံတား၌ စစ်ဆေးခံရသူ ဒေသခံ တစ်ဦးက”ကုန်တင်ကားတွေမှာ ဆန် ၁၀ အိတ်ထက် ပိုတင်လာရင် စစ်ဆေးမေးမြန်း ဖမ်းဆီးခံရတာတွေ ငွေညှစ်တာတွေ ရှိလာပါတယ်”ဟု ပြောသည်။

ထိုသို့ ကန့်သတ်ထားသော်လည်း စစ်ကောင်စီက တရားဝင် ထုတ်ပြန် ကြေညာထားခြင်း မရှိကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံက သိရ သည်။

ကန့်သတ်ထားသည့် စစ်ဆေးရေးဂိတ်နေရာများ၌ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွါးနေသည်ဟု သိရသည်။

လက်ရှိတွင် ထားဝယ်အရှေ့တောနယ်၌ စစ်ရှောင် ပြည်သူများစွာ ပိတ်မိနေ၍ အစားအသောက်ပြတ်လပ်ပြီး စားနပ်ရိက္ခာများနှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံက သိရသည်။ mizzima

မောင်တောတွင် စစ်တပ်စခန်းကျသွားသည့်နေ ရာအနီး လေတပ်က ဗုံးကြဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းဗျုဟာအနီး ယနေ့ စက်တင်ဘာ ၁၁ နံနက်အစောပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံများ ကြားလိုက်ရကြောင်း ဒေသခံများက ပြောသည်။ 

နံနက် ၄ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်သံကို ထိုနေရာနှင့် တစ်မိုင်ဝန်းကျင်အတွင်း ကျေးရွာများတွင် နေထိုင်သူများ ကြားခဲ့ရသည်ဟု သိရသည်။ 

“စခန်းအရှေ့ဘက်က တောင်ကုန်းတောင်တန်းတွေကို ကြဲချခဲ့တာ။ ဂျက်တိုက်လေယာဉ်နဲ့ လာကြဲတာ။ ဘယ်နှစ်စီး ပါတယ်ဆိုတာကို မမြင်ရဘူး၊ အသံပဲ ကြားနေရတယ်။ (ဗုံး) ၆ လုံး ၇ လုံးလောက် ကြဲချခဲ့တယ်။ ကြောက်တာပေါ့။ နားတွေ ကွဲထွက်မတတ်ဖြစ်သွားတာ။ အိမ်တွေတောင် လှုပ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကြိမ်ချောင်းဗျူဟာအနီး ကြိမ်ချောင်းမြို့ရှိပြီး ထိုနေရာနှင့် တစ်မိုင်ခန့်အကွာတွင် မင်းကြီးရွာ၊ ရန်အောင်ပြင် စသည့် ကျေးရွာများရှိကြသည်။ 

“အဲဒီအနီးဝန်းကျင်မှာ AA တွေ ရှိနေနိုင်တဲ့ နေရာတွေကို အထင်နဲ့ဗုံးကြဲချတာ။ ဒေသခံတွေ အထိတ်တလန့်ဖြစ်ပြီး လန့်နိုးသွားကြတာမျိုး ဖြစ်သွားတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ 

မောင်တောမြို့နယ်၊ ကြိမ်ချောင်း- ဂုပ္ပီသို့ ဆက်သွယ်ထားသည့် မေယုတောင်ကျော်လမ်းပေါ်တွင် ရှိသော စခန်းကို ခြေမြန်တပ်ရင်း (ခမရ) ၃၅၂ လာရောက်စခန်းထိုင်စဉ် စက်တင်ဘာ ၁၀ တွင် နံနက် ၆ နာရီခွဲက ဝင်တိုက်ခိုက်ပြီး တစ်နာရီခန့်အကြာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ကျသွားသည့် ထိုစစ်တပ်စခန်းနေရာသည် အနောက်မြောက်ဘက်တွင် ကြိမ်ချောင်းဗျူဟာ၊ အနောက်ဘက်တွင် လောင်းဒုံရွာတို့ ရှိသည်။ 

