Monthly Archives: Sep 2022

ခင်ဦးတွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနှင့် NUG အစိုးရ ထောက်ခံရေး၊ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြ

khit thit

နောင်ထောဝ်ဒေသက စစ်ကောင်စီစခန်းနှစ်ခုကို ရှမ်းတောင်တပ်ရင်း ၅ ရင်း စုပေါင်းတိုက် ခိုက်

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသက စစ်ကောင်စီ တပ်စခန်းနှစ်ခုကို စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက ရှမ်းတောင် တပ်ရင်း ၅ ရင်း စုပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ‌ဗိုလ်ကြီးတဦးအပါအဝင် တပ်သား ၂၀ ကျော် သေဆုံးခဲ့သလို တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇၉ ဗုံးပစ် လောင်ချာတလက် ပျက်စီးခဲ့တယ်လို့ စက်တင်ဘာ ၁၃ ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကလည်း တိုက်ခိုက်ခဲ့ပြီး မဟာမိတ်ဘက်က လက်နက်အင်အား မလုံလောက်တာကြောင့် ပြန်ဆုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

NUG လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၁၀၀၅ တပ်ရင်း (SSPDF)၊ အမှတ် ၁၀၀၈ တပ်ရင်း (SSRY)၊ အမှတ် ၁၀၀၉ တပ်ရင်း (IPD F) ၊ တခြား အမည်မဖော်ပြတဲ့ NUG တပ်ရင်းတရင်း၊ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF) တို့နဲ့ ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (United Shan State Federal Union) ကို ဖွဲ့စည်းထားတာပါ။

ရှမ်းပြည်တောင်ပိုင်းမှာ ဖယ်ခုံ၊ မိုးဗြဲဒေသမှအပ ကျန်တဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား ကြီးကြီးမားမား တိုက် ခိုက်မှုတွေ မရှိခဲ့ပေမဲ့ အခု ပထဆုံးအကြိမ်အဖြစ် ရှမ်းတောင် တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး စစ်ကောင်စီကို စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့တာပါ။ DVB

မုံရွာ၊ နဂါးတွင်းရွာကို စစ်တပ်က လက်နက် ကြီးဖြင့်ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ၁၂ ဦးဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် နံနက်ပိုင်းတွင် လက်နင်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် နဂါးတွင်းကျေးရွာကို ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ နံနက် ၁၁ နာရီ ၄၁ မိနစ်ခန့်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်းသိရသည်။

ကျေးရွာအတွင်း၌ အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင်နေအိမ် ၁ လုံး ထိမှန်ကာ ယာတဲများလည်း မီး လောင်ပြာကျပြီး နဂါးတွင်းရွာ ဘုန်းကြီးကျောင်းရှိ ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံထားရကာ လက်ရှိချိန်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ ရွာထဲမှာတော့ ပြည်သူ ၁၂ ဦး ဖမ်းဆီးခံထားရတယ်။ ရွာထဲပြန်ဝင်လို့ မရသေးတော့ ပျက် စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူပိုင်နေအိမ်တွေကိုပါ စစ်ခွေးတွေက မီးစရှို့နေပြီး ပျက်စီးဆုံးရှုံးမှု များနိုင်တယ်” ဟု ဒေ သ ခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆိုင် ရှင်ကိုဖမ်းဆီးပြီး ဆိုင်ကို မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊မှော်ပုံကျေးရွာရှိ ကုန်စုံဆိုင်တစ်ခုကို ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း ပစ်ခတ်၍ ဆိုင်ရှင်အပါအဝင် ပြည်သူ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

လုံးခင်းကျေးရွာအုပ်စု မဒဲယန်မှော်ပုံကျေးရွာအတွင်းသို့ ဖားကန့်မြို့တွင်းတပ်မှ အင်အား ၁၈၀ခန့်ပါ စစ်ကောင်စီကား ခုနစ်စီး ရောက်ရှိလာကာ ကုဋေဦး ကုန်စုံဆိုင်အား ဝင်ရောက်စီးနင်းကာ ဆိုင်ရှင်ဖြစ်သူ ဦးကျော်ဝင်းနိုင်နှင့်အတူ အခြား ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံထံမှ ကနဦး စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုဋေဦး ကုန်စုံဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခဲ့သည့်အပြင် ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မှော်ပုံရဲ့ဒီနေ့ ဖြစ်စဉ်က တိုက်ပွဲ ဖြစ်တာမဟုတ်ဘဲ စစ်တပ်က ဝင်ဖမ်းပြီး ဆိုင်ကိုမီးရိူ့ကာ သေနတ်များရမ်းပစ်ပြီး ကားခြောက်စီးနဲ့ပြန်ထွက်သွားခဲ့တာပါပဲ”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသည့် ကုဋေဦးကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်ဝင်းနိုင်သည် အသက်၆၀ခန့်ရှိပြီဖြစ်ပြီး အဆိုပါ ကုန်ဆုံဆိုင်သည် မှော်ပုံကျေးရွာအတွင်း ကုန်ပစ္စည်းရောင်းချခြင်း၊ Kpay ၊ Wave money ငွေလွဲလုပ်ငန်းများ လုပ်ကိုင်နေကြသူများသာဖြစ်သည့်အတွက် ဦးကျော်ဝင်းနိုင် မိသားစုက မည်သည့်အဖွဲ့အစည်းကမှ မဟုတ်ကြောင်း မှော်ပုံဒေသခံများက မဇ္ဈိကို ပြောသည်။

