အရာတော်မြို့နယ်၌ ၁ လအတွင်း စစ်ကောင်စီတပ်မှ အိမ်ခြေ ၁၈၀ မီးရှို့ဖျက်ဆီး ပြည်သူ ၅ ဦး သတ်ဖြတ်ခဲ့ ဟု ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အရာတော်မြို့နယ်တွင် တစ်လတာ အတွင်း အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုမှတ်တမ်းအား ပြည်သူအုပ်ချုပ်ရေးအဖွဲ့ အရာတော်မြို့နယ်မှ စက်တင်ဘာလ ၁၂ရက်နေ့တွင် ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်တွင် ဇူလိုင်လ ၂၄ရက်မှ ဩဂုတ်လ ၂၃ရက်အတွင်း အရာတော် မြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာမှ အိမ်ခြေ ၁၈၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။
ဇွန်လ ၂၄ရက်နေ့ ဇီးပင်လည်ရွာတွင် အိမ် တစ်လုံး ၊ ဩဂုတ်လ ၆ရက် မင်းရွာတွင် အိမ် ၁၃၂လုံး ၊ ၇ရက်နေ့ ကောင်းသစ်ရွာ တွင် အိမ် ရှစ်လုံး ၊ ၈ရက်နေ့ ရှောက်ခါးရွာတွင် အိမ် သုံးလုံး ၊ ၁၈ရက်နေ့ နေရာခင်းတွင် အိမ် သုံးလုံး ၊ ၁၉ရက်နေ့ ငြိမ်းစံတွင် အိမ်၂၉လုံးနှင့် ၂၃ရက်နေ့၌ ကျွဲခြံတွင် နေအိမ် လေးလုံး မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် ဩဂုတ်လ ၁ရက်နေ့မှ ၃၁ရက်အတွင်း အရာတော်မြို့နယ် ကျေးရွာ ငါးရွာမှ အပြစ်မဲ့ ပြည်သူ ငါးဦးအား သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဩဂုတ်လ ၁ရက် လှည်းချောင်းကူးရွာ မှ မသူဇာနွယ် ၊ ၄ရက်နေ့တွင် ကန်ရင်းရွာမှ ကိုကျော်သက်ဦး ၊ ၆ရက်နေ့တွင် မင်းရွာ မှ ဒေါ်ရှင် ၊ ၂၃ ရက်နေ့တွင် ကုန်းသာရွာမှ ကိုဆိတ်ပို နှင့် ၃၁ရက်နေ့၌ ဝါးတန်းရွာမှ ပြည့်ဖြိုးအောင်(ခ) ကိုရှမ်းလေး တို့အား သတ်ဖြတ်ခဲ့ ကြောင်း ဆိုသည်။
စစ်တပ် အာဏာသိမ်းမှုဖြစ်စဉ်မှ ယနေ့အထိ အရာတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်စုစုပေါင်း ၁,၁၇၅ လုံး ပျက်စီးဆုံး ရှုံးခဲ့ရပြီး အကြောင်းမဲ့ သတ်ဖြတ်ခံရသည့် အပြစ်မဲ့ပြည်သူ ၁၇ဦးရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး “အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်သော လူမဆန်သည့် အ ကြမ်းဖက်ရာဇဝတ်မှုများ” အဖြစ်မှတ်တမ်းတင်ရှိပြီး ၎င်းပြစ်မှုများအား International Court of Justice (ICJ) ထံတွင် သက်သေအဖြစ် တင်ပြသွားမည်ဖြစ်သည်။
အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သည် စက်တင်ဘာ ၁၁ရက်နေ့ကလည်း မြို့နယ်အတွင်းရှိ Non CDM များ အလင်းဝင်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။ mizzima