Monthly Archives: Sep 2022

ပခုက္ကူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သား ၅ ဦး ထောင်ဖောက် ထွက်ပြေး

မကွေးတိုင်း ပခုက္ကူခရိုင် အကျဥ်းထောင်မှာ ဖမ်း​ဆီးထိန်းသိမ်းခံထားရပြီး အမှုစစ်ဆေးနေဆဲ နိုင်ငံရေးအကျဥ်းသား ၅ ယောက် စက်တင်ဘာ ၁၀ ရက် မနက် ၆ နာရီလောက်က ထောက်ဖောက် ထွက်ပြေးလာတယ်လို့ ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ အစီစဥ်နဲ့ သူတို့ ထောင်ဖောက်ပြီး ထွက်လာတယ်။ အပြင်ရောက်တော့မှ ကျနော်တို့ကို ချိတ်ဆက်လို့ မြို့နယ်ပကဖနဲ့အဖွဲ့တွေ ချိတ် ဆက်ပြီး လမ်းကြောင်းကူညီပေးခဲ့တာပါ။ အခုတော့ လွတ်မြောက်တဲ့နေရာ ရောက်နေပြီ။”

ထွက်ပြေးလွတ်မြောက်သွားတဲ့ နိုင်ငံရေးအကျဥ်းသား ၅ ယောက်ထဲမှာ တော်လှန်ရေးရဲဘော် နှစ်ယောက်ပါဝင်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ဖမ်းဆီးခံထားရသူ ၃ယောက် ပါဝင်တယ်လို့ သူက ပြောပါတယ်။ 

ပခုက္ကူခရိုင်အကျဥ်းထောင်ထဲကနေ အကျဥ်းသား ၅ ယောက် ထွက်ပြေးသွားပြီးနောက် အကျဥ်းထောင်ကို အကျဥ်းဦးစီးဌာန တာဝန်ရှိသူတွေ ရောက်လာပြီး အကျဥ်းသားတွေကို ကား လေးစီး နဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲ ခေါ်ဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ Young Force (UG) တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့ (၂)၊  Pakokku Ranger၊ RSO (PKU) အဖွဲ့နဲ့ သက်ဆိုင်ရာနယ်မြေခံအဖွဲ့တွေ ပူးပေါင်းကာ နေရာအလိုက် တာဝန်ခွဲဝေပြီး ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အကျဉ်းသားတွေ လွတ်မြောက်သွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် မောင်တောဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ထွက်ပြေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းကို စက်တင်ဘာ ၁၁ ရက် မနက် ၄ နာရီ ၃၀ လောက်မှာ စစ်အကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုအပြီး ငါးခူရပြန်လည်လက်ခံရေး စခန်း တာဝန်ရှိသူတွေနဲ့ ကျေးရွာ ၇ ရွာက ဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ခွာသွားကြပြီလို့  ဒေ သခံတွေက ပြောပါတယ်။

ငါးခူရကျေးရွာ ဒေသခံတဦးက “ဘယ်လို လုပ်နေထိုင်လို့ ရတော့မလဲ။ ဒီမနက် ၄ နာရီလောက် လူတွေ အိပ်နေချိန် ရွာနားမှာ ဗုံးသံကြောင့် လန့်နိုးသွားတယ်။ မိုးကြိုးပစ်တယ် ထင်တာ။ တိုက်လေယာဥ်သံ ကြားမှ ဗုံးချနေတာ သိရတာ။ မနက်ကျတော ငါးခူရပြန်လည်လက်ခံရေးစခန်း က တာဝန်ကျဝန်ထမ်းတွေ ရေကြောင်းကနေ မောင်တောကို တက်သွားကြတယ်။ ရွာ ၇ ရွာက ဒေသခံတချို့လည်း မောင်တောကို သုံးဘီး ဆိုင်ကယ်တွေနဲ့ ထွက်ပြေးလာကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဥ်တွေဟာ ကျေးရွာ ၇ ရွာနားက နေရာ ၇ ခုကို ရည်ရွယ်ချက်ရှိရှိ ဗုံး ချခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “သူတို့က ကျေးရွာတွေနားမှာ ဒေသခံတွေ ထွက်ပြေးအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဂျက်လေယာဥ် ၂ စီးက နေရာ ၇ နေရာကို ဗုံး တလုံးစီ ချခဲ့တာ။ ရွာသူ၊ ရွာသားတွေလည်း နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာပြီး လူနေ အိမ်တွေကို ဗုံးကြဲလာမှာကို ဒေသခံတွေ စိုးရိမ်နေကြလို့ ထွက်ပြေးကြတာ” လို့ ပြောပါတယ်။ 