ဦးကျော်ဝင်းနိုင်နှင့်အတူ ဖမ်းဆီးခံရသည့်ပြည်သူတစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို လက်ရှိအချိန်တွင် စုံစမ်းနေဆဲဖြစ်ပြီး၊ ဖမ်းဆီးခံရသူများကိုလည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးပေ။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ပုံကျေးရွာကို စစ်တပ်က စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ရှင်းလင်းမည်ဟု ယခုလ လဆန်းပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယနေ့မနက် အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုကုန်စုံဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်နေ့ ကလည်း မှော်ပုံကျေးရွာနေ ဦးဇော်မင်းဦးနှင့် လူငယ်သုံးဦးကို PDF အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ထပ်မံ ရှင်းလင်းသွားမည်ဟူသည့် သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

“ရွာထဲမှာ ရွှေ့ တဲ့လူက ရွှေ့နေကြတယ်။ ရွာမှာ PDF တွေ လှုပ်ရှားနေတယ်ထင်ပြီး စစ်တပ်ကလည်း မှော်ပုံရွာကိုဝင်မွှေမယ့် သဘောရှိတော့ ဒေသခံတစ်ချို့က ကြောက်လို့ ကြိုရှောင်ပြေးနေကြတယ်။ အခုမနက်ဆို ဆိုင်တစ်ဆိုင်ကိုတောင် အခုလို အလွန်အကျွံ့လုပ်သွားတယ်ဆိုတော့ ကျနော်တို့လည်း ရွှေ့ရတော့မယ်နဲ့တူတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မှော်ပုံကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် လက်ရှိတွင် အိမ်ခြေ ၃၀ ကျော်ထက်မနည်း တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။ mizzima

မောင်တောမြောက်ပိုင်း ကျေးရွာများအနီး စစ်ကောင်စီတပ်က နေ့စဉ် ဗုံးကြဲနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေအနီး စက်တင်ဘာ ၁၃ ရက် မနက် ၂ နာရီလောက်မှာ  စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဥ်နဲ့ ၃ ရက်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသားတဦးက “မနက် ၂ နာရီလောက်မှာ ဂျက် နှစ်စီးနဲ့ လာပြီး ဗုံးလာချတာပါ။ မင်းကြီး၊ ဂြစ်ချောင်းနဲ့ တရိမ်းကျေးရွာတွေမှာ လာချသွားတာပါ။ ရွာသူရွာသားတွေကတော့ ရွာတွေကို ချလာမှာကို စိုးရိမ်နေကြပါတယ်”လို့ ပြောပါတယ်။

မောင်တောမြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချနေတဲ့အပေါ် ဒေသ ခံစစ်ရေးလေ့လာသူတဦးက “စစ်ကောင်စီက အေအေ ရှိတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်ဆိုတော့ ကျန်ကျေးရွာတွေကိုလည်း ဗုံးကြဲချလာနိုင်တယ်။ လူအင်အားနဲ့တိုက်မနိုင်တော့ လက်နက်အင်အားနဲ့ တိုက်တာပေါ့ဗျာ”လို့ ပြောတယ်။

စက်တင်ဘာ ၁၂ ရက် မနက် ၂ နာရီကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဖားဝပ်ချောင်း ကျေးရွာအနီး ဗုံး ၅ လုံးကြဲချခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်  မနက် ၄ နာရီခွဲမှာလည်း စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးနဲ့ အေအေ သိမ်းပိုက်ထားတဲ့ ခမရ (၃၅၂) တပ်ရင်း စခန်းနဲ့  ကျေးရွာ ၇ ရွာအနီး ဗုံးကြဲခဲ့လို့  ဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ထွက်ပြေးခဲ့ကြရပါတယ်။ DVB

