Cobra စစ်ကြောင်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများက နေရပ်သို့ ပြန်မလွှတ်ရန် တောင်းဆို

ကရင်ပြည်နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေအတွင်းရှိ မြဝတီခရိုင် လေးကော့ကော်ဒေသ၊ ဖလူးဒေသတို့ကို ထိန်းချုပ်ထားသည့် KNU-KNLAတပ်ရင်း (၂၇) လက်အောက်ခံ cobra စစ်ကြောင်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်မှ စစ်သုံးပန်းများက ၎င်းတို့ကို နေရပ်ပြန်မလွှတ်ရန် တောင်းဆိုမှုများရှိကြောင်း သိရသည်။

cobra စစ်ကြောင်းသည် ဖမ်းဆီးခံရသည့် စစ်သုံးပန်းများ၏ တောင်းဆိုချက်များအတိုင်း မိသားစုကို ဆက်သွယ်နိုင်ရန် ကူညီပေးခဲ့ကြောင်း သိရသည်။ cobra တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အားလုံးသည် ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာကြောင်း cobra စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

“စစ်သုံ့ပန်းတွေကို ကျွန်တော်တို့ အခြေနေတစ်ခုရောက်တဲ့ အခါမှာ စကား ပြောကြည့်ပါတယ်။ ဒါပေမယ့်သူတို့အကုန်လုံးက ပြန်ချင်လိုစိတ်မရှိကြဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြန်တဲ့အခါ သူတို့သည် စစ်ကြောရေးပြန်ဝင်ရမယ်။ ဖမ်းဆီးတာလည်း ခံရမယ်။ နောက်ပြီးရင် စစ်ထောင်ကလည်း ဘယ်နှစ်နှစ် ကျမယ် မသိဘူး။ သူတို့ အခုလုပ်တဲ့ အမှုကလဲ တော်တော်ကြီးတယ်ဆိုတော့။ နောက်ပြီးတော့ သူတို့မိသားစုတွေ လိုင်းခန်း ကနေ နှင်ချခံရဦးမယ်။ သူတို့ဘဝကြီးက ပြီးသွားပြီ။ အလုပ်ကလဲပြုတ်ပြီ။ အဲ့ဒီ အတွက် သူတို့ပြန်လဲ ဘာမှ မထူးဘူး။ ကျွန်တော်တို့ဆီမှာကလဲ သူတို့ကို နှိပ်စက် သတ်ဖြတ်တာ မရှိဘူး။ အဲ့ဒီအတွက် သူတို့က ကျွန်တော်တို့နဲ့ပဲ နေလိုတဲ့ ဆန္ဒရှိတာပေါ့နော်”ဟု cobraစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုကပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဒေါနတောင် အရှေ့ခြမ်း လေးကေ့ကော်ဒေသကို ကျူးကျော်စစ် စ တင် ပြုလုပ်ခဲ့သည့်အချိန်မှစ၍ cobraစစ်ကြောင်းသည် လေးကေ့ကော်ဒေသ၊ ဖလူးဒေသ၊ မြဝတီ-ဝေါလေကားလမ်းမ သုံးထပ်ကွေ့တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီ တပ်သား၂၀ ကျော်ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့က လူသတ်ကောင်တွေမဟုတ်ဘူး။ လူသတ်စက်တွေမဟုတ်ဘူး။ ဖက်ဆစ်ကို တော်လှန်ရင်းနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ဖက်ဆစ်ဖြစ်မသွားလိုဘူး ။ ကျွန်တော်တို့နဲ့ အခုတိုက်ခိုက်နေတဲ့ ဖက်ဆစ်စစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ကျွန် တော်တို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် နောင် ဖက်ဒရယ်တပ်မတော်ဖြစ်လာမယ့် ကျွန်တော်တို့က သူတို့ကို နာကျဉ်းလို့ ဖက်ဆစ် ဖြစ်သွားတဲ့ စစ်တပ်လိုမျိုး သူတို့ပြုမှုတဲ့အတိုင်းသာ ပြုမှုခဲ့ရင် အနာဂါတ် ဖက်ဒရယ်တပ်မတော်ကလည်း ဖက်ဆစ်စစ်တပ်ပဲ ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော် တို့တော်လှန်ရေးဟာဘာအဓိပ္ပါယ်မှ ရှိမှမဟုတ်ပါဘူး” ဟု cobraစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောသည်။

Cobra စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီမှဗိုလ်ကြီးရဲရင့်အောင် ဦးဆောင်သော တပ်ဖွဲ့ဝင် ခြောက်ဦးကို လက်နက်ခဲယမ်း အများအပြားနှင့်အတူ မြဝတီ-ဝေါလေကားလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းလိုပါက cobra စစ်ကြောင်းကို ဆက်သွယ်နိုင်ပြီး ကြိုဆိုလျက်ရှိကြောင်း cobraစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s