ထို့နောက် ယနေ့ နံနက် အရုဏ်တက်ချိန် စစ်တပ်က ကြိမ်‌ချောင်းဗျူဟာ အနီးဝန်းကျင်မှ အောင်စစ်ပြင် ရိုဟင်ဂျာ ကျေးရွာပျက်၊ ဒိုးတန်းရွာပျက်နှင့် အရှေ့ဘက်ရှိ တောတောင်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ နံနက် ၄ နာရီ ၂၆ မိနစ်တွင် ဂျက်တိုက်လေယာဉ်တစ်စီး ပျံသန်းလာသံ ကြားလိုက်ပြီးနောက် မိနစ်ပိုင်းအကြာ ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာကြားလိုက်ရကြောင်း ကြိမ်ချောင်းဗျူဟာမှ သုံးမိုင်ခန့်အကွာ လောင်းဒုံရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ် ပျံလာတာကို ကြားရပြီးတာနဲ့ ပေါက်ကွဲသံတစ်ချက် ကြားလိုက်ရတယ်။ ဘယ်နားမှာ ပေါက်ကွဲတာလဲ ဆိုတာကို အတိအကျမသိရပါဘူး။ မနေ့ကတော့ ကြိမ်ချောင်းဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ လေယာဉ်တွေလာတဲ့အသံကိုလည်း ကြားလိုက်ရတယ်” ဟု ထိုလောင်းဒုံကျေးရွာသားက ဆိုသည်။

လောင်းဒုံကျေးရွာသည် မောင်တောမြို့မှ ခမောင်းဆိပ်သို့ ဆက်သွယ်ထားသည့် ကားမပေါ်တွင်ရှိပြီး ကြိမ်ချောင်းရွာအောက်ပိုင်း သုံးမိုင်ခန့်အကွာတွင် ရှိသည်။ 

“ဗုံးကျကွဲတဲ့နေရာက ဒိုးတန်းကုလားရွာရဲ့ ဗလီအနီးမှာ ကျကွဲတာလို့ သိရတယ်။ အဲဒီဒိုးတန်းကုလားရွာပျက်က လောင်းဒုံနဲ့ဆို ၂ မိုင်လောက် ဝေးတယ်” ဟု လောင်းဒုံရွာသား နောက်တစ်ဦးက ပြောသည်။

ဒိုးတန်းသည် ရိုဟင်ဂျာကျေးရွာကြီးတစ်ရွာဖြစ်ပြီး ထိုကျေးရွာသားများမှာ ၂၀၁၇ အရေးအခင်းဖြစ်ခဲ့စဉ်က အများစုသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသောကြောင့် နေထိုင်သူ မရှိတော့သဖြင့် ရွာပျက်၍ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

၎င်းကျေးရွာမှာ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်သို့ ဆက်သွယ်ထားသည့် ပင်မကားလမ်းမကြီး၏ လမ်းခွဲတစ်ခုဖြစ်သော ငါးခူရ ပြန်လည်လက်ခံရေးစခန်းဘက်သို့ သွားသော ကားလမ်းမပေါ်တွင်ရှိပြီး လောင်းဒုံကျေးရွာနှင့် ၂ မိုင်ခန့် ဝေးသည်။

ယမန်နေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ တပ် သားအချို့ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင် ၁၈ ကလည်း ကြိမ်ချောင်းဗျူဟာနှင့် ၃ မိုင်ခန့်အကွာတွင် နယ်ခြားစောင့်ရဲကားတစ်စီး တိုက်ခိုက်ခံရပြီး ၁၀ ဦး ခန့် သေဆုံးကာ ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးကို AA က ဖမ်းဆီးခဲ့သည်။

အာဏာသိမ်းခါနီး စစ်တပ်က AA နှင့် အပစ်ရပ်ခဲ့ရာ ရခိုင်ဒေသခံတို့မှာ တိုက်ပွဲများနှင့် ကာလအတန်ကြာ ကင်းဝေးခဲ့သည်။ 

