ဆောမြို့တွင် သက်ကြီးရွယ်အိုနှင့် အသက်မပြည့် သေးသည့် မိန်းကလေး ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ် YDF ဗဟိုမှ စုံစမ်းစစ်ဆေးမှု ပြီးစီးဟုဆို

မကွေးတိုင်း၊ ဆောမြို့၊ ဇေယျရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ်လ၂၁ ရက်နေ့ ညပိုင်းက အသက် ၆၀ ဝန်းကျင် အမျိုးသားသုံးဦးအပြင် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးတို့ သေနတ်ဒဏ်ရာများဖြင့် သေဆုံးမှုအပေါ်တွင် YDFဗဟိုမှ စုံစမ်းမှုများ ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်း YDFဗဟို၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ်အပေါ် တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူလူထုက ဝေဖန်ထောက်ပြမှုများ ရှိနေ၍ အဓိကတာဝန်ရှိသူများဖြစ်သည့် YDF-SAW မှ အဖွဲ့ဝင်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် စုံစမ်းမှုများပြီးစီးသွားပြီး ဘုတ်အဖွဲ့သို့တင်ပြထားသည်ဟု YDFဗဟို၏
ပြော ရေးဆိုခွင့်ရှိသူ ကိုမင်းမင်းက ဆိုသည်။

“စုံစမ်းစစ်ဆေးမှုကာလကတော့ ပြီးသွားပြီ အရေးယူဖို့ကိစ္စကတော့ အပေါ်တော့ပြန်တင်ပေးထားတယ်။ အမိန့်စာတော့ ပြန်ကျမလာသေးဘူး” ဟု ၎င်းကပြောသည်။

မဇ္ဈိမအနေဖြင့် စစ်ဆေးတွေ့ရှိမှုများနှင့် ပတ်သက်သည့် ခြေအနေနှင့် အရေးယူရန်ကိစ္စများကို မေးမြန်းခဲ့ရာတွင် တရားဝင်ထုတ်ပြန်သွားမည်သာဖြစ်ကြောင်း ကိုမင်းမင်းက ပြောသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၂၁ရက်နေ့က ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာတွင် ပြန်လည်ခုခံမှုများပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်ဟု ယောကာကွယ်ရေးတပ်(YDF)က ဩဂုတ်လ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။


ယောကာကွယ်ရေးတပ်(YDF) ၏ ပစ်ခတ်မှုကြောင့် အိမ်ရှင်အပါအဝင် ၎င်း၏ညီ၊ ဇနီး၊ ချွေးမ၊ မြေးနှင့် လာရောက်လည်ပတ်သည့် သူငယ် ချင်းတို့ သေဆုံးခဲ့ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်ဟု သေဆုံးသူများ၏ မိသာစုဝင်တစ်ဦးက ဆိုသည်။

YDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လတ်တလောတွင် တပ်ရင်း ၁၅ ရင်းဖြင့် ဖွဲ့စည်းထားကြောင်း YDF ထံက သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၁ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုများ အသတ်ခံခဲ့ရသကဲ့သို့ နေအိမ်မှ ကားနှစ်စီး၊ ဆိုင်ကယ်နှစ်စီး ၊ငွေသားများ၊ လက်ဝတ်ရတနာအချို့နှင့် အိမ်ရှေ့တွင်ဖွင့်ထားသည့် ဆိုင်အတွင်းမှ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့သည်ဟု အသတ်ခံရသူများ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုအောင်အောင်လင်းက ဆိုသည်။

YDFဗဟိုဘက်မှ ကားနှစ်စီး၊ဖုန်းတစ်လုံး ၊ငွေသားသုံးသိန်းနှင့် ဆွဲကြိုးသုံးကုံးပါသည် ဟု အတည်ပြုထားပြီး မိသားစုဝင်များ ရထိုက်သည်ဟုထင်ပါက ပြန်လည်ပေးအပ်သွားမည်ဟု ဆိုထားသည်။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သော သူများကို သွားရောက်ရှင်းလင်းမည့်ကိစ္စကို ဗဟိုမှ မသိရှိခဲ့ကြောင်း နှင့် ဒလန်ပျူစောထီးများဆိုလျှင်လည်း သေ ဒဏ်ဖြင့်အရေးယူရန် ညွှန်ကြားထား ခြင်းမရှိကြောင်း YDFထံက သိရသည်။

“အဲ့ဒီသတင်းက ဗဟိုအထိတော့ မရောက်ဘူး။ ရုံးအဆင့်ထိပဲ ရောက်လာတာ။ သူတို့ ချက်ချင်းပဲ ဆုံးဖြတ်ချပြီး မြန်မြန်ပြုလုပ်သွားတာဆိုတော့လေ။ ဒါပေမဲ့ ဒီလအတွင်း ပြုလုပ်ခဲ့တဲ့ ခြောက်ကြိမ်မြောက် ဗဟိုအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတာ ရှိတယ်။ ဘာလဲဆိုရင် ဒ လန်တို့ ပျူစောထီးတို့ သတ်တဲ့ရှင်းတဲ့ ကိစ္စမျိုးမပြုလုပ်ဖို့ ၊ ဒလန် ဘာညာ စွပ်စွဲခံရသူတွေကို ရဲဘော်တွေက ဖမ်းဆီးပြီးတော့မှ တရားရုံးကို အပ်ပေးဖို့ ညွှန်ကြားထားတာရှိတယ်။ အဲဒီညွှန်ကြားစာက တပ်ရင်း တပ်ဖွဲ့အသီးသီးကို မရောက်တာလည်း ပါတာပေါ့” ဟုကိုမင်းမင်းက ပြီးခဲ့သည့် ဩဂုတ်လ၂၆ရက်နေ့က ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s