တိုက်လေယာဉ်တွေ ဗုံးချခဲ့တဲ့ နေရာ ၇ ခုကတော့ လောင်းဒုံကျေးရွာရဲ့အရှေ့ဘက်၊ ဒိုးတန်းကျေးရွာမှာ ၂ နေရာ၊ စပ္ပယ်ကုံး၊ လောင်ဘာဂုံး၊ အ ထက်ပြူမ၊ ငါးခူရ စတဲ့ကျေးရွာနားတွေ ဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ထပ်မံပြီး ဗုံးချမှာစိုးရိမ်တာကြောင့် ငါးခူရ၊ စံပ္ပယ်ပင်ရင်း၊  လောင်းဒုံး၊ အထက်ပြူမ၊ အောက်ပြူမ၊ ကပ္ပကောင်းရေတွင်းပြင်စတဲ့ ကျေးရွာ ဒေသခံတချို့ သုံးဘီးဆိုင်ကယ်တွေနဲ့ မောင်တောမြို့ပေါ်က ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးခုံလှုံနေကြပြီလို့ ဒေသခံရွာသူ/ရွာ သားတွေက ပြောပါတယ်။ DVB

မောင်တော ကြိမ်ချောင်းတိုက်ပွဲ စစ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းတစ်ခုကို သိမ်းဆည်းရမိပြီး လက်နက်များ ရရှိ

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း ဗျူဟာကာ ကင်း ဂုပ္ပိတောင်ကျော်လမ်းတွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်ခန့်က ကြိမ်ချောင်းဂုပ္ပိတောင် ကျော်လမ်းအနီးတွင် တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး စခန်းကုန်းနှင့်လက်နက်များကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

မြဝတီကုန်သွယ်ရေးဇုန်တွင် မြန်မာကုန်တင်ကားများကို ရဲနှင့်ယာဉ်ထိမ်းရဲတို့မှ တရားမဝင်ငွေကြေးကောက်ခံမှုများရှိနေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တစ်ဖက်ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ပြန်လည်သယ်ယူမည့် မြန် မာကုန်တင်ကားများကို ရဲနှင့်ယာဉ်ထိမ်းရဲတို့က တရားမဝင်ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

အဆိုပါ ကုန်တင်ကားများသည် မြဝတီကုန်သွယ်ရေး ဇုန်အတွင်းသို့ ဝင်ရောက်ရန် တန်းစီရာတွင် ရဲနှင့်ယာဉ်ထိမ်းရဲတို့က ကားတစ်စီးလျှင် ငွေကျပ် ၃၀, ၀၀၀ မှ ၄၀,၀၀၀ အထိ တရားမဝင် ငွေကြေးကောက်ခံပြီး တန်းစီနေရာအလှည့်ကျော်ပေးနေကြောင်း သိရသည်။

“ပိုက်ဆံပေးတဲ့ကားဆို ကျော်တက်ဇုန်ထဲဝင်၊ မပေးတဲ့ကားဆို တန်းစီပေါ့။ (၂၇၅)တပ်ရင်းရှေ့က တန်းစီရင် သုံးရက်အိပ်ရတယ် ။ ဇုန်ထဲဝင်ဖို့၊ ဒီတော့ ကိုယ့်ကား ဝင်ဖို့အရေး ပိုက်ဆံပေးဝင်ရတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကားတန်းစီခြင်းကြောင့် လမ်းပိတ်သည်ဟုဆိုကာ မြဝတီကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများက အစည်းအဝေးခေါ်ကာ တန်းစီစနစ်ကို ပြောင်း လဲလိုက်သည်။

