ကရင်ပြည်နယ်တွင် စစ်‌ကြောင်းထိုးနေသည့် ခ မရ (၁၀၂ ) မှ ဒုတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့တစ်ခုလုံး ဆန္ဒပြမှု ဖြစ်ပွားခဲ့

ကရင်ပြည်နယ်တွင် စစ်‌ကြောင်းထိုးနေသည့် ခမရ (၁၀၂) မှ ဒုတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့တစ်ခုလုံး ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု CDM ပြုလုပ်လာသည့် စစ်သည်နှစ်ဦးက ‌ပြောသည်။

ခမရ (၁၀၂) တပ်သည် မြ၀တီ-ဝေါလေ လမ်းပိုင်းတွင် စစ်‌ကြောင်းထိုးနေသည့် တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့် လပိုင်းက ဒုတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့တစ်ခုလုံး လက်နက်ချပြီး ဆန္ဒပြခြင်းဖြစ်သည်ဟု အဆိုပါစစ်သားနှစ်ဦးက Voice of Spring သို့ ‌ဖြေကြားထားသည်ကို တွေ့ရသည်။

“အကုန်လုံး သေနတ်တွေ လွှင့်ပစ်၊ ကျည်ကာအင်္ကျီတွေ လွှင့်ပစ်နဲ့ ဆန္ဒပြကြတာ”ဟု CDM တပ်သားစိုးအောင်က ‌ပြောသည်။

စစ်သားနှစ်ဦးမှာ စက်တင်ဘာ ၉ ရက်တွင် CDM ပြုလုပ်လာ ခြင်းဖြစ်ပြီး ခမရ (၁၀၂ )နှင့်အတူ စစ်‌ကြောင်းထိုးနေသည့် ခလရ (၈ )တပ်ခွဲမှ ဖြစ်သည်။

“(၁၀၂) က လက်နက်ချပြီး တစ်ဖွဲ့လုံး ပြန်ဖို့လုပ်တာ၊ သေနတ်တွေ ဗျူဟာမှူးကို အကုန်အပ်ပြီး ပြန်ဖို့လုပ်တာ၊ နောက်တော့မှ ဗျူဟာမှူးက တောင်းတောင်းပန်ပန်နဲ့ မပြန်ဖို့ ပြောပြီး သူ့အနား ဆွဲကပ်ထားတာပေါ့ဗျာ။ သရက်တပင်ကုန်းကို တက်တိုက်မယ်ဆိုတော့ (၁၀၂) ကလည်း မတက်ရဲဘူး။ ကျနော်တို့ လ(၈)ကလည်း မတက်ဘူး။ အဲဒီမှာ အနောက်ကနေ အတင်းဖိအားတွေပေးတော့ မလုပ်ဘဲနဲ့ ဒုတပ်ရင်းမှူး ကိုယ်တိုင်က လက်နက်ချပြီး ပြန်မယ်လုပ်တာ”ဟု CDM စစ်သား စိုးအောင်က ‌ပြောသည်။

စစ်‌ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များကို ထောက်ပံ့မှုမပေးနိုင်ခြင်းကြောင့် PDF များကို နိုင်မည်ဟု မထင်‌ကြောင်း CDM စစ်သား ဇော်ထွဋ်က ‌ပြောသည်။

“PDF တွေကို နိုင်မယ်လို့တော့ မထင်ဘူး။ စစ်တပ်က နိုင်မယ်လို့ မထင်ဘူး။ မထင်ဘူးဆိုတာ နောက်က ထောက်ပံ့မှုအားနည်းတယ်။ ရိက္ခာဆိုတာလည်း ထောက်ပံ့မှု မရှိဘူး ။ ခဲယမ်းကတော့ ထောက်ပံ့တယ် မချိမဆံ့ပေးပြီး ထမ်းခိုင်းတယ် ။ ပိုးခိုင်းတယ်။ စစ်တိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာ၊ ထောက်ပံ့မှုအားကောင်းမှ စစ်က နိုင်မှာ၊ လက်နက်နဲ့ ခဲယမ်းပေးတော့ စစ်သားက ဘာသွားစားမလဲ။ မျှစ်ပြုတ်စားလိုက်၊ ခေါက်ဆွဲထုပ်လေးကို နှစ်ယောက် ဝေခြမ်းစားလိုက်နဲ့” ဟု တပ်သားဇော်ထွဋ်က ‌ပြောသည်။

CDM ပြုလုပ်သူ၊ တပ်ကိုစွန့်ခွာ၍ ထွက်ပြေးသူ များပြားမှုကြောင့် ခမရ(၁၀၂)မှာ တပ်ဖွဲ့စည်းပုံပျက်သွားခဲ့ပြီး အထက်မှ အတင်းဖိအားပေးပါကလည်း အမိန့်နာခံမှုကို ငြင်းဆန်ပြီး သပိတ်မှောက်ကြသည်အထိ စကစတပ်များမှာ စိတ်ဓာတ်ပျက်ပြားမှု အဆိုးရွားဆုံးအခြေအနေ ဖြစ်ပွးလျက်ရှိကြောင်း CDM တပ်သားနှစ်ဦးကို ကိုးကားပြီး Voice of Spring က ရေးသားထားသည်။

စစ်ကောင်စီတပ်မှာ ကရင်နီ ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အစရှိသည့် ဒေသများတွင်လည်း တိုက်ခိုက်ခံနေရသည်။

ကရင်နီ ပြည်နယ်တွင် စစ်ကောင်စီ၏ နာမည်ကြီးတပ်မဟု ခေါ်ဆိုသည့် တပ်မ (၆၆) မှာ ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံခဲ့ရပြီး တပ်မမှူး မျိုးမင်းကိုယ်တိုင် အပြင်းအထန်ဒဏ်ရာရကာ တပ်မမှူးနေရာ အစားထိုးခဲ့ရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s