မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊မုံရွာ -မန္တလေး ကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသည့် စစ်ကားလေးစီးပါ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ထံက သိရသည်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ဘက်မှ စစ်ကိုင်းမြို့နယ်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်၏ ကွန်တိန်နာလေးစီးပါ ယာဉ်တန်းကို ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင် အချိန်ခန့်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခ်ိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မုံရွာ နမခ ထဲကနေ ကွန်တိန်နာကားလေးစီးနဲ့ လာမယ်ဆိုပြီး ကြားတယ်။ သူတို့က အခုနောက်ပိုင်းမှာ ကွန်တိန်နာကားပုံစံမျိုးတွေပဲ အသုံးပြုသွားလာနေတာ။ နမခ ကနေ စစ်ကိုင်းကို မုံရွာ မန္တလေးလမ်းပေါ်ကနေ ထွက်လာတယ်။ အဲ့ဒီ ယာဉ်တန်းကို ကျွန်တော်တို့က မြင်းမူမြို့နယ် အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ မ်ိုင်းဆွဲလိုက်တာပါ” ဟု အာဏာရှင်စနစ်တိုက်ဖျက် ရေးပြည်သူ့တပ်ဖွဲ့(PAFD)မှ တာဝန်ရှိသူ ကိုတေဇက မဇ္စျိမကို ပြောသည်။

မုံရွာမြို့မှ ထွက်ခွာလာပြီး မြင်းမူမြို့နယ် အလ္လကပ္ပ ကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား ရောက်ရှိလာသည့် စစ်ကောင်စီကွန်တိန်နာယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်း ခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ယာဉ်တန်းမှ နှစ်စီးမြောက်ယာဉ်ကို ထိမှန်ကာ ရပ်တန့်သွားခဲ့ပြီး ကျန်ရှိကားများပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်ကို သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

“နှစ်စီးမြောက်ကို မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာ ကားကထိုးရပ်သွားတယ်။ ထိုးရပ်တဲ့အချိန် ကျန်တဲ့ ကားတွေက ခဏတန့်ရပ်ပြီးတော့ ဘေးပတ်ပတ်လည်ကို တအားပစ်တယ်။ မိုင်းထိတဲ့ကားက စက်ချို့ယွင်းသွားတာ။ အဲ့တော့ ကျန်တဲ့ ကောင်းတဲ့ ကားတွေက ထိတဲ့ကားကို ထုံးစံအတိုင်း ဆွဲပြီးတော့ စစ်ကိုင်းဘက်ကို ဝင်သွားတယ်။ အထိအခိုက် အကျအဆုံးကတော့ မျက်မြင်လောက်ပဲ ပြောနိုင်မှာ အရင်ကတော့ နီးစပ်ရာ ဆေးရုံတွေကို တင်တယ်။ နောက်ပိုင်း ဒီကောင်တွေ သေသေရှင်ရှင် သူတို့ စစ်ဆေးရုံတွေပဲ ခေါ်တော့တာ” ဟု PAFD တာဝန်ရှိသူက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD)၊ တပ်ခွဲDK PDF(MMU)၊

People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)နှင့် D.B.B.F-MMU တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ် က ယခုနောက်ပိုင်း တပ်အရွေ့အပြောင်းပြုလုပ်ရာတွင် အလုံပိတ်ထားသည့် ကွန်တိန်နာယာဉ်များဖြင့်သာ သွားလာမှုများ ပြုလုပ်နေသည်ဟု သိရသည်။

“ကျွန်တော်တို့ သတင်းစုံစမ်းရသလောက် ကွန်တိန်နာထဲမှာ ပစ္စည်းတွေတင်လာတာမဟုတ်ဘူး လူတွေ သယ်လာတာပါ။ ကွန်တိန်နာကားလိုပုံစံ အလုံလုပ်ထားတယ်။ အဲ့ထဲမှာ စစ်သားတွေ လိုက်လာပြီး လိုရာခရီးကို သွားကြတယ်။ အခုလောလောဆယ်မှာလည်း စစ်ကိုင်းဘက်ကနေ မန္တလေးဘက် ၊ မုံရွာဘက်ကို ဆင်းတာ သိပ်မရှိဘူး။ မုံရွာကနေ စစ်ကိုင်းဘက်ကို သွားတဲ့ ကားတွေ ယာဉ်တန်းတွေပဲ ရှိနေတယ်” ဟု PAFD တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေပြီး စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးမှုမရှိသော်လည်း တပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက် ရှိနေကြောင်း ၎င်းကပြောသည်။

သို့သော် အဆိုပါမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းချရာ ကျေးရွာများ၊ စခန်းများနှင့် ဖြတ်သန်းသွားလာသည့် ယာဉ်တန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလျဉ်းသင့်သလို မိုင်းဆွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

“သူတို့ဘက်ကတော့ ဒီဘက်ကို ငြိမ်နေတယ်။ ကျွန်တော်တို့ဘက်ကတော့ လစ်ရင် လစ်သလို မိုင်းဆွဲတယ်။ စခန်းတွေကို ဝင်တိုက်တယ်။ ဒါပေမဲ့ မကြုံစဖူးပေါ့။ ကြုံတောင့် တော်တော်ကို ကြုံခဲလို့ ပြောရမယ်။ နမခကနေ အရှေ့ကို တပ်အင်အားပို့တယ်ဆိုတာ ကျွန်တော်တို့ ကြုံခဲတယ်။ စစ်ကိုင်းတိုင်းထဲကနေ အနောက်ကို ပို့တာများတယ်။ အခုဆိုရင် နမခကနေ အရှေ့ကို ပို့နေတယ်။ ဒါတော့ ထူးခြားတဲ့ အချက်တွေပေါ့” ဟု PAFD တာဝန်ရှိသူက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်တက်မှုများကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ထို့ကြောင့် မြေပြင်တွင် တိုက်ခိုက်မှုလုပ်ဆောင်နေသည့် ကာကွယ်ရေးအဖွဲ့အစည်းများကို ကူညီထောက်ပံ့မှုများ ပေးကြရန်လည်း ကာကွယ် ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်သည်။

ပြည်သူများ၏ ပူးပေါင်းပါဝင်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး သန်မာကြရန်နှင့် ယခုထက်ပိုမို တောင့်ခံထားကြရန် လိုအပ်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) တာဝန်ရှိသူက တိုက်တွန်းပြောကြားထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s