အာဏာသိမ်းမှုဆန့်ကျင်သူအများအပြား အကြမ်းဖက်၊ ပစ်သတ်ခံရပြီးနောက် လက်နက်ကိုင် ခုခံမှု နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာရာ စစ်ပညာသင်ယူလိုသူတို့ကို ကူညီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် AA လည်း ပါဝင်လာသည်။

နိုင်ငံအနှံ့ ပြည်သူများ စစ်ကောင်စီတပ်၏ ရန်ကို ဆက်လက် ရင်ဆိုင်နေရချိန်တွင် AA နှင့် စစ်ကောင်စီတပ် ဆက်ဆံရေး ပျက်ပြားလာရာမှ ရခိုင်ဒေသတွင် တိုက်ပွဲများ ပြန်လည် အစပြုလာသည်။

စစ်သည်အင်အား၊ တိုက်ခိုက်နိုင်စွမ်းတို့ အကန့်အသတ်ကြီးမားလာသော စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ပိုမို အသုံးပြုလျက်ရှိရာ မြေပြင်တွင် လက်နက်ကိုင်များသာမက အရပ်သားများလည်း ထိခိုက်နေသည်။myanmar now

၄၀ မမ ဗုံးသီး ၆ လုံး ထည့်ပစ်နိုင်သည့် လက် နက် ဒေါင်းနီအဖွဲ့ ထုတ်လုပ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အရှေ့ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒေါင်းနီအဖွဲ့က ၄၀ မမ ဗုံးသီး (၆) လုံး ထည့်ပစ်နိုင်တဲ့ လက်နက် ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။

အဲ့ဒီလက်နက်ကို လုပ်ဆောင်နိုင်ဖို့ စက်တင်ဘာလဆန်းပိုင်းက  စတင်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စမ်းသပ်ပစ်ခတ်အောင်မြင်တယ်လို့ အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံက ဆိုပါတယ်။

“အော်တိုတော့ မဟုတ်ဘူး။ တချက်ပစ်ပြီး ဆုံလည်ကိုလက်နဲ့ လှည့်ပေးရတယ်။ လေ့ကျင့်သားရှိသွားရင် အော်တိုလောက်မြန်လာမယ်။ စစ်ကောင်စီတပ်သား တကောင်ကို မိတော့ သူတို့က ဗုံး ၆ လုံး ဆက်တိုက်ကျကျလာတာကို ကြောက်တယ်လို့ပြောတယ်။ ဒီဘက်မှာခေါ်တာတော့ လှလှပေါ့။ အဲ့ဒါကြောင့် ဒါကို ဒီဘက်မှာရှိတဲ့ ပစ္စည်းနဲ့ ထုတ်တာ အောင်မြင်တယ်” လို့ ဒေါင်းနီအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ကျော်ဝဏ္ဏက ပြောပါတယ်။

ပစ်နိုင်တဲ့အကွာအဝေးဟာ ကိုက် ၁၀၀၀ ကျော်ရှိပြီး ထည့်ပစ်တဲ့ကျည်ဟာ တလုံးကို ၂ သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။

ဒီလို ၄၀ မမ ဗုံးသီး ၆ လုံးထည့်ပစ်နိုင်တဲ့ လက်နက် ထုတ်လုပ်နိုင်တဲ့အတွက် တခြား တော်လှန်ရေးအဖွဲ့တွေပါ မျှပေးသွားမယ်လို့ ဗိုလ်ကျော်ဝဏ္ဏက ဆက်လက် ပြောပါတယ်။

ဒေါင်းနီ အဖွဲ့အနေနဲ့ တခြား လက်လုပ်သနတ် အတို၊ အရှည်နဲ့ အဝေးပစ်များလည်း ထုတ်လုပ်ကာ မြေပြင်မှာ အသုံးပြုနေတယ်လို့ သိရပါတယ်။ DVB

