ဝေါမြို့နယ် စုပေါင်းစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ ရဲတပ်သား မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ သတ်သေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်းခါးရှည်-ဒိုက်ဦးဗျူဟာလမ်းဆုံရှိ X-rayစက်ဖြင့် စစ်ဆေးနေသည့် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ သတ်သေခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“တစ်နေ့က အဲ့ဒီဂိတ်မှာ ဖြစ်သွားတာ။ ရဲတယောက် ကိုယ်ကိုကိုယ် သတ်သေ သွားတယ်။ မေးစေ့ကနေ ပစ်လိုက်တာ ခေါင်းပွင့်သွားတယ်။ အဲ့ဒီရဲက ပဲခူးတိုင်း၊ တိုင်းရုံးက ဝေါရဲစခန်းမှာ လာတွဲနေတဲ့ရဲ။ လူမှုရေးကိစ္စလို့တော့ကြားရတယ်။ ဖြစ်ပြီး သွားတဲ့အချိန် လူနာတင်ယာဉ်နဲ့ တိုး တိုးတိတ်တိတ်လာသယ်သွားတယ်။ မနေ့က သင်္ဂြိုဟ်တယ်” ဟု ဝေါမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်၍ ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် စစ်ကောင်စီခန့် ပဲခူးတိုင်း ဝန်ကြီးချုပ်မျိုးဆွေဝင်း ကိုယ်တိုင် ဝေါမြို့နယ်ရဲစခန်းသို့ လာရောက် စစ်ဆေး ခဲ့ကြောင်းသိရသည်။
မိမိကိုယ်ကို သတ်သေသွားသည့် ရဲတပ်သားနှင့် ပတ်သက်သည့် အသေးစိတ် အခြေအနေကို သိရှိနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။ mizzima