PDF Zoland က ခါးချိုးကျည်များ ကိုယ်တိုင်တီထွင် ထုတ်လုပ်အောင်မြင်

ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Zomi Federal Union (PDF Zoland) က ခါးချိုးကျည်များ တီထွင်အောင်မြင်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာသည်။

ယခု ZFU/PDF Zoland မှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်သော ခါးချိုးကျည်များမှာ တစ်လုံးထိုးသေနတ်တွင်ဖြစ်စေ၊ နှစ်လုံးထိုးသေနတ်တွင်ဖြစ်စေ အသုံးပြု၍ ရနိုင်ကြောင်း ZFU/PDF Zoland တာဝန်ရှိသူထံက သိရသည်။

”အခုထုတ်ပြတဲ့ ခါးချိုးကျည်တွေက ကျွန်တော်တို့ရဲ့ Engineering & Innovation အသင်းက ဦးဆောင်ပြီး တီထွင်ထားတာပါ။ တီထွင်ရတဲ့အကြောင်းအရင်းက နံပါတ် တစ်အချက်က ကျည်ဆန်မပြတ်ဖို့ပါ။ နှစ်အချက်က ကုန်ကျစရိတ် သက်သာဖို့ပါ။ ကိုယ်တိုင် တီထွင်တဲ့အတွက် ကျည်ဆန်တစ်ခုကို မြန်မာငွေနဲ့ ၁၅၀၀ ဝန်းကျင် သက်သာပါတယ်။ နံပါတ် သုံးအချက်က ကိုယ်လိုချင်တဲ့ ပုံစံဖော်လို့ရတယ်။ ကိုယ်တတ်နိုင်တဲ့ပမာဏကို ကိုယ်လိုချင်သလောက်ထုတ်လို့ရတယ်။ ပြီးတော့ ကိုယ်လိုချင်သလောက် အများကြီး ပစ်လို့ရမယ်။ ထိပ်ဖူးကျည်ဆန် တစ်ခုထည့်မလား၊။ ဒါမှမဟုတ် အစုလိုက် ပစ်ဖို့လိုတဲ့နေရာမှာ ထည့်မလား ။ အဲ့လို ပုံစံ နှစ်မျိုးနဲ့ကိုယ်လိုချင်တဲ့ပုံစံ တီထွင်လို့ရပါတယ်” ဟု PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမသို့ပြောသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အသုံးပြုသော ခါးချိုးကျည်များမှာ ပြည်ပမှဝယ်ယူရသော ထုတ်ကုန်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးအပြင် အခြားသော အခက်အခဲ များစွာရှိလာသည့်အတွက် ZFU/ PDF Zoland ၏ Engineering & Innovation ဌာနမှ ယခု ကဲ့သို့ကျည်များကို ကိုယ်တိုင်တီထွင်ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

”ကုန်ကြမ်းကတော့ ပြည်တွင်းက ဝယ်တာရှိသလို ပြည်ပကဝယ်တာလည်း ရှိတယ်။ အခက်အခဲကတော့ လမ်းခရီးမှာ သယ်ပို့ရတာမျိုး၊ တ ခြားအခက်အခဲ အများကြီးပါ။ ဒါပေမဲ့ အခုတော့ နည်းပညာပိုင်းဖြစ်ဖြစ်၊ သွားလာရေး အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ စတာတွေကိုတော့ တဖြည်းဖြည်းနဲ့ကျော်ဖြတ်နိုင်ပါပြီ။ အဓိကကတော့ ရန်ပုံငွေပေါ့။ ငွေရှိရင်တော့ တခြားအခက်အခဲတွေ ကျော်ဖြတ်လို့ရတာပေါ့”ဟု အဆိုပါ PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုလက်ရှိတွင် ZFU/ PDF Zoland မှ မိမိတို့တပ်ရင်း အသုံးပြုရန်အတွက်သာ ထုတ်လုပ်နိုင်သေးကြောင်းနှင့် မိမိတို့နှင့် ဆက်စပ်နေသော မဟာမိတ်တပ် အဖွဲ့အစည်းအသီးသီးအတွက်လည်း ထုတ်လုပ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့တီထွင်ထားတဲ့ ဒီခါးချိုးကျည်တွေကို ပြီးခဲ့တဲ့ လေးလ ငါးလ ကတည်းက တီထွင်ထုတ်လုပ်ထားတာပါ။ အခုမှထုတ်ပြတာ ဘာလို့လဲဆိုတော့ ပြည်ပဘက်ကနေလည်း ဝယ်ယူရတာခက်ခဲလာတော့၊ ဒီလို အခက်အခဲရှိလာရင် PDF တွေက ဒီလိုကျော်ဖြတ်နိုင်တယ်ဆိုတာ ပြည်သူကို အသိပေး ပြသချင်လို့ပါ” ဟု PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Zomi Federal Union (PDF Zoland) က အလေးချိန် ၁၂ ကီလိုဂရမ်၊ ၁၅ ကီလိုဂရမ် သယ်နိုင်သည့် တိုက်ခိုက်ရေးဒရုန်းကို တီထွင်အောင် မြင်ကြောင်းကိုလည်း သြဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာထားသေးသည်။

ZFU/PDF Zoland မှတီထွင်ထုတ်လုပ်ခဲ့သော ခါးချိုးကျည် နှင့် ဒရုန်းတို့မှာ NUG MOD ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သော ပရောဂျက်ဖြစ်ကြောင်းလည်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s