PDF Zoland က ခါးချိုးကျည်များ ကိုယ်တိုင်တီထွင် ထုတ်လုပ်အောင်မြင်

ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Zomi Federal Union (PDF Zoland) က ခါးချိုးကျည်များ တီထွင်အောင်မြင်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာသည်။

ယခု ZFU/PDF Zoland မှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်သော ခါးချိုးကျည်များမှာ တစ်လုံးထိုးသေနတ်တွင်ဖြစ်စေ၊ နှစ်လုံးထိုးသေနတ်တွင်ဖြစ်စေ အသုံးပြု၍ ရနိုင်ကြောင်း ZFU/PDF Zoland တာဝန်ရှိသူထံက သိရသည်။

”အခုထုတ်ပြတဲ့ ခါးချိုးကျည်တွေက ကျွန်တော်တို့ရဲ့ Engineering & Innovation အသင်းက ဦးဆောင်ပြီး တီထွင်ထားတာပါ။ တီထွင်ရတဲ့အကြောင်းအရင်းက နံပါတ် တစ်အချက်က ကျည်ဆန်မပြတ်ဖို့ပါ။ နှစ်အချက်က ကုန်ကျစရိတ် သက်သာဖို့ပါ။ ကိုယ်တိုင် တီထွင်တဲ့အတွက် ကျည်ဆန်တစ်ခုကို မြန်မာငွေနဲ့ ၁၅၀၀ ဝန်းကျင် သက်သာပါတယ်။ နံပါတ် သုံးအချက်က ကိုယ်လိုချင်တဲ့ ပုံစံဖော်လို့ရတယ်။ ကိုယ်တတ်နိုင်တဲ့ပမာဏကို ကိုယ်လိုချင်သလောက်ထုတ်လို့ရတယ်။ ပြီးတော့ ကိုယ်လိုချင်သလောက် အများကြီး ပစ်လို့ရမယ်။ ထိပ်ဖူးကျည်ဆန် တစ်ခုထည့်မလား၊။ ဒါမှမဟုတ် အစုလိုက် ပစ်ဖို့လိုတဲ့နေရာမှာ ထည့်မလား ။ အဲ့လို ပုံစံ နှစ်မျိုးနဲ့ကိုယ်လိုချင်တဲ့ပုံစံ တီထွင်လို့ရပါတယ်” ဟု PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမသို့ပြောသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အသုံးပြုသော ခါးချိုးကျည်များမှာ ပြည်ပမှဝယ်ယူရသော ထုတ်ကုန်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးအပြင် အခြားသော အခက်အခဲ များစွာရှိလာသည့်အတွက် ZFU/ PDF Zoland ၏ Engineering & Innovation ဌာနမှ ယခု ကဲ့သို့ကျည်များကို ကိုယ်တိုင်တီထွင်ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

”ကုန်ကြမ်းကတော့ ပြည်တွင်းက ဝယ်တာရှိသလို ပြည်ပကဝယ်တာလည်း ရှိတယ်။ အခက်အခဲကတော့ လမ်းခရီးမှာ သယ်ပို့ရတာမျိုး၊ တ ခြားအခက်အခဲ အများကြီးပါ။ ဒါပေမဲ့ အခုတော့ နည်းပညာပိုင်းဖြစ်ဖြစ်၊ သွားလာရေး အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ စတာတွေကိုတော့ တဖြည်းဖြည်းနဲ့ကျော်ဖြတ်နိုင်ပါပြီ။ အဓိကကတော့ ရန်ပုံငွေပေါ့။ ငွေရှိရင်တော့ တခြားအခက်အခဲတွေ ကျော်ဖြတ်လို့ရတာပေါ့”ဟု အဆိုပါ PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုလက်ရှိတွင် ZFU/ PDF Zoland မှ မိမိတို့တပ်ရင်း အသုံးပြုရန်အတွက်သာ ထုတ်လုပ်နိုင်သေးကြောင်းနှင့် မိမိတို့နှင့် ဆက်စပ်နေသော မဟာမိတ်တပ် အဖွဲ့အစည်းအသီးသီးအတွက်လည်း ထုတ်လုပ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့တီထွင်ထားတဲ့ ဒီခါးချိုးကျည်တွေကို ပြီးခဲ့တဲ့ လေးလ ငါးလ ကတည်းက တီထွင်ထုတ်လုပ်ထားတာပါ။ အခုမှထုတ်ပြတာ ဘာလို့လဲဆိုတော့ ပြည်ပဘက်ကနေလည်း ဝယ်ယူရတာခက်ခဲလာတော့၊ ဒီလို အခက်အခဲရှိလာရင် PDF တွေက ဒီလိုကျော်ဖြတ်နိုင်တယ်ဆိုတာ ပြည်သူကို အသိပေး ပြသချင်လို့ပါ” ဟု PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Zomi Federal Union (PDF Zoland) က အလေးချိန် ၁၂ ကီလိုဂရမ်၊ ၁၅ ကီလိုဂရမ် သယ်နိုင်သည့် တိုက်ခိုက်ရေးဒရုန်းကို တီထွင်အောင် မြင်ကြောင်းကိုလည်း သြဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာထားသေးသည်။

