တနိုင်းဟူးကောင်းဒေသရှိ KIA တပ်စခန်းများကို စစ်ကောင်စီတပ်နှင့် ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့များထိုးစစ်ဆင်၊ ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်

တနိုင်းဟူးကောင်းဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းများကို စစ်ကောင်စီတပ်နှင့် ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး KIA တပ်စခန်းငယ်တစ်ခုကို ဝရာဇွပ် ပြည်သူ့စစ်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းကစတင်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝရာဇွပ် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ KIA တိုက်နယ်မှူး ဇော်ဆိုင်းအောင် ဦးစီးသော KIA ရင်း(၁၄) လက်အောက်ခံ (ဝခါး)စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

ထိုသို့ သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း လက်ရှိအချိန်ထိတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟို သတင်းနှင့်ပြန်ကြားရေးအဖွဲ့အနေဖြင့် KIA တပ်စခန်း၏ အခြေအနေကို လက်တလောတွင် အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းမှစတင်၍ ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း (၁၄) နယ်မြေဘက်သို့ ဂျက်လေယာဉ် သုံးစီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် ရှဒူးဇွပ်ကျေးရွာအနီးတွင်လည်း ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့ အပါအဝင် စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်ဖြင့် KIA တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။

“အခုလေးတင် လာပစ်သွားတာ အဆိုးဆုံးပဲ၊ တိုက်ပွဲဖြစ်ပြီ”ဟု ရှဒူးဇွပ်ဒေသခံပြည်သူတစ်ဦးက ပြောသည်။

KIA တပ်ရင်း (၁၄) နှင့် မင်းဇေသန့်ခေါင်းဆောင်သည့် ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့ကြား စစ်ရေးတင်းမာနေမှုများရှိနေ၍ ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်၍ တိုက်ပွဲ ဖြစ်လာမည့် အခြေအနေရှိသောကြောင့် ရှဒူးဇွပ်၊ စံပြ နှင့် အောင်ရာ အစရှိသော ကျေးရွာများမှ ပြည်သူများသည် လွန်ခဲ့သည့် နှစ်ပတ်ခန့်မှစတင်ကာ ဘေးလွတ်ရာသို့ ပြောင်းရွေ့သွားပြီဖြစ်သည်။

KIA တပ်ရင်း (၁၄) စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် ရှဒူးဇွပ်ကျေးရွာအနီးတွင် စစ်ကောင်စီအင်အား ၃၀၀ ခန့်ပါဝင်သော စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ရှိ တပ်ကူများသည် လက်ရှိ ရှဒူးဇွပ်ဒေသ KIA ရှေ့တန်းစခန်းအနီးသို့ ထိုးစစ် ဆင်တိုက်ခိုက်ရန် ယခုလအစောပိုင်းမှစတင် ၍ ရောက်ရှိလာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင်လည်း ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ KIA တပ်ရင်း (၁၄) နယ်မြေကို လေယာဉ်ဖြင့် ထိုး စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s