ကျောက်ထုရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ပစ်သတ်ခံရ ၊ မြင်းမူနှင့် ကနီတို့တွင် ပျူစော ထီးနှင့် စစ်သား ၃ ဦးသေဆုံး

ကျောက်ထုရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကျော်ထုမြို့ ဂုံဘိုရပ်ကွက်သို့ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီဝင်တစ်ဦးနှင့် ရဲတစ်ဦး ယနေ့ စက် တင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး သေသွားကြောင်း ကျောက်ထု PDF မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ထု PDF (YRPA) မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ကြားရှိ ရေလယ်သောင်ရွာတွင် စခန်း ချနေထိုင်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးများကို Nway Oo Takhon PDF နှင့် မဟာ မိတ်ညီနောင်များမှဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း ပျူစောထီး ၂ ဦး သေဆုံးပြီး ၁ ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ စစ်ဆင်ရေးကို Nway Oo Takhon PDF နှင့်အတူ Leopard MMU ၊Zamani Revolution force (MMU) Myaung ငါးဇွန် မီးနဂါး PDF တပ်တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမှ ထွက်လာသော စစ်ကောင်စီ မော်တော်ရေယာဉ် ၃ စီးသည် သောင်တင်နေသော ဖောင် ကို လာဆွဲချိန် PDF မဟာ မိတ်တပ်များက တိုက် ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း MPDF ကနီတပ်ခွဲက သတင်းထုတ်ပြန်သည်။khit thit

မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ် အနီးကပ်ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း Black Dragon Special Task Force မှ စက်တင်ဘာလ ၁၄ရက် ယနေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၃ရက်၊ ည ၁၀နာရီအချိန်ခန့်တွင် မုံရွာ – စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်နား ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှောင်တခင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ညက အဲဒီနားမှာ ကင်းပုန်းဝပ်တယ်ဆိုပြီး သတင်းရတဲ့အတွက် အနီးကပ် လက်နက်တစ်ကမ်း အလစ်အငိုက်ယူပြီးဝင်ပစ်ခဲ့တာပါ” ဟု Black Dragon Special Task Force မှ K.M.S.G က မဇ္စျိမသို့ ပြောသည်။

အနီးကပ် အလစ်အငိုက်ပစ်ခတ်ခံရသဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်မှု ကောင်းစွာ မပြုလုပ်နိုင်ဘဲ၊ သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များကို ကောက်ယူရန်ကြိုးစားခဲ့သော်လည်း စစ်ကူရောက်ရှိလာကာ ၆၀မမ ၊ ၄၀မမ နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လက်နက်ရမည့် အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။

ယင်း ပစ်ခတ်တိုက်ခိုက်သည့်အနီးရှိ စစ်ကူလာသောတပ်မှာ မုံရွာ – စီးပွားရေး တက္ကသိုလ်တွင် တပ်စွဲထားပြီး အင်အား ၄၀ခန့်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Dragon Special Task Force နှင့် God Of Monywa People Defense Force မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်တပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းဖော်ပြထားသည်။

စက်တင်ဘာလ ၁၂ရက်နေ့ မနက် ၁၂နာရီ ၃၀မိနစ်ခန့်က မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်အား Black Dragon Special Task Force နှင့် အတူ မဟာမိတ် တပ်ဖွဲ့ ၁၄ဖွဲ့မှ ပူးပေါင်း၍ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်သား လေးဦးနှင့် ရဲ တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ mizzima

စစ်ကောင်စီတပ်များက ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ စာသင်ကျောင်းများကို တိုက်ခိုက်မှုအကြိမ် ၁၉၀ ကျော် ပြုလုပ်ခဲ့ဟု NUG ထုတ်ပြန်

စစ်ကောင်စီတပ်များက ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ စာသင်ကျောင်းများကို တိုက်ခိုက်မှုအကြိမ် ၁၉၀ ကျော် ပြုလုပ်ခဲ့ပြီး ကျောင်းများတွင် တပ်စွဲခြင်း၊ လက်နက်သိုလှောင်ခြင်းနှင့် အချုပ်ခန်းအဖြစ်အသုံးပြုခြင်းများရှိခဲ့ကြောင်း အမျိုးသားညီညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန် ကြီးဌာနက ယမန်နေ့ စက်တင်ဘာလ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

Global Coalition to Protect Education from Attack (GCPEA)မှ ပြုစုသော “မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ” အစီရင်ခံစာအား Save The Children က စက်တင်ဘာလ ၉ရက်တွင်ထုတ်ပြန်ခဲ့ခြင်းကို ကိုးကားပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုအစီရင်ခံစာတွင် “စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများကို စစ်ရေးအတွက်အသုံးချခြင်းမှ ရှောင်ကြဥ်ကြရန် တိုက်တွန်းထားသည်”ဟု ဆိုသည်။