ZFU/PDF Zoland မှတီထွင်ထုတ်လုပ်ခဲ့သော ခါးချိုးကျည် နှင့် ဒရုန်းတို့မှာ NUG MOD ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သော ပရောဂျက်ဖြစ်ကြောင်းလည်း သိရသည်။mizzima

ကျောက်တော်တွင် စစ်သား ၂ ဦး တပ်မှ ထွက် ပြေး

တိုက်ပွဲများ ပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ၂ ဦး ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။ 

မြို့ပေါ်မှ ၈ မိုင်ခန့်အကွာ မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကြောင်းမှ စစ်သား ၂ ဦး စက်တင်ဘာ ၁၀၊ ညနေ ၃ နာရီခွဲခန့်က ထွက်ပြေးသွားခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် ယင်းညမှာပင် စစ်တပ်က အနီးရှိ မဟာမုနိရွာနှင့် ဘုရားဝင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းမှ တဲအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ထိုနေရာ၌ နေထိုင်သူများက ပြောသည်။

“ည ၇ နာရီလောက်မှာ ဝင်လို့ စစ်ဆေးခဲ့တယ်။ တချို့လူတွေကိုကျတော့ မှတ်ပုံတင်တွေ စစ်တယ်လို့ ပြောတယ်။ တချို့လူတွေကိုကျတော့ အေးဆေးနေလို့ရပါတယ်၊ ကျွန်တော်တို့လူတွေ ရောက်လာလားလို့ မေးတယ်လို့ ပြောတယ်” ဟု ထိုမဟာမုနိဘုရားနှင့် အနီးဝန်းကျင်မှ ရွာသားတစ်ဦးက ပြောပြသည်။

“စစ်ဘေးရှောင်စခန်းက အသက်ကြီးပိုင်းတွေကိုလည်း ဘာမှမဖြစ်ဘူး။ မကြောက်ကြဖို့နဲ့ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ပြောခဲ့တယ်လို့ သိရတယ်။ စစ်ဘေးရှောင်စခန်းကိုလည်း စစ်တယ်။ အဲဒီနားက မဟာမုနိရွာကို ဝင်စစ်တယ်”

စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများကို  အနှောင့်အယှက်မပေးသော်လည်း အနီးဝန်းကျင် မဟာမုနိကျေးရွာ၊ သရက်တစ်ပင်ကျေးရွာမှ ရွာသားတချို့မှာ ကြောက်လန့်ထွက်ပြေးကြရကြောင်း ဆိုသည်။

ထိုစစ်သား၂ ဦးမှာ AA ထံ ထွက်ပြေးခိုလှုံသွားသည်ဟု ကြားသိရကြောင်း၊ လက်နက် ပါမပါ မသိရကြောင်း ထိုအနီးဝန်းကျင်မှ ဒေသခံ နောက်တစ်ဦးက ပြောသည်။ 