အစည်းအဝေးပွဲတွင် လုပ်ငန်းရှင်တစ်ဦးမှ ရဲနှင့်ယာဉ်ထိမ်းရဲတို့ကို ပိုက်ဆံပေးရကြောင်း တိုင်ကြားခဲ့သောကြောင့် ၎င်းအစည်းအဝေးပြီးသည့် နောက်တွင် အဆိုပါ လုပ်ငန်းရှင်၏ ကားကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဟုဆိုကာ ယာဉ်ထိမ်းရဲက ဖမ်းဆီးခဲ့သည်။

“အခွန်ဆောင်ပြီး စာရွက်စာတမ်းတွေစုံပြီဆိုရင် အကောက်ခွန်မှာ ယာဉ်စစ်ဆေးခွင့်တောင်း၊ ယာဉ်စစ်ဆေးခွင့်ရပြီးမှ မိမိတို့ ဂိုဒေါင်ကနေ ကားထွက်လာမယ် ကားတန်းစီလို့မရဘူးပေါ့ ။ အစည်းအဝေးမှာ ဆုံးဖြတ်တယ်။ ဒါပေမဲ့ အစည်းအဝေးဆုံးဖြတ်တဲ့အတိုင်း လုပ်လားဆိုတော့ မလုပ်ကြဘူး။ ကားတန်းစီရတယ် အခွန်တွေဆောင်ပြီးလို့ ယာဉ်စစ်ဆေးခွင့်လက်မှတ်တွေလည်း ရပြီး ဇုန်ထဲဝင်ခွင့်မပေးဘူး စောင့်နေရတယ် ။ ယာဉ်ထိန်းရဲကို ပိုက်ဆံပေးပြီး ကျော်တက်ကြတာပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင် နောက်တစ်ဦးက ပြောသည်။

ကားတန်းစီရခြင်းမှာ ဇုန်အတွင်း ကားစစ်ဆေးရန် စောင့်ရသည့် နေရာသည် မြေအနေအထားမကောင်းခြင်း ၊လမ်းပျက်နေခြင်းကြောင့် ကားရပ်မရသည့်နေရာဖြစ်ပြီး အဆိုပါနေရာကို စစ်ကောင်စီက ပြုပြင်မှုမရှိခဲ့ပေ။

ရက်ကြာ ကားတန်းစီရခြင်းကြောင့် ကုန်ပစ္စည်းအချို့ ပျက်စီးထိခိုက်မှုများရှိနေပြီး ယာဉ်မောင်းများနှင့် ကုမ္ပဏီတို့ အချင်းများမှုများ ရှိနေ သည်။

ကားပိတ်နေခြင်းဖြစ်ကြောင်း ယာဉ်မောင်းများမှ ကုမ္ပဏီကို သက်သေပြရန် ဓာတ်ပုံရိုက်ကူးသော်လည်း ရဲတပ်ဖွဲ့မှ ဗျူဟာမှူးက မရိုက်ခိုင်းသည့်အတွက်ဟုဆိုကာ ပိတ်ပင်ခံရကြောင်း သိရသည်။

