စစ်ကောင်စီ ဖိတ်ခေါ်သည့် ဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီမတက်ရန် မွန်လူထုအများစု သဘော ထားရှိ

မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဖို့ မွန်ပြည်သူလူထုအများစုက သဘော ထားရှိကြတယ်လို့  စစ်တမ်းအရသိရပါတယ်။

မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ နေပြည်တော်ကိုသွားရောက် တွေ့ဆုံမှုဟာ လက်ရှိအခြေအနေအရ မဖြစ်သင့်တော့သလို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပြီလို့လည်း မွန်လူငယ်တွေက ပြောဆိုလိုက်ပါတယ်။

မွန်လူငယ်တွေ ဦးဆောင်တည်ထောင်ထားတဲ့ လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ စစ်တမ်းအရ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီ ဒု တိယအကြိမ် ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ဖို့ စစ်တမ်းဖြေဆိုသူ ၉၁ ရာခိုင်နှုန်းကျော် သဘောထားပေးခဲ့တယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ စစ်တမ်းအရ ဝင်ရောက်ဖြေဆိုသူ ၇၃၇ ဦးမှာ ၆၉၂ ဦးဖြစ်တဲ့ ၉၁ ရာခိုင်နှုန်းကျော်က မတက်ရောက်ဖို့ သဘောထာပေးခဲ့ပြီး ကျန်ရှိတဲ့ ၆၅ ဦးဖြစ်တဲ့ ၉ ရာခိုင်နှုန်းကသာ တက်ရောက်သင့်ကြောင်း ဆန္ဒပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လဂွန်းအိမ်စာစဉ်ကတော့ ဒီစစ်တမ်းဟာ မွန်ပြည်သစ်ပါတီအပေါ် မွန်ပြည်သူတွေရဲ့ ဆန္ဒကို သိရှိလိုတဲ့အတွက် ကောက်ယူထုတ်ပြန်ရတာလို့ ဆိုပါတယ်။

လဂွန်းအိမ်စာစဉ် တာဝန်ရှိသူ တစ်ဦးကလည်း မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးတာ မဖြစ်သင့်တော့ဘူးလို့ မှတ်ချက်ပြုပါတယ်။

မွန်လူငယ်တစ်ဦးကလည်း စစ်ကောင်စီဟာ အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ် ပြောင်းဖို့ ပြောဆိုလာပြီးနောက် မွန်လူထုအတွင်း စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ရောက်ဖို့ သဘောထားရှိလာတယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဟံသာဝတီပျက်သုဉ်းခြင်း ၂၆၅ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကနေ ၂၅ ရက်အထိ နေပြည်တော်မှာ စစ်ကောင်စီနဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးခဲ့တာပါ။ လက်ရှိမှာတော့ စစ်ကောင်စီဟာ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးဖို့ မွန်ပြည်သစ်ပါတီကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

မွန်လူငယ် တစ်ဦးကတော့ လက်ရှိအခြေအနေမှာ မွန်ပြည်သစ်ပါတီအနေနဲ့လည်း တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် တိုက်ပွဲဝင်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီအပေါ် ကောက်ယူထားတဲ့ စစ်တမ်းအပြင် မွန်လူငယ်တွေရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောခွင့်ရသူ နိုင်အောင်မငေး အပါအဝင် ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်တို့ကို ဒီဗွီဘီက ၁၀ ကြိမ်ထက်မနည်းဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီကတော့ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရတာဟာ အန်စီအေစာချုပ်အပေါ် အခြေခံပြီး နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ မူဝါဒအရ တက်ရောက်ရတာလို့ ပြီးခဲ့တဲ့ မေလတုန်းက စစ်ကောင်စီနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးပြီးနောက်  ဒီဗွီဘီကိုပြောဆိုထားတာပါ။

မွန်ပြည်သစ်ပါတီဟာ အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ မဖြစ်ပွားတာလည်း ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s