“အဲဒီထွက်ပြေးသွားတဲ့ စစ်သားနှစ်ယောက်က AA ဆီမှာ အလင်းဝင်သွားတယ်လို့ သတင်းလည်းထွက်နေတယ်။ ဟုတ်မဟုတ် အတိအကျကိုတော့ မပြောနိုင်ပါဘူး” ဟု သူက ဆိုသည်။

ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်သော မဟာမုနိဘုရားမှာ စစ်တွေ – ရန်ကုန် အာရှကားလမ်းမကြီးနှင့် ကပ်လျက် တည်ရှိပြီး ယခင်ကတည်းက အင်အား ၂၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည်။

ပြီးခဲ့သည့် မေ ၂၂ ကလည်း ကျောက်တော်မြို့ ထိုစစ်ကြောင်းမှ စစ်သားတစ်ဦး လက်နက်မဲ့ ထွက်ပြေးခဲ့ပြီး စက်တင်ဘာ ၆ ကလည်း ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခုမှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး ထွက်ပြေးခဲ့သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များ AA ထံ ထွက်ပြေးသွားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သော်လည်း ၎င်းတို့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ခိုလှုံနေသည်ဟု AA ဘက်က တရားဝင်ပြောထားသည်။ 

လက်ရှိတွင် မိုင်တိုင် ၄၀ ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုနှင့် ယမန်နေ့ (စက်တင်ဘာ ၁၀) က မောင်တောမြို့နယ်ရှိ ခမရ ၃၅၂ စခန်းကို ဆုံးရှုံးထားသလို ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု ဆယ်နှင့်ချီ ရှိနေသည်။

စက်တင်ဘာ ၁၀ နံနက် ၆ နာရီက မောင်တောမြို့နယ် ကြိမ်ချောင်း- ဂုပ္ပီသို့ ဆက်သွယ်ထားသည့် မေယုတောင်ကျော်လမ်းပေါ်ရှိ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၅၂ ၏ စခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း ညပိုင်း၌ ထုတ်ပြန်သည်။

ထိုကဲ့သို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးခိုလှုံမှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဘက်မှ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ 

လတ်တလောတွင် မောင်တောဒေသအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံအများအပြား ထွက်ပြေးနေရသည်။  myanmar now

ဝေါမြို့နယ် စုပေါင်းစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ ရဲတပ်သား မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ သတ်သေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်းခါးရှည်-ဒိုက်ဦးဗျူဟာလမ်းဆုံရှိ X-rayစက်ဖြင့် စစ်ဆေးနေသည့် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ သတ်သေခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“တစ်နေ့က အဲ့ဒီဂိတ်မှာ ဖြစ်သွားတာ။ ရဲတယောက် ကိုယ်ကိုကိုယ် သတ်သေ သွားတယ်။ မေးစေ့ကနေ ပစ်လိုက်တာ ခေါင်းပွင့်သွားတယ်။ အဲ့ဒီရဲက ပဲခူးတိုင်း၊ တိုင်းရုံးက ဝေါရဲစခန်းမှာ လာတွဲနေတဲ့ရဲ။ လူမှုရေးကိစ္စလို့တော့ကြားရတယ်။ ဖြစ်ပြီး သွားတဲ့အချိန် လူနာတင်ယာဉ်နဲ့ တိုး တိုးတိတ်တိတ်လာသယ်သွားတယ်။ မနေ့က သင်္ဂြိုဟ်တယ်” ဟု ဝေါမြို့နယ် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်၍ ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် စစ်ကောင်စီခန့် ပဲခူးတိုင်း ဝန်ကြီးချုပ်မျိုးဆွေဝင်း ကိုယ်တိုင် ဝေါမြို့နယ်ရဲစခန်းသို့ လာရောက် စစ်ဆေး ခဲ့ကြောင်းသိရသည်။

မိမိကိုယ်ကို သတ်သေသွားသည့် ရဲတပ်သားနှင့် ပတ်သက်သည့် အသေးစိတ် အခြေအနေကို သိရှိနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။ mizzima

« Older Entries