“တနေ့က ဓာတ်ပုံရိုက်လို့ ဇုန်ထဲ ရဲ၁၂ယောက်က ဝိုင်းရိုက်တာခံလိုက်ရတယ် ။ လမ်းရှင်းဖို့ တာဝန်ရှိလို့လာတာကို သိပါတယ် ။ ဒါပေမဲ့ ကားကျော်တက်ဖို့အတွက် ပိုက်ဆံပေးမှ ဇုန်ထဲဝင်လို့ရအောင်လုပ်နေတာက တဖြည်းဖြည်းနဲ့ဂွင်တစ်ခုလိုဖြစ်လာတယ် ။ ဇုန်ထဲကိုမပြင်ဘူး ။ မပြင်တော့ ကားရပ်ဖို့ နေရာမရှိဘူး ။ အပြင်မှာတန်းစီ၊ ရဲအလုပ်က လုံခြုံရေးအလုပ် အခုက ပိုက်ဆံတောင်းတဲ့အလုပ်ဖြစ်နေတယ် ။ လူကြီးတွေလည်း ခွဲတမ်းရတာကို ၊ ဒီတော့ သူတို့မမြင်ချင်ယောင်ဆောင်တာ နှစ်ဖွဲ့လုံး”ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့အပြင် ဇုန်အတွင်းဝင်ရန် ကားကြန့်ကြာနေခြင်းအပြင် မြဝတီမြို့မှ ရန်ကုန်သို့ သွားသည့် ကားလမ်းမကြီးတစ်လျှောက်တွင်လည်း စစ်ကောင် စီမှ အစစ်အဆေး တင်းကျပ်နေခြင်းကြောင့် ယခင်ထက်များစွာ အချိန်ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ မြဝတီကုန်သွယ်ရေးဇုန်ကို တနေ့လျှင် ပျမ်းမျှကားအစီးရေ ၃၀၀ကျော် ဝင်ရောက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်း၊အထည်ချုပ်လုပ်ငန်းသုံး ပစ္စည်းနှင့် စား သောက်ကုန်များ တင်ပို့လျက်ရှိသည်။ mizzima

စစ်ကောင်စီတပ်အင်အားအများအပြား စစ် ကိုင်းတိုင်းမှ ရခိုင်နှင့်ကရင်ဘက်ပို့နေဟု PDF အဖွဲ့များ ပြော

စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ် အင်အားအများအပြားကို ပြန်နုတ်နေတာဟာ ရခိုင်ပြည်နယ် AA နဲ့ ကရင်ပြည်နယ် KNU အခြေစိုက်ရာဒေသတွေဆီ ပို့ဆောင်တာ ဖြစ်နိုင်တယ်လို့ စစ်ကိုင်းဒေသခံ PDF တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက အင်အားအပြည့်စစ်ကားတွေဟာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်းတပ်မဟာ ၃၃၊ မုံရွာ နမခ တို့ကနေ မန္တလေးတိုင်းဘက်ကို အလျင်အမြန် ရွှေ့ပြောင်းနေကြတယ်လို့ မြင်းခြံအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံရွာအနီး စစ်ကောင်စီ ခမရ ၃၅၂ စခန်းကုန်းကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က စက် တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၃၁ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် မိုင်တိုင်အမှတ် ၄၀ မှာတည်ရှိတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ 

အလားတူ ကရင်ပြည်နယ်မှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အင်အားမလုံလောက်တော့တဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းက အင်အားတွေကို မန္တလေးက တဆင့် ရခိုင်နဲ့ကရင်ဘက်ကို အလျင်အမြန်ရွှေ့ပြောင်းနေတာလို့ ဗိုလ်ဇီးရိုး (Zero ပြောက်ကျားတပ်ဖွဲ့) က ပြောပါတယ်။

