ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက အခြေခံ စားသောက်ကုန် သယ် ဆောင်ခွင့် ကန့်သတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ် တချို့တွင် အခြေခံ စားသောက်ကုန်များ သယ်ဆောင်ခွင့်ကို သက်ဆိုင်ရာ မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ကန့်သတ်နေကြောင်း ဒေသခံများထံက သိရသည်။
ထားဝယ် အရှေ့တောနယ်နှင့် ထားဝယ်-ထီးခီး လမ်းပိုင်းတို့တွင် ဆန် ၁၀ အိတ်အထက် နှင့် အခြားသော နေ့စဉ် စားသောက်ကုန်များကို သယ်ဆောင်ခွင့် ကန့်သတ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထားဝယ်မြို့ အဝင်ဂိတ် ကမြောကင်း တံတား၌ စစ်ဆေးခံရသူ ဒေသခံ တစ်ဦးက”ကုန်တင်ကားတွေမှာ ဆန် ၁၀ အိတ်ထက် ပိုတင်လာရင် စစ်ဆေးမေးမြန်း ဖမ်းဆီးခံရတာတွေ ငွေညှစ်တာတွေ ရှိလာပါတယ်”ဟု ပြောသည်။
ထိုသို့ ကန့်သတ်ထားသော်လည်း စစ်ကောင်စီက တရားဝင် ထုတ်ပြန် ကြေညာထားခြင်း မရှိကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံက သိရ သည်။
ကန့်သတ်ထားသည့် စစ်ဆေးရေးဂိတ်နေရာများ၌ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွါးနေသည်ဟု သိရသည်။
လက်ရှိတွင် ထားဝယ်အရှေ့တောနယ်၌ စစ်ရှောင် ပြည်သူများစွာ ပိတ်မိနေ၍ အစားအသောက်ပြတ်လပ်ပြီး စားနပ်ရိက္ခာများနှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံက သိရသည်။ mizzima