NUGသည် ပြည်သူများ၏ ပညာရေးဆိုင်ရာအခွင့်အရေး (Right to Education)ကို ဖြည့်ဆည်းပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီး ကြားကာလပညာ ရေးအစီအမံများ၊ စစ်သည်တော်ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစားလိုက်နာကြရန် ထုတ်ပြန်ထားပြီး စစ်သည်တော်ကျင့်ဝတ်များတွင်ပါရှိသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုနှင့် ပတ်သက်သည့်အပိုင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှုရှိကြောင်း အစီရင်ခံစာထဲတွင် တွေ့ရှိနိုင်သည်ဟု ဆိုသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ၏ စစ်သည်တော်ဖောက်ဖျက်မှုများ ကျူးလွန်ခြင်းရှိပါက တိုင်ကြားမှုများ ပြုလုပ်နိုင်သည့်နည်းလမ်း များကို ထုတ်ပြန်ထားပြီးဖြစ်သလို အရေးယူဆောင်ရွက်မှုများကို တာဝန်ယူမှုရှိရှိ ဆောင်ရွက်လျက်ရှိကြောင်း NUG၏ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ဖော်ပြသည့် အကြံပြုချက်များတွင် ကျူးလွန်သူများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာ တရားစီရင်ရေးစ နစ်များတွင် အပြစ်ပေးအရေးယူနိုင်ရန် ဖော်ပြထားသည်ကို တွေ့ရှိရပြီး NUG အစိုးရအနေဖြင့်လည်း ၂၀၂၁ သြဂုတ် ၂၀ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ တင်သွင်းထားခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်၏ ကျူးလွန်မှုများနှင့် တော်လှန်ရေးအင်အားစုများ၏ ကျူးလွန်မှုများကို ထပ်တူပြုဖော်ပြခြင်းသည် အလွန်အင်မတန် အန္တ ရာယ်များပြီး၊ မြန်မာပြည်သူများ၏ အာဏာရှင်စနစ်ကို တွန်းလှန်မှု၊ ဖက်ဒရယ်ဒီမိုကရေစီအရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ သဘောပေါက်နားလည်မှုကို လွဲမှားစေသည့် ပုံဖော်မှုဖြစ်စေသည်ဟုလည်း ရေးသားထားသည်။

ထို့ကြောင့် ယခုကဲ့သို့ အရေးကြီးသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အခြေအနေ၏ လေးနက်မှုကို ဂရုပြုလျက် အ လွယ် တကူ ကောက်ချက်ဆွဲခြင်းကို ရှောင်ရှားရန် လိုအပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာ ရေးဆိုင်ရာ ဖော်ဆောင်မှုများနှင့် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများမှတစ်ဆင့် တရားမျှတမှုဖော်ဆောင်မှုများကို ပံ့ပိုးအားပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ mizzima

မုံရွာစီးပွားရေးတက္ကသိုလ်အနီး စစ်ကောင်စီကင်းပုန်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ ဆုံး၊ ရေစကြို၊ ရေလယ်ကျွန်းတွင် စစ်ကောင် စီစစ်ကြောင်း ပစ်ခတ်ခံရပြီး ၆ ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်၊ ဇလုပ်အဝိုင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီအဖွဲ့ကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့များက စက်တင်ဘာလ ၁၃ ရက် ယမန်ည ၁၀ နာရီ၌ အလစ်ဝင်တိုက်ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီကင်းပုန်းကို Black Dragon Special Task Force နှင့် God of Monywa People Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကူများ ရောက်ရှိလာသဖြင့် လက်နက်ကောက်ယူရန် အခွင့်မသာခဲ့ကြောင်း Black Dragon အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ညောင်ပင်ရွာမှ ဝါဘိုးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့တွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး ဒဏ်ရာပြင်းထန်ကြောင်း MG6 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ကို MG6 ပြောက်ကျားတပ်ဖွဲ့၊ YSO NO1ပြောက်ကျားတပ်နှင့် YLK NEW POWER PDFတို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF တစ်ဦး ကျည်ထိ ဒဏ်ရာရသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရှိရသည်။

“၆ ဦး ဒဏ်ရာရတယ်လို့ ကျနော်တို့ ကင်းထောက်တွေဆီကနေ သိရပါတယ်။ သူတို့တွေကို စက်လှေနဲ့ ရေစကြိုဘက်ကို သယ်သွားတယ်လို့ ထပ်သိရပါတယ်။ သေ၊ မသေကိုတော့ အတည်ပြုလို့မရသေးဘူး” ဟု MG6 ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ khit thit

« Older Entries