“ဒီဘက်က အင်အားတွေပြန်နုတ်တယ်ထင်တယ်ဗျ။ ကရင်ဘက်ကိုလည်း ပို့ရတယ်၊ ရခိုင်ဘက်ကိုလည်း ပို့ရတယ်။ အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းဘက်က အင်အားတွေကို ပြန်နုတ်တယ်လို့ ထင်ပါတယ်ဗျ။ စစ်ကိုင်းတိုင်းဘက်က ပြန်ထွက်သွားတဲ့ ကားတွေမှာ အင်အားတွေအပြည့်ပါသလို ဖြစ်နေတယ် ကားတိုင်းမှာ။ စစ်ကိုင်းတပ်မဟာ ၃၃ ကို အခြေပြုပြီးတော့ မန္တလေးကလာတဲ့ ကားကလည်း စစ်ကိုင်းမှာနားတယ်။ စစ်ကိုင်းတပ်မဟာ ၃၃ ကနေမှ ဒီဘက်ကိုပြန်လာတယ်။ နောက်မုံရွာဘက်ကလာတဲ့ ကားတွေကလည်း တပ်မဟာ ၃၃ကို အခြေပြုပြီးတော့ ပြန်လာတယ်။ ဒီနေ့လာတဲ့ ကားတွေကတော့ တော်တော်အရေးကြီးကိစ္စကြောင့်လိုထင်တယ်။ ဘာလို့လဲဆို ခါတိုင်း သူတို့မုံရွာဘက်ကလာတဲ့ ကားတွေက အလကပ၊ ဝင်းပြည့် ဒါမှမဟုတ် မြင်းမူ အဲ့ဒီမှာအမြဲတမ်း တထောက်နားတတ်တယ်။ ဒီနေ့ကားတွေဟာ လုံးဝတထောက်နားတာမရှိဘဲ ဆက်တိုက်မောင်းတာတွေ့ရတယ်ဗျ။”

AA က သိမ်းပိုက်လိုက်တဲ့ နယ်ခြားစောင့်စခန်းကို စစ်ကောင်စီက ပြန်လည်ရရှိရေးအတွက် စစ်ကူတွေ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကိုင်းတိုင်းဒေသတွင်း ပင်မလမ်းပိုင်းအများစုကိုတော့ ဒေသတွင်း PDF တွေက ပိတ်ဆို့ထားပြီး အခွင့်အရေးရရင်ရသလို ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ 

မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီးလမ်းပိုင်း၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဂန့်ဂေါလမ်းပိုင်းတွေကိုလည်း PDF တွေက အချိန် ၃ လကျော် စောင့်ကြည့်ပိတ်ဆို့ထားနိုင်တယ်လို့ ဗိုလ်နေတိုး (ခင်ဦး IR အဖွဲ့) က ဆိုပါတယ်။

“ရေဦးနဲ့ ခင်ဦးလမ်းကြောပိုင်းဆိုင်ရာကတော့ ဒေသခံ Local PDF တွေက လမ်းကြောကို ပိတ်ပစ်ထားတာ ၃ လကျော်သွားပြီဗျ။”

စစ်ကောင်စီဟာ သူတို့အပိုင်ထိန်းချုပ်နိုင်တဲ့ နယ်မြေ၊ မြို့နယ်တွေတဖြည်းဖြည်းလျော့ကျလာပြီး လက်ရှိအချိန်မှာ မြို့နယ်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းအောက်ကို ရောက်နေပြီလို့ NUG သမ္မတရုံးပြောခွင့်ရှိသူက ပြောပါတယ်။ 

နိုင်ငံတဝန်းနေရာစုံမှာ စစ်မျက်နှာဖွင့်နေရတဲ့အတွက် စစ်သားအင်အားအလုံအလောက်မရှိတော့ဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေ ကြောင်းပစ်ကူသုံးတာမျိုးတွေ ပိုလုပ်လာတာကို တွေ့ရတယ်လို့ ဦးကျော်ဇော် (NUG သမ္မတရုံးပြောခွင့်ရှိသူ) က ပြောပါတယ်။

“စစ်မြေပြင်မှာ သူတို့ရှုံးနိမ့်နေတယ်။ သူတို့နယ်မြေတွေကို မစိုးမိုးနိုင်တော့ဘူး။ လေယာဉ်နဲ့လက်နက်ကြီးနဲ့ပစ်မယ်။ အလုံးအရင်းနဲ့ ရာနဲ့ချီပြီးမှ ထွက်လာရဲတဲ့ဘဝ ရောက်နေတယ်။ သူတို့တွေ ရှုံးနိမ့်နေတဲ့အခါမှာ ရှုံးမဲမဲပြီးတော့ လက်နက်မရှိတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်တာတွေ ပိုပြီးလုပ်နေတာတွေ့ရတယ်။ ဒါပေမယ့် သူတို့ကို မကြာခင်အချိန်မှာ ပြည်သူ့ခုံရုံးက စီရင်နိုင်တော့မှာ ဖြစ်ပါတယ်။” 

စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၁၈ လကျော်အကြာမှာ နိုင်ငံတဝန်းမြို့နယ် ၃၃၀ ထဲက ၇၂ မြို့နယ် (မြို့နယ်စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်း) ကိုသာ အပိုင်ထိန်းချုပ်နိုင်တော့တဲ့ အခြေအနေကို ရောက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ SAC- Myanmar က စက် တင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးအားသာလာတဲ့နယ်မြေ ၃၂ မြို့နယ် (၁၀ရာခိုင်နှုန်း) အထိရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ထားတဲ့နယ်မြေက ၂၈ မြို့နယ် (၉ ရာခိုင်နှုန်း) အထိ ရှိနေပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အုပ်ချုပ်ရေးခိုင်မာအောင်တည်ဆောက်လာနိုင်တဲ့နယ်မြေက ၁၃ မြို့နယ် (၄ ရာခိုင်နှုန်း) ဖြစ်ပြီး တော်လှန် ရေးတပ်ဖွဲ့တွေဘက်က အပြည့်အဝထိန်းချုပ်နိုင်တဲ့ နယ်မြေက ၆ မြို့နယ် ( ၂ ရာခိုင်နှုန်း) အထိရှိနေတယ်လို့  SAC- Myanmar က ဖော်ပြထားပါတယ်။  DVB

မြင်းခြံတွင် ဆိုင်ကယ်စီး လာသည့် ဗိုလ်ကြီးအောင်ကိုကို နှင့်တပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတို ၁ လက် သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံတွင် ဆိုင်ကယ်စီးပြန်လာသည့် ဗိုလ်ကြီး အောင်ကိုကိုနှင့် တပ်သား ၁ ဦးကို ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ပစ္စတို ၁ လက် သိမ်းဆည်းရမိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီ အချိန် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာ ကျေးရွာမှ အကြီးဆုံး စစ်ဗိုလ် နှင့်နောက်လိုက် ၁ ကောင် ဆိုင်ကယ်နှင့် ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ အပြန် ဆီမီးခုံမြို့ နှင့် ကြည်ရွာကျေးရွာအကြား လမ်းတွင် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံး လဲကျသွားကြောင်း သိရှိရသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဗိုလ်ကြီးအောင်ကိုကို( သုံးပွင့်)က မသေ ဆုံးမီ ဒဏ်ရာများဖြင့် ၎င်းကို မသတ်ရန် အော်ဟစ် တောင်းပန်သွားခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၆) နောင်ရိုးအထူးပြောက် ကျားတပ်-NYSGF၊ မြင်းခြံခရိုင် တပ်ရင်း( ၂) MGN Tiger၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့၊ တပ်ရင်း(၃)Scorpion၊ Bagan Nyoung Oo PDF မဟာမိတ် ညီ နောင်၅ ဖွဲ့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ဆောမြို့တွင် သက်ကြီးရွယ်အိုနှင့် အသက်မပြည့် သေးသည့် မိန်းကလေး ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ် YDF ဗဟိုမှ စုံစမ်းစစ်ဆေးမှု ပြီးစီးဟုဆို

မကွေးတိုင်း၊ ဆောမြို့၊ ဇေယျရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ်လ၂၁ ရက်နေ့ ညပိုင်းက အသက် ၆၀ ဝန်းကျင် အမျိုးသားသုံးဦးအပြင် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးတို့ သေနတ်ဒဏ်ရာများဖြင့် သေဆုံးမှုအပေါ်တွင် YDFဗဟိုမှ စုံစမ်းမှုများ ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်း YDFဗဟို၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ်အပေါ် တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူလူထုက ဝေဖန်ထောက်ပြမှုများ ရှိနေ၍ အဓိကတာဝန်ရှိသူများဖြစ်သည့် YDF-SAW မှ အဖွဲ့ဝင်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် စုံစမ်းမှုများပြီးစီးသွားပြီး ဘုတ်အဖွဲ့သို့တင်ပြထားသည်ဟု YDFဗဟို၏
ပြော ရေးဆိုခွင့်ရှိသူ ကိုမင်းမင်းက ဆိုသည်။

