မောင်တောမြောက်ပိုင်းတွင် ညအချိန် လေ ယာဉ်ဖြင့် နှစ်ရက်ဆက် ဗုံးကြဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ရေးဗျူဟာကျသော အထိုင်စခန်းနှစ်ခု ဆုံးရှုံးပြီးနောက် စစ်ကောင်စီတပ်လေယာဉ်များက နှစ်ရက်ဆက် လာရောက်ပြီး ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၁၂) နံနက်၂ နာရီဝန်းကျင်တွင် မောင်တောမြို့မှ ၁၆ မိုင်ခန့်အကွာ ဖားဝပ်ချောင်းနှင့် ငန်းချောင်းကျေးရွာအကြား ကားလမ်းမအနီး ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲသည်ဟု ဆိုသည်။ 

“ရွာမြောက်ဘက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ၁ နာရီ ၄၅ မိနစ်ကနေ ၂ နာရီအထိ ကြဲချခဲ့တာ။ တစ်ရွာလုံး အိပ်ဖို့မရဘူး ကြဲချတာ။ အသံကျယ်ကြီးကြားရတာ၊ အရမ်းကြောက်ဖို့ကောင်းပါတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ ရွာလူကြီးတစ်ဦးက ပြောသည်။ 

အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (နယ်ခြားစောင့်ကျီးကန်းပြင်ဌာနချုပ်) နှင့် ၅ မိုင်ခန့်အကွာ ဖားဝပ်ချောင်း(ရခိုင်) ရွာနှင့် ငန်းချောင်း (ရိုဟင်ဂျာ) ကျေးရွာ တို့သည် မောင်တောမြောက်ပိုင်းသို့ သွားသည့် ကားလမ်းမပေါ်ရှိ ကျေးရွာများဖြစ်ပြီး တစ်ရွာနှင့် တစ်ရွာ တစ်မိုင်ခန့်သာ ဝေးသည်။

တိုက်ပွဲများ ရပ်တန့်နေချိန်တွင် ထိုကျေးရွာနှစ်ရွာကြားကို ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း ဗုံးကျရောက်မည်ကို စိုးရိမ်ခဲ့ကြရသည်ဟု ငန်းချောင်းကျေးရွာမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ည ၂ နာရီလောက်မှာ ဗုံးကြဲချခဲ့တာ။ တစ်ခါချရင် နှစ်လုံး၊ သုံးလုံးလောက် တစ်ပြိုင်တည်းချတယ်။ သွားတစ်ခါ အပြန်တစ်ခါ ချပစ်ခဲ့တာ။ ရွာနဲ့ နီးနီးလေးကြားရတာ။ မြေကြီးတောင် လှုပ်ခါသွားတယ်။ အနီးက ပုဇွန်တာ (ကန်) တွေမှာလည်း ကျတယ်။ ဗုံးကျတဲ့နေရာမှာ မြေကြီး တွင်းခံသွားတယ်” ဟု ငန်းချောင်းကျေးရွာမှ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဗုံးကျရောက်ပေါက်ကွဲခဲ့သည့် နေရာ ၃ ခုကို မြင်တွေ့ခဲ့ရပြီး ထိုနေရာတွင် ဗုံးအခွံများကို မတွေ့ရတော့ကြောင်း သူက ပြောသည်။ 

“ဗုံးကျကွဲတဲ့နေရာ ၃ ခု တွေ့ရတယ်။ အရင်တုန်းက စစ်သားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ကားလမ်းအရှေ့ဘက် တောင်ကုန်းမှာ တစ်လုံးကျတယ်။ ပြီးတော့ အဲဒီကားလမ်းအနောက်ဘက် လယ်ကွင်းမှာ တစ်လုံးကျတယ်။ နောက်တစ်လုံးက ကျွန်တော်တို့ ငန်းချောင်းရွာအဝင် ကျားခေါင်းတောင်ရွာဘက်ကို သွားတဲ့ လမ်းခွဆုံနားမှာ တစ်လုံးကျတယ်” ဟု ထိုငန်းချောင်းကျေးရွာ ဒေသခံက ဆက်ပြောသည်။

အဆိုပါရွာနှစ်ရွာကြားတွင် ယခုနှစ် ဖေဖော်ဝါရီ ၇ က စစ်ကောင်စီတပ်စီးနင်းလိုက်ပါလာသည့် တေဖာကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဗုံး ၃ လုံး ပေါက်ကွဲခဲ့သည့်အပြင် ကားလမ်းအရှေ့ဘက် နေရာများတွင်လည်း ကျရောက် ပေါက်ကွဲထားသည်များ တွေ့ရပြီး ကားလမ်းဘေးဓာတ်တိုင်များတွင်လည်း ကျည်ဆန်ထိမှန်ထားသည့်အရာများကို တွေ့မြင်ရကြောင်း ဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၁၁ နံနက် ၄ နာရီခန့်ကလည်း စစ်တပ်စခန်းကျသွားသည့်နေရာနှင့် အနီးဝန်းကျင် ၃ နေရာကို လေယာဉ်က ဗုံးကြဲတိုက် ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီသည် တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ကာ လေကြောင်းမှပါ အပြင်း အထန် တိုက်ခိုက်နေသည်။ 

အထူးသဖြင့် ညအချိန်များတွင်ပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။ ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ​​ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကျူး ကျော်ပျံသန်းခြင်း၊ လက်နက်ကြီးကျည်များ ကျရောက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီကို ကန့်ကွက်ထားသည်။ 

ကရင်ပြည်နယ်ဘက် တိုက်ပွဲတွင်လည်း ထိုင်းနိုင်ငံအတွင်း အလားတူ ပြုမူခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s