“စုံစမ်းစစ်ဆေးမှုကာလကတော့ ပြီးသွားပြီ အရေးယူဖို့ကိစ္စကတော့ အပေါ်တော့ပြန်တင်ပေးထားတယ်။ အမိန့်စာတော့ ပြန်ကျမလာသေးဘူး” ဟု ၎င်းကပြောသည်။

မဇ္ဈိမအနေဖြင့် စစ်ဆေးတွေ့ရှိမှုများနှင့် ပတ်သက်သည့် ခြေအနေနှင့် အရေးယူရန်ကိစ္စများကို မေးမြန်းခဲ့ရာတွင် တရားဝင်ထုတ်ပြန်သွားမည်သာဖြစ်ကြောင်း ကိုမင်းမင်းက ပြောသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၂၁ရက်နေ့က ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာတွင် ပြန်လည်ခုခံမှုများပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်ဟု ယောကာကွယ်ရေးတပ်(YDF)က ဩဂုတ်လ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။


ယောကာကွယ်ရေးတပ်(YDF) ၏ ပစ်ခတ်မှုကြောင့် အိမ်ရှင်အပါအဝင် ၎င်း၏ညီ၊ ဇနီး၊ ချွေးမ၊ မြေးနှင့် လာရောက်လည်ပတ်သည့် သူငယ် ချင်းတို့ သေဆုံးခဲ့ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်ဟု သေဆုံးသူများ၏ မိသာစုဝင်တစ်ဦးက ဆိုသည်။

YDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လတ်တလောတွင် တပ်ရင်း ၁၅ ရင်းဖြင့် ဖွဲ့စည်းထားကြောင်း YDF ထံက သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၁ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုများ အသတ်ခံခဲ့ရသကဲ့သို့ နေအိမ်မှ ကားနှစ်စီး၊ ဆိုင်ကယ်နှစ်စီး ၊ငွေသားများ၊ လက်ဝတ်ရတနာအချို့နှင့် အိမ်ရှေ့တွင်ဖွင့်ထားသည့် ဆိုင်အတွင်းမှ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့သည်ဟု အသတ်ခံရသူများ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုအောင်အောင်လင်းက ဆိုသည်။

YDFဗဟိုဘက်မှ ကားနှစ်စီး၊ဖုန်းတစ်လုံး ၊ငွေသားသုံးသိန်းနှင့် ဆွဲကြိုးသုံးကုံးပါသည် ဟု အတည်ပြုထားပြီး မိသားစုဝင်များ ရထိုက်သည်ဟုထင်ပါက ပြန်လည်ပေးအပ်သွားမည်ဟု ဆိုထားသည်။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သော သူများကို သွားရောက်ရှင်းလင်းမည့်ကိစ္စကို ဗဟိုမှ မသိရှိခဲ့ကြောင်း နှင့် ဒလန်ပျူစောထီးများဆိုလျှင်လည်း သေ ဒဏ်ဖြင့်အရေးယူရန် ညွှန်ကြားထား ခြင်းမရှိကြောင်း YDFထံက သိရသည်။

“အဲ့ဒီသတင်းက ဗဟိုအထိတော့ မရောက်ဘူး။ ရုံးအဆင့်ထိပဲ ရောက်လာတာ။ သူတို့ ချက်ချင်းပဲ ဆုံးဖြတ်ချပြီး မြန်မြန်ပြုလုပ်သွားတာဆိုတော့လေ။ ဒါပေမဲ့ ဒီလအတွင်း ပြုလုပ်ခဲ့တဲ့ ခြောက်ကြိမ်မြောက် ဗဟိုအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတာ ရှိတယ်။ ဘာလဲဆိုရင် ဒ လန်တို့ ပျူစောထီးတို့ သတ်တဲ့ရှင်းတဲ့ ကိစ္စမျိုးမပြုလုပ်ဖို့ ၊ ဒလန် ဘာညာ စွပ်စွဲခံရသူတွေကို ရဲဘော်တွေက ဖမ်းဆီးပြီးတော့မှ တရားရုံးကို အပ်ပေးဖို့ ညွှန်ကြားထားတာရှိတယ်။ အဲဒီညွှန်ကြားစာက တပ်ရင်း တပ်ဖွဲ့အသီးသီးကို မရောက်တာလည်း ပါတာပေါ့” ဟုကိုမင်းမင်းက ပြီးခဲ့သည့် ဩဂုတ်လ၂၆ရက်နေ့က ပြောသည်။ mizzima

ဂျပန်နိုင်ငံ၊ တိုကျိုတွင် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြု ဆက် လက်ထားရှိရေးနှင့် အကြမ်းဖက် စစ်အာဏာ ရှင် ကျဆုံးရေး ချီတက် သပိတ်မှောက်

khit thit

မြင်းခြံတွင် ဆေးခန်းပြပြီး ပြန်လာသည့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရ ၊၂ ဦးသေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ဆေးခန်းပြပြီး ပြန်လာသည့် ပျူစောထီးသုံးဦးကို ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း နောင်ရိုးအထူး ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

မြင်းခြံမြို့နယ် ၊ ဆုံရွာကျေးရွာမှ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများ ဖြစ်သည့် ဦးတင်ထွန်းဝေ၊ ဦးနန္ဒနှင့် ဦးထွန်းထွန်းဝင်းတို့ သုံးဦးကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ သူတို့တွေကို ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက သေနတ်တွေ ချပေးထားတယ်ဗျ။ အဲ့ဒီသုံးယောက်ထဲက နန္ဒဆိုသူက သေနတ်ကျည်ရှင်းရာကနေ ကိုယ့်လက်ကိုယ် ပြန်ပစ်မိလို့ မြင်းခြံမှာ သူတို့ သုံးယောက် ဆိုင်ကယ်နှစ်စီးနဲ့ ဆေးခန်းသွားပြကြတယ်။ အပြန်ကို လမ်းကနေ စောင့်ပစ်ခဲ့တာပါဗျ” ဟု နောင်ရိုးအထူး ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

သေနတ်ကျည်ရှင်းရာမှ ထိခိုက်ဒဏ်ရာရရှိသဖြင့် မြင်းခြံတွင် ဆေးခန်းသွားပြ၍ ပြန်လာသည့် ပျူစောထီးသုံးဦးကို ဆီမီးခုံ-နဘူးအိုင် ကားလမ်းမပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်မှုအတွင်း ပျူစောထီးနှစ်ဦး သေဆုံးကာ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

“သူတို့ သုံးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ပြန်လာတာပါ။ ထွက်ပြေးသွားတဲ့သူက အရှေ့ကမောင်းတဲ့သူပါ။ သူ့အနောက်က လိုက်စီးတဲ့သူ သေတယ်။ နောက်တစ်စီးမှာ က တစ်ယောက်တည်း စီးလာတာ။ သူလည်း သေတယ်။ ထွက်ပြေးလွတ် မြောက်သွားတဲ့ သူကတော့ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူး” ဟု နောင်ရိုးအထူး ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

မြင်းခြံမြို့နယ်ရှိ ဆုံရွာကျေးရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ ပျူစောထီးများကို လက်နက်တပ်ဆင်ပေးထားမှုများ ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ်ညီနောင် သုံးဖွဲ့ဖြစ်သည့် နောင်ရိုး အထူးပြောက်ကျား တပ်-NYSGF၊ မာန်စွယ်ကျားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် Scorpion ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှပြန်လာသည့် စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် နောက်လိုက် တပ်သား တစ်ဦးတို့ကို ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ငါး ဖွဲ့က စောင့်ဆိုင်း ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး သေဆုံးကြောင်းသိရသည်။ mizzima

« Older